(ဓါတ်ပုံ – ရိုက်တာ / စိုးဇေယျာထွန်း)

 လာမည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ မြန်မာနိုင်ငံတွင် နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူမှုများ မစတင်မီနှစ်ပတ်ခန့်အလိုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီအား 7Day News က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။

ဝန်ကြီးက သန်းခေါင်စာရင်းအကြောင်း လူအများစိုးရိမ်နေကြသည့် ပိုင်ဆိုင်မှုပြဿနာများ၊ တိုင်းရင်းသား ၁၃၅ မျိုး စာရင်းသတ်မှတ်ချက်နှင့် ရိုဟင်ဂျာ၊ ဘင်္ဂါလီအငြင်းပွားနေမှုများအကြောင်း တွေ့ဆုံမေးမြန်းခန်းအတွင်း ဖြေကြားခဲ့သည်။

ယင်းတို့အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- သန်းခေါင်စာရင်းကို အတွေ့အကြုံမရှိတာ အစိုးရဘက်ရော ပြည်သူရော နှစ်ပေါင်း ၃၀။ တချို့ဆို ၃၀ ထက်မကဘူးပေါ့။ ၀န်ကြီးတို့အနေနဲ့ တချို့အခက်အခဲတွေကို ကြိုတင်မျှော်မှန်းထားမှာပေါ့။ ဒါပေမဲ့ မမျှော်လင့်တဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။ အကြီးဆုံးစိန်ခေါ်မှုတွေက ဘာတွေရင်ဆိုင်နေရပါသလဲ။ လက်ရှိအချိန်မှာပေါ့။

ဖြေ- စိန်ခေါ်မှုကတော့ အမျိုးမျိုးပေါ့ဗျာ။ နံပါတ်တစ်က ဥပမာဆိုပါစို့။ လူမျိုးစု ၁၃၅ မျိုးကို မူတည်ပြီးတော့ ကောက်လိုက်တယ်ဆိုတဲ့အခါကျတော့ ဘာဖြစ်လို့ ၁၃၅ မျိုးအပေါ်မူတည်ပြီး ကောက်လိုက်သလဲ။ ၁၃၅ မျိုးဟာ တချို့လူမျိုးတွေနဲ့ပတ်သက်ပြီးတော့ သတ်ပုံသတ်ညွှန်းတွေ မှားနေတယ်။ တချို့လူမျိုးတွေက မရှိတော့ဘူး။ တချို့လည်း လူမျိုးသစ်တွေက အရင်ကောက်တုန်းက၊ မပါသွားဘူး စသဖြင့် ဒီလိုအချက်တွေ ရှိပါတယ်။ အရင်အစဉ်အဆက် ကောက်တုန်းက ဒီအပေါ်မှာ အခြေခံခဲ့တာပေါ့။ ၁၉၃၂ ခုနှစ်လောက်က ဗြိတိသျှကိုလိုနီလက်ထက်တုန်းကလည်း ဒီလိုလူမျိုးစုတွေဆိုပြီး ဒီလိုပါခဲ့ဖူးတယ်။ ၁၉၇၃ သန်းခေါင်စာရင်းကောက်တော့လည်း ဒီအပေါ်မှာ အခြေခံတယ်။ ၁၉၈၃ သန်းခေါင်စာရင်းကောက်တော့လည်း ဒီအပေါ်မှာ အခြေခံတယ်။ အခုအချိန်ထိလည်း ၁၃၅ မျိုးဆိုတာ ပြင်ဆင်ပြောင်းလဲထားတာ မရှိသေးတဲ့အခါကျတော့ တရားဝင်ကိန်းဂဏန်းတွေ ဖြစ်နေတာပေါ့။ သို့သော် ဒါကို မှန်တယ်လို့ ကျွန်တော်တို့ တရားသေဆုပ်ကိုင်ပြီး ပြောနေတာမဟုတ်ပါဘူး။ အခုလို အငြင်းပွားမှုတွေ ရှိနေတဲ့အတွက်ကြောင့် ပြင်ချင်လို့ ကျွန်တော်တို့က ဒါကိုကောက်လိုက်တာ။ ပြင်ဖို့ဆိုတာက လူအားလုံးရဲ့ဆန္ဒပါမှ ဖြစ်တယ်။ တစ်ဖွဲ့ကလာပြော၊ တစ်ယောက်က လာပြောတယ်ဆိုရုံနဲ့ ဒါလူအားလုံးရဲ့ဆန္ဒလို့ ပြောလို့မရဘူး။ အဲဒီတော့ လူအားလုံးက ဒါဖြင့်မှားနေတယ်၊ ပြင်ဖို့အတွက် ခင်ဗျားကတော့ ဘယ်လိုဆန္ဒရှိလဲ၊ အားလုံးလိုက်မေးဖို့ လိုတာပေါ့။ လူမျိုးစုအားလုံး လိုက်မေးဖို့လိုပါတယ်။ လိုက်မေးဖို့ဆိုတဲ့ လုပ်ငန်းစဉ်က သန်းခေါင်စာရင်းပဲလေ။ အဲဒီလို လုပ်ငန်းကိုလုပ်ပြီးမှ ပေါ်လာတဲ့ ကိန်းဂဏန်းတွေကို ဒုတိယအဆင့်ကျမှ သက်ဆိုင်သူအားလုံး ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြတာ မကောင်းဘူးလား။ ဒါတွေလည်း ကျွန်တော်တို့ ရှင်းရပါတယ်။ အလားတူပဲ တချို့မေးခွန်းတွေကတော့ ကြိုတင်မျှော်လင့်ထားတာပေါ့။ ဘာဖြစ်လို့ ကြိုပြီးတော့ တိုင်းရင်းသားတွေနဲ့ မတိုင်ပင်ခဲ့လဲဆိုတော့ ကျွန်တော် စောစောကပြောသလိုလေ အတည်ပြုပြီးသား ကိန်းဂဏန်းဖြစ်နေတယ်။ ဒါကို ကျွန်တော်ဖျက်ပစ်လို့မရဘူး။ ဒါကို ပြင်ဖို့ဆိုတာက အားလုံးရဲ့ဆန္ဒ ပြန်ယူဖို့လိုတယ်။ အားလုံးရဲ့ဆန္ဒကို မယူသေးဘဲနဲ့ ဒီမှာသွားပြင်ဖို့ အာဏာလည်းမရှိဘူး။ ကောင်းတာကတော့ ခုနလိုအားလုံးကို မေးပြီးမှပြင်ဖို့က ပိုပြီးသင့်တော်တဲ့အတွက်ကြောင့် အားလုံးကို ကောက်ပြီးမှ ပြန်တိုင်ပင်တာ မကောင်းဘူးလား။ ကြိုတိုင်ပင်နေရင် အလုပ်က ကြန့်ကြာပြီး မဖြစ်ဘူးလေ။ အချိန်တွေကြာနေမယ်။ ဒီကာလအတွင်း လုပ်လို့ရမှာမဟုတ်ဘူး။ ဒီလိုလုပ်တာကိုက စုစုပေါင်း လေးနှစ်နီးပါးလောက်ကြာတဲ့ စီမံကိန်းကြီးဖြစ်တာကိုး။ အားလုံးကောက်ပြီးမှ တိုင်ပင်တာပိုကောင်းတယ်။ တိုင်တော့တိုင်ပင်မယ်။ အရင်နဲ့ နောက်တိုင်ပင်တာ နှစ်ခုမှာ နောက်ဟာ ပိုပြီးကောင်းတယ်လို့။ ဒါကလည်း တော်တော်များများ ရှင်းရတဲ့ကိစ္စ။ နောက်တစ်ခုက မထင်မှတ်ပဲဖြစ်လာတဲ့ မေးခွန်းတွေက နောက်ကို တစ်လလောက် ရွှေ့ပေးပါဆိုတဲ့ မေးခွန်းမျိုးဖြစ်တယ်။ ကျွန်တော်တို့က စဉ်းစားကြည့်တာပေါ့။ ဒီမှာ စာရင်းကောက်ဖို့သုံးတာ အများစုက ပညာရေးဝန်ထမ်းတွေဖြစ်တယ်။ ဒီကာလက ပညာရေးဝန်ထမ်းတွေ ကျောင်းပိတ်တဲ့အချိန်။ နောက်ထပ် ပညာရေးနှစ်အစ မစသေးတဲ့အချိန် စာရင်းကောက်တဲ့သူတွေအတွက် အကောင်းဆုံးအချိန်တွေ ဖြစ်တယ်။ အကောက်ခံရတဲ့ သန်း ၆၀ သော ပြည်သူတွေ ကိုယ့်အိမ်ကိုယ့်ရာမှာ အရှိဆုံးအချိန်က ဒီအချိန်ပဲ။ ဒါ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်ပေါင်းဆယ်နှစ်စာအထိ ကျွန်တော်တို့ မှတ်တမ်းလုပ်ထားပြီးသား ဖြစ်တယ်။ အခုအချိန်က အကောင်းဆုံးအချိန်ပဲ။ ကောက်တဲ့လူလည်း အဆင်ပြေတယ်။ အကောက်ခံရတဲ့လူလည်း
အဆင်ပြေတယ်။ နောက်တစ်ချက်က တချို့နေရာတွေမှာ ဥပမာ ကချင်ပြည်နယ် ပူတာအိုလို နေရာမျိုးတွေမှာ ၁၄ ရက်၊ ၁၅ ရက်သွားရတယ်။ လချီပြီး ကုန်းကြောင်းလျှောက်ရတာ ရှိတယ်။ အဲဒီလိုနေရာတွေမှာ ဒီထက်နောက်ကျသွားမယ်ဆိုရင် နှင်းတွေအရည်ပျော်တာ၊ မြင်ကွင်းတွေပိတ်တာ စသည်ဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဒါ့ထက်နောက်ကျသွားရင် ပစ္စည်းတွေ ပျက်တာစီးတာနဲ့ သယ်လို့မရတာတွေ ဖြစ်ကုန်မယ်။ အဲဒီတော့ ရွှေ့မယ့်ရွှေ့ရင်တော့ တစ်လတော့ ရွှေ့လို့မရဘူး။ နောက်နှစ် ဒီအချိန်ထိ ရွှေ့မှရမယ့်သဘောရှိတယ်။ ဒီလိုပြန်ရှင်းပြရတာပေါ့။ အဲဒီတော့လည်း အများစုနားလည်သွားတဲ့ သဘောလည်း ရှိတာပေါ့။ အဲဒီတော့ မမျှော်လင့်တဲ့ အဲဒီလို မေးခွန်းမျိုးလည်း ရင်ဆိုင်ရတာရှိတာပေါ့။ တချို့ဟာလည်း မျှော်တော့မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ ဒီလောက်ကြာကြာရှင်းရလိမ့်မယ် မထင်တဲ့ဟာလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူပြည်သားတွေ အများစုကတော့ ဒီအပေါ်မှာ လက်ခံယုံကြည်သွားကြတယ်လို့ ကျွန်တော်တော့ ရိုးသားစွာယုံကြည်ပါတယ်။

မေး- ၀န်ကြီးတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေလည်း ပါတာတွေ့ရပါတယ်။ သူတို့နဲ့ကော ဘယ်လိုနားလည်မှု ယူထားလဲ။ ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပါသလဲ။

ဖြေ- ကျွန်တော်ကိုယ်တိုင်ကလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင် ဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတိုင်းလိုလိုမှာ ကျွန်တော်ပါတာပေါ့။ ပြည်တွင်းမှာလည်း ကျွန်တော်ပါတယ်။ နယ်စပ်မှာလည်း ပါတယ်။ ပြည်ပမှာလည်း ပါတယ်။ တွေ့ကြတိုင်းမှာလည်း ကျွန်တော်က ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရင်း ဒါလေးကိုလည်း လွန်ခဲ့တဲ့ ၂ နှစ် ၊ ၃ နှစ်ကတည်းက ဆွေးနွေးပါတယ်။ ကျွန်တော်တို့မှာ သန်းခေါင်စာရင်းကောက်ဖို့ရှိတယ်။ သန်းခေါင်စာရင်းရဲ့ တကယ့်ရည်မှန်းချက်တာဝန်က ဘာတွေဖြစ်တယ်။ ဒါက ပြည်သူပြည်သားတွေရဲ့အကျိုးဖြစ်တယ်။ ဒါတွေက အားလုံးပါဝင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်စသည်ဖြင့် ဒီလိုပြောတော့၊ ကြိမ်ဖန်များစွာပြောတော့ တိုင်းရင်းသားညီအစ်ကိုတွေလည်း သိရှိနားလည်လက်ခံကြတဲ့သဘော ဖြစ်ပါတယ်။ နယ်စပ်တွေမှာ သွားပြီးရှင်းပြတာရှိတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာရှိတယ်။ နောက်သီးခြားစိတ်ဝင်စားလို့ KNU အဖွဲ့အစည်းတို့၊ ABSDF အဖွဲ့အစည်းတို့၊ PNLO အဖွဲ့အစည်းတို့၊ RCSS/SSA အဖွဲ့အစည်းတို့ စသည်ဖြင့် အဖွဲ့အစည်းတွေနဲ့ရုံးမှာ သီးခြားတွေ့ဆုံပြီးတော့ ၂ နာရီခွဲ၊ ၃ နာရီလောက် ရှင်းပြတာရှိတယ်။ သူတို့ကိုယ်တိုင်က သူတို့နယ်မြေမှာ ဆင်းပြီးတော့ လိုက်ပြီးတရားဟောတာတွေရှိတယ်။ အကြမ်းဖျင်းပြောလို့ရှိရင်တော့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနီးပါးက ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိနေပြီး၊ ကျွန်တော်တို့လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေပြီး အခုဖွင့်မယ့် စာရင်းစစ်စာရင်းကောက်သင်တန်းတွေမှာလည်း လာပြီးတော့တက်ဖို့အတွက် လုပ်နေကြပြီ။

ဥပမာ-ကျွန်တော်ဆို ငြိမ်းချမ်းရေးမှာ ကရင်ပြည်နယ်နဲ့ပတ်သက်ပြီး တာဝန်ယူတယ်ပေါ့။ အဲဒီမှာဆိုရင် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒိုအားတိုဆိုရင် သူကိုယ်တိုင် ဦးဆောင်ပြီးတော့ သူ့ရဲ့ တပ်မဟာနယ်မြေတွေမှာ ဟောတာပြောတာ ရှင်းတာလင်းတာနဲ့ အောက်မှာရှိတဲ့ ခရိုင်မှူးတွေ တပ်မမှူးတွေကလည်း ကျွန်တော်တို့ဆီက တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တယ်။ ဒါတစ်ခုတည်းကို ကျွန်တော်က ဥပမာထုတ်ပြတာပါ။ အပြည့်အ၀ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီပေါ့။ ၈၃ ခုနှစ်ကဆိုရင် ဒီလိုနယ်မြေတွေ မပါခဲ့ဘူး။ ကရင်ပြည်နယ်မှာဆိုရင် ကျေးရွာအုပ်စု တော်တော်များများမပါခဲ့ဘူး။ အခုမှာကတော့ မပါတာ ကျွန်တော်ထင်တယ် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားညီအစ်ကိုတွေက ၀င်ပြီးတော့ စာရင်းပေးပြီကိုး။ ကျွန်တော်တို့မသိတဲ့ ရွာတောင်ပါနေပြီ။ အိုင်ဒီပီလို့ဆိုတဲ့ စခန်းတွေကို ကျေးရွာတွေအဖြစ်နဲ့ ကောက်ကွက်ထဲပါနေပြီ။ ဒါကတော့ ကရင်ပြည်နယ်ကို ဥပမာပြတာပေါ့။ တခြားနေရာမှာလည်း ဒီလိုပဲပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ ပူးပေါင်းပါဝင်မှုတွေ အပြည့်အ၀ရှိနေပါတယ်လို့ ကျွန်တော် ဒီလိုပြောချင်ပါတယ်။ ၁၉၈၃ ခုနှစ်ကထက် စာရင်းအများကြီး လွှမ်းခြုံနိုင်ပါတယ်။
ကိန်းဂဏန်းတွေကမပြီးသေးလို့ တိကျစွာမပြောသေးတာပါ။

မေး- သန်းခေါင်စာရင်းကောက်တာကို မူဝါဒအားဖြင့် ကြိုဆိုတာရှိသလို တစ်ချိန်တည်းမှာလည်း စိုးရိမ်စိတ်တွေရှိပါတယ်။ တချို့က သူတို့ရဲ့ပိုင်ဆိုင်မှုတွေ (သို့တည်းမဟုတ်)သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြေဆိုလိုက်ရင် အရေးယူခံရလေမလား စိုးရိမ်စိတ်တွေလည်းရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး။

ဖြေ- အဲဒါလဲဗျာ။ ကျွန်တော်လည်း ကြိမ်ဖန်များစွာ ရှင်းပြတာပေါ့။ မေးခွန်းနံပါတ် ၂၉ ထင်တယ်။ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ကျွန်တော် ပြောပါတယ်။ ကျွန်တော်ပြောတာမယုံဘူးထားပါ။ ဥပဒေအရ ကာကွယ်ပေးထားတာကို မယုံဘူးလို့ထားလိုက်ပါဦး။ ပကတိဖြစ်ရပ်နဲ့ နှိုင်းယှဉ်စဉ်းစားလို့ရပါတယ်လို့။ ဥပမာ အဲဒီမေးခွန်းမှာ သင့်အိမ်ထောင်စုမှာ အောက်ပါပစ္စည်းများ ရှိပါသလားလို့မေးတာ၊ ပစ္စည်း ၁၃ မျိုးလောက်ရှိတယ်။ ရှိပါသလားလို့မေးတာ ပိုင်ပါသလားလို့ မေးတာမဟုတ်ဘူးလေ။ ရေဒီယိုရှိပါသလား၊ ရုပ်မြင်သံကြားရှိပါသလား မေးတာပါ။ ဘယ်နှလုံးလဲလို့ မေးတာမပါဘူး။ ဘာလို့ ရုပ်မြင်သံကြားရှိပါသလားလို့မေးလဲ။ ရေဒီိယိုရှိသလားလို့မေးလဲ။ မီဒီယာနဲ့ ထိတွေ့မှု (media access) ဘယ်လောက်ရှိလဲမေးတာ။ ခင်ဗျားအိမ်မှာ တယ်လီဖုန်း ၁၀ လုံးရှိလား၊ ရုပ်မြင်သံကြား ၁၀ လုံးရှိလား၊ ငါးလုံးရှိလား၊ အဲဒီလိုမပါဘူး။ ဘယ်နှလုံးဆိုတာလဲမပါဘူး။ ပိုင်သလားလို့လည်းမပါဘူး။ ဘယ်ကငွေနဲ့ဝယ်သလဲလို့လည်း မေးတာမဟုတ်ဘူး။ နောက် ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်မှု ငွေဘယ်လောက်ရှိလဲ။ ဘယ်ဘဏ်မှာထားလဲ။ ဆွဲကြိုးဘယ်လောက်ရှိလဲ၊ လက်ကောက်ဘယ်လောက်ရှိလဲ၊ နားကပ်ဘယ်လောက်ရှိလဲ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်မှုတွေ ဘာမှမေးတာမရှိဘူး။ ကျွန်တော်ပြောတာမယုံဘူး၊ ဥပဒေအရမယုံဘူးဆိုရင်တောင် တကယ့်လက်တွေ့အရ စဉ်းစားကြည့်လိုက် ဘယ်လိုမှ အခွန်ကောက်လို့မရဘူးဆိုတာ ရှင်းရှင်းလေးပါ။ အဲဒီအချက်နဲ့ အခွန်ကောက်လို့မရပါဘူး။

မေး- ရခိုင်မှာဆိုလည်း သူတို့မှာ စိုးရိမ်စိတ်တွေရှိတယ်။ ရိုဟင်ဂျာရှိတယ်မရှိဘူး။ စကားလုံးတွေကြားမှာ ရိုဟင်ဂျာကိုထည့်သွင်းပြီး ဖြေတယ်ဆိုရင် တော်တော်လေးကို စိုးရိမ်တာရှိတယ်လို့ကြားတယ်။ ဟိုတစ်နေ့က ရိုဟင်ဂျာလို့ထည့်ရင် သပိတ်မှောက်မယ်လို့လည်းကြားတယ်။ ရခိုင်တိုင်းရင်းသားရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝန်ကြီးအနေနဲ့ ဘယ်လိုပြောချင်တာရှိလဲ။

ဖြေ- ဒါတွေဟာ အင်မတန်မှ သိမ်မွေ့တဲ့ကိစ္စတွေဖြစ်ပါတယ်။ နားလည်မှုလွဲမှာစိုးပါတယ်။ ကျွန်တော်တို့ကလည်း အမြဲတမ်းပြောသလိုပါပဲ။ အမျိုးသားရေးနဲ့ နိုင်ငံတော်လုံခြုံရေးကို မပျက်ပြားအောင် ဆောင်ရွက်နေပါတယ်ဗျာ။ အချိန်မတန်သေးဘဲနဲ့ နားလည်မှုပျက်ပြားသွားမှာ အများကြီးစိုးရိမ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တည်ငြိမ်ငြိမ်းချမ်းမှုတွေ မပျက်ပြားအောင်၊ National Security (အမျိုးသားလုံခြုံရေး)၊ National Interest (အမျိုးသားအကျိုးစီးပွား)တွေ မပျက်ပြားအောင် ဆင်ခြင်ဆောင်ရွက်နေပါတယ်လို့ အဲဒီလောက်ပဲ ဖြေကြားပါရစေ။

မေး- လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြိုတင်သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။ ကြိုတင်သန်းခေါင်စာရင်းကောက်ယူမယ့်အချိန်နဲ့ တစ်နိုင်ငံလုံးကောက်ယူမယ့်အချိန်က မတူတော့ အချက်အလက်လွဲမှားမှုတွေကို ဘယ်လို စီမံဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ- ကြိုတင်သန်းခေါင်စာရင်းကို မိုင်းလားဒေသနဲ့ ကိုကိုးကျွန်း၊ ပူတာအိုခရိုင်တို့တွေမှာ စ,နေပါတယ်။ ပြီးတော့ မပြီးသေးပါဘူး။ ကြိုတင်သန်းခေါင်စာရင်းကောက်တာဟာ ဥပဒေအတိုင်းလုပ်တာပါ။ တစ်ကမ္ဘာလုံး ဒီလိုပဲလုပ်ကြပါတယ်။ တချို့နေရာတွေက ကောက်လို့ခက်ခဲလို့ ကြိုတင်ကောက်ကြတာပါ။ ရည်ညွှန်းချိန်နှစ်ခုဖြစ်ပေမယ့် အဲဒီဒေသတွေဟာ တစ်နိုင်ငံမှာ နေထိုင်တဲ့ သန်း ၆၀ နဲ့ နှိုင်းယှဉ်လိုက်ရင် သိပ်ပြီးထူးထူးခြားခြား ပြောင်းလဲတာ ရှိမှာမဟုတ်ပါဘူး။ ဒီလိုကောက်တာဟာ နိုင်ငံတကာစံနှုန်းအတိုင်း လုပ်တာပါ။

မေး- သန်းခေါင်စာရင်းကောက်ဖို့ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ထောက်ပံ့မယ်လို့သိရပါတယ်။ အခု ဘယ်အတိုင်းအတာအထိ ကျခံသုံးစွဲနေလဲသိပါရစေ။

ဖြေ- ဒါကတော့ UNFPA က အသေးစိတ်သိပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်းလောက်ကုန်မယ်လို့ မှန်းတယ်။ နိုင်ငံတော်အစိုးရက ၁၅ သန်းစိုက် ထုတ်ထားတယ်။ ယူအင်န်က ဒေါ်လာငါးသန်းလောက်ပေးတယ်။ ကျန်တာတွေတော့ တခြားနိုင်ငံက ကူကြမယ်ပြောပါတယ်။ ကုန်ကျမယ့်စရိတ် မလောက်ဘူးဆိုရင်လည်း ကိုယ့်နိုင်ငံအရေးမို့ နိုင်ငံကဆောင်ရွက်နေမှာပါ။ ငွေကြေးအသေးစိတ်စာရင်းကတော့ UNFPA မှာ ရှိပါတယ်။ ကိန်းဂဏန်းမှားမှာစိုးလို့ မပြောတော့ပါဘူး။ UNFPA က နည်းပညာအကူအညီတွေ ပေးပါတယ်။

မေး- တိုင်းရင်းသားလူမျိုးစုတွေထဲမှာ ဥပမာ မြို-ခမီလူမျိုးစုမှာ တချို့သောသူက မြိုအဖြစ်ရပ်တည်ချင်တယ်။ တချို့သောသူက ခမီ (သို့မဟုတ်) ခူးမီအနေဖြင့် ချင်းတိုင်းရင်းသားထဲ ၀င်ချင်ကြတယ်။ တိုင်းရင်းသားအချင်းချင်းကြားမှာ ဘယ်လူမျိုးစုထဲကိုပါချင်တယ်၊ ဘယ်လူမျိုးစုထဲကိုတော့ မပါချင်ဘူး စတဲ့အငြင်းပွားမှုတွေက ပိုကြီးထွားလာတဲ့ ပြဿနာတွေ ဖြစ်လာတဲ့အခါကျရင် ၀န်ကြီးတို့အနေနဲ့ ဘယ်လိုဖြေရှင်းပေးမှာလဲ။

ဖြေ- ကျွန်တော်တို့ကတော့ သတ်ပုံ၊ သတ်ညွှန်းတွေ မှားနေတယ်၊ တချို့တွေက မရှိတော့ပါဘူး။ တချို့တွေက အသစ်ဖြစ်တယ်ဆိုတာလေးကို ဖြေရှင်းပေးချင်တဲ့ဆန္ဒနဲ့ ဒီလိုသန်းခေါင်စာရင်းကို အမှန်တိုင်းကောက်ချလိုက်တာ။ အဲဒီပြီးတဲ့အခါကျမှ ဒုတိယတစ်ဆင့်မှာ ဒီလိုတော့ နာမည်တွေရပြီ၊ ဒီလိုတော့ပေါ်ပြီ၊ ဒါကို ဘယ်လိုဆုံးဖြတ်ချကြမလဲ။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေ၊ ကျွမ်းကျင်တဲ့ဌာနတွေ၊ သက်ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်တွေက ဆွေးနွေးရမယ့်သဘောဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးချင်လို့ပါ။ ဒီလိုမဖြေရှင်းချင်ရင် တိုင်းရင်းသား ၁၃၅ မျိုးကို မမေးရင်လည်း ဖြစ်နိုင်တာပေါ့။ ဘာဖြစ်လို့ ကောက်ရတာလဲဆိုရင် အခုလို ပြင်ဆင်ပေးစေလိုတဲ့ ပြည်သူဆန္ဒကို အလေးထားလို့ ဆောင်ရွက်ပေးရတာပါ။ ဒီလိုမှ မဆောင်ရွက်ပေးဘူးဆိုရင် သတ်ပုံသတ်ညွှန်းမှားနေပါတယ်၊ ခုနလို တချို့တွေ ကျန်ခဲ့ပါတယ်ဆိုတဲ့ဟာတွေ နောင်ဆယ်နှစ်အထိ ဆက်သွားနေဦးမယ်။ ပြည်သူတွေရဲ့လိုအပ်ချက်အရ ဆောင်ရွက်ပေးရခြင်းသက်သက်ဖြစ်ပါတယ်။

မေး- လူဦးရေ သန်းခေါင်စာရင်းကောက်ယူပြီးတဲ့အခါ ရရှိလာတဲ့ အချို့အချက်အလက်တွေဟာ ထိလွယ်၊ ရှလွယ် စာရင်းအချက်အလက်တွေလည်း ပါနေတော့ ဒီလိုအချက်အလက်တွေကို ဥပဒေအရ ကာကွယ်ပေးမယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ ဒီလိုအချက်အလက်တွေကို ဥပဒေအရ တားဆီးထားပေမယ့် အပြင်ကို ချိုးဖောက်ထွက်လာရင် ချိုးဖောက်သူကို ဥပဒေအရ ဘယ်လိုအရေးယူဖို့ရှိပါသလဲ။

ဖြေ- သန်းခေါင်စာရင်းဥပဒေမှာ ပါပြီးသားပါ။ ဘယ်ပြစ်မှုမျိုးကိုချိုးဖောက်ရင် ထောင်ဒဏ်ဘယ်လောက်၊ ငွေဒဏ်ဘယ်လောက် ပါပြီးသားပါ။ လျှို့ဝှက်ထားမယ့်ကိစ္စကို ချိုးဖောက်ရင် ထောင်ဒဏ်ဘယ်လောက်။ ငွေဒဏ်ဘယ်လောက်။ လိုက်နာရမယ့်ဟာတွေရှိတယ်။ ရှောင်ရမယ့်ဟာတွေရှိတယ်။ ဥပဒေမှာ သတ်မှတ်ထားတယ်။ အသေးစိတ် သတ်မှတ်ထားပါတယ်။

မေး- သန်းခေါင်စာရင်းကောက်ပြီးသွားရင် အချက်အလက်တွေကို ဘယ်လိုထုတ်ပြန်သွားဖို့ရှိပါသလဲ။

ဖြေ- အဲဒါကတော့ အပိုင်းအလိုက် လုပ်ဖို့ရှိပါတယ်။ သန်းခြောက်ဆယ်ကို ဒီနေ့ကောက်ပြီး နောက်နေ့ကြေညာလို့မရဘူး။ ဘယ်ကာလလောက်ကျရင် ဘယ်အပိုင်းကို ထုတ်ပြန်ပေးမယ်။ တွက်ချက်ပြီးတော့ ပြောပါမယ်။ ဆိုပါစို့၊ တိုင်းပြည်မှာ လူဦးရေဘယ်လောက်ရှိတယ်၊ အမျိုးသား ဘယ်လောက်ရှိတယ်၊ အမျိုးသမီး ဘယ်လောက်ရှိတယ်ဆိုတာတော့ ဘယ်နှလအကြာမှ ထုတ်လို့ရမယ်၊ ဘယ်အပိုင်းကတော့ ထပ်ပြီးလုပ်ရဦးမယ်၊ ဒီလိုပါသေးတာကိုး။ ဆိုလိုတာက သန်းခြောက်ဆယ်လေး ကောက်ပြီးတာနဲ့ ၀န်ထမ်းတွေက နေ့ညမပြတ်အဆိုင်းတွေနဲ့ လုပ်ရဦးမယ်။ ကောက်ကောက်ပြီးချင်း ချက်ချင်းထုတ်ပြန်လို့မရဘူး။ ၁၂ သန်းသော အိမ်ထောင်စုမေးခွန်းတွေကို လိုက်စုစည်းရဦးမယ်။ တွက်ချက်ရဦးမယ်။ အိုအမ်မာစက်တွေနဲ့ ဂဏန်းတွေဖတ်ရဦးမယ်၊ ပြန်တွက်ရဦးမယ်။ တချို့နိုင်ငံတွေဆိုရင် လေးငါးနှစ်ကြာမှ ကြေညာလို့ရတယ်။

မေး- သန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စဟာ နိုင်ငံရေးမဟုတ်ဘူး။ ဖွံ့ဖြိုးရေးသွားမယ့်ကိစ္စဆိုပြီး ၀န်ကြီးတို့ မကြာခဏပြောနေကြတယ်ပေါ့။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က အခုချိန်ထိတောင် နိုင်ငံရေးဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းရေးရတဲ့အထိ မဖြစ်သေးတော့ သူတို့ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ မစချင်ကြသေးဘူး။ ဒီသန်းခေါင်စာရင်းကိစ္စကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ပြီးမှ ကောက်စေချင်တယ်။ ၀န်ကြီးတို့အနေနဲ့ သူတို့ရဲ့တောင်းဆိုချက်အပေါ် ဘယ်လိုဖြေကြားချင်ပါသလဲ။

ဖြေ- ပြောကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကျွန်တော်တို့နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်တွေ ရေးထိုးပြီးပြီ။ ဒါဟာ ကောင်းတဲ့အခြေအနေ၊ ပူးပေါင်းပါဝင်တဲ့ အခြေအနေပါ။ ဒီလိုအခြေအနေကောင်းမှာ ဒီကိစ္စကို ဆောင်ရွက်တာ သင့်တော်တယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စ အဆင့်ဆင့်အကုန်ပြီးမှ ဆောင်ရွက်မယ်ဆိုရင် စောင့်ရဦးမှာပေါ့။ ဘာလို့လဲဆိုတော့ ညှိကြ၊ နှိုင်းကြဦးမှာကိုး။ ဒီဥစ္စာကလည်း အားလုံးအတွက် အကျိုးရှိတဲ့သဘောဖြစ်နေတာကိုး။ ကိုယ့်ဒေသမှာ ယောက်ျားဘယ်လောက်ရှိတယ်၊ မိန်းမဘယ်လောက်ရှိတယ်၊ ပညာအရည်အချင်းကဘယ်လို ဒါတွေသိထားမှ ဘာလုပ်ပေးဖို့လိုသလဲဆိုတာသိပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းက ကပ်ပါလာမှာ။ ငြိမ်းချမ်းရေးကိစ္စ အားလုံးဆွေးနွေးကြတုန်းဆိုတော့ ဘယ်လောက်ကြာရင်တော့ ပြီးမယ်လို့ တိကျစွာပြောလို့မရဘူး။ ဒါတွေအားလုံးပြီးမှ လုပ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေ ထပ်ပြီးတော့ နောက်ကျသွားလေဦးမလားပေါ့။ ဒီလိုတော့ ရှိတာပေါ့။ တိုင်းပြည်အတွက် လုပ်ပေးချင်လို့ကိုး။ နိုင်ငံအကျိုးအတွက်ဆောင်ရွက်တဲ့ သဘောထားဖြစ်ပါတယ်။

မေး- ဦးသိန်းစိန်အစိုးရမတက်ခင်ကတည်းက သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်ထားတယ်လို့ တိုင်းရင်းသားတွေဆိုပါတယ်။ ဒါဟာ စစ်အစိုးရလက်ထက်ကတည်းက စဉ်းစားထားတဲ့ မဟာဗျူဟာမြောက် သူတို့စာရင်းအင်းအခြေအနေတွေ သိချင်လို့ကောက်တာ။ ပြီးတော့ ဒါကို အစိုးရရဲ့ နိုင်ငံရေးကစားမှုထဲကတစ်ခုလို့ ရှုမြင်ကြတာလည်းရှိပါတယ်။ အဲဒီအပေါ် ၀န်ကြီးအနေနဲ့ ဘာများပြောချင်တာရှိပါသလဲ။

ဖြေ- သန်းခေါင်စာရင်းဆိုတာ ဒီနိုင်ငံအစိုးရတစ်ခုတည်း လုပ်တာမဟုတ်ဘူးလေ။ နိုင်ငံတိုင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းကို လုပ်ကြတာပါ။ သန်းခေါင်စာရင်းဟာ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တယ်ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံထားတယ်။ ယူအင်န်ကလည်း လက်ခံထားတယ်။ တစ်ကမ္ဘာလုံးမှာလည်း လုပ်နေကြတာ။ မြန်မာနိုင်ငံတစ်ခုတည်းကွက်ပြီး ပညာပြလုပ်တာမဟုတ်ဘူး။ ဒီနိုင်ငံ၊ ဒီအစိုးရတစ်ခုတည်းလုပ်တာမှ မဟုတ်တာလေ။ နိုင်ငံတိုင်းမှာ အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တိကျတဲ့ကိန်းဂဏန်းတွေ လိုချင်တဲ့အတွက် လုပ်ကြတာလေ။ ဒီမေးခွန်းတွေကလည်း တစ်ကမ္ဘာလုံးမှာ မေးနေတဲ့မေးခွန်းတွေ ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုတည်းကပဲ ထွင်ပြီးလုပ်တာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ စဉ်စားကြည့်နိုင်ပါတယ်။

မေး- ကချင်ပြည်နယ်မှာ KIA, KIO နဲ့ လည်း ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ တင်းမာနေဆဲ ဖြစ်နေတော့ လူဦးရေသန်းခေါင်စာရင်းကောက်ဖို့ သူတို့နဲ့ သီးသန့်သဘောတူညီချက်ထားတာရှိလား။ ဘာလို့လဲဆိုတော့ KIA ထိန်းချုပ်နယ်မြေအတွင်းမှာရှိနေတဲ့ လူတွေကို သန်းခေါင်စာရင်းကောက်မှာမို့လို့ KIA ဘက်က ပြန်ကြဖို့ပြောနေတာတွေရှိတယ်။

ဖြေ- တနိုင်းဘက်မှာ သတ္တုတူးဖော်ရေးလုပ်တဲ့လူတွေကို စာရင်းကောက်ရင် ကျန်နေခဲ့မှာစိုးလို့ ပြန်ခိုင်းတာလို့ကြားရပါတယ်။ သန်းခေါင်စာရင်းကောက်တော့မှာမို့လို့ ကိုယ့်ဒေသကို ကိုယ်ပြန်ကြပါလို့ ပြောသံကြားပါတယ်။ ဒီသတင်းက အင်မတန်ကောင်းပါတယ်။ သန်းခေါင်စာရင်းရဲ့ ရည်ရွယ်ချက်ကို တိုင်းရင်းသားညီအစ်ကိုတွေ လက်ခံယုံကြည်တဲ့သဘောလေး သက်ရောက်ပါတယ်။ ဒါပူးပေါင်းပါဝင်တဲ့သဘောပါ။ ကျန်ခဲ့မှာစိုးလို့ဖြစ်ပါတယ်။ တကယ်ကျတော့ ပြန်လာစရာမလိုပါဘူး။ ကိုယ့်ရပ်ရွာမှာ ကျန်ခဲ့တဲ့မိသားစုက ကိုယ့်မိသားစုဝင်တွေ ဘယ်နေရာမှာရှိနေတယ်ဆိုတာ ဒီလိုထည့်ပြောရင်ပါပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုကျန်ခဲ့မယ်ဆိုတဲ့အတွက် ပြန်လွှတ်တဲ့သဘောက ပူးပေါင်းပါဝင်တဲ့သဘောပါပဲ။ ကျွန်တော်တို့က KIO တစ်ခုတည်းမဟုတ်ဘူး။ KNU နဲ့လည်း ကောက်ဖို့အတွက် ကောက်ကွက်တွေ ဆွဲထားပါတယ်။ ကောက်ကွက်တွေက ကောက်တဲ့အခါကျမှသိမှာပါ။ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ထားပါတယ်။ ငြိမ်းချမ်းရေးပွဲတွေမှာလည်း ၀န်ကြီးကပါတော့ တွေ့တိုင်းပြောပါတယ်။ သူတို့တွေလည်း ပူးပေါင်းပါဝင်ကြမယ်လို့ ထင်ပါတယ်။

မေး- ၀န်ကြီးအနေနဲ့ နောက်ဆုံး ဘာများပြောချင်တာရှိလဲ။

ဖြေ- သန်းခေါင်စာရင်းဟာ တိုင်းပြည်ရဲ့ လက်ရှိနဲ့အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့အခါ ကိန်းဂဏန်းအချက်အလက်ရဖို့ ကောက်ယူတဲ့ လုပ်ငန်းစဉ်သက်သက်သာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်အစိုးရတစ်ခုတည်း လုပ်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးလုပ်နေကြတာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်းပါဝင်လို့ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နောက်ပြီး မှန်မှန်ကန်ကန် ဖြေကြားပေးဖို့လိုပါတယ်။ သန်းခေါင်စာရင်းက အစိုးရအတွက်သာ ကောက်တာမဟုတ်ပါဘူး။ အကောက်ခံရမယ့် ပြည်သူတွေအတွက် လုပ်ပေးတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန် ဖြေကြ

အိဖြူမွန်၊ ထွန်းခိုင် |7Day News Journal