ကရိုင်းမီးယားဒေသကို ရုရှားပိုင်နက် အတွင်းသို့ သွတ်သွင်းရေး ဥပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးပြီး တစ်ရက်အကြာ စနေနေ့တွင် ကရိုင်းမီးယား ဒေသရှိ ယူကရိန်း လေတပ်စခန်းကို ရုရှား လက်နက်ကိုင်တပ်များက သိမ်းယူလိုက်ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

ယူကရိန်းတပ်များသည် ယခုကဲ့သို့ လေတပ်စခန်းကို အသိမ်းပိုက် မခံရမီကလည်း ရုရှားလိုလားသော ဆန္ဒပြသမားများ၏ တိုက်ခိုက်မှုကြောင့် ကရိုင်းမီးယားဒေသရှိ ရေတပ်စခန်း တစ်ခုကို စွန့်လွှတ်ခဲ့ရပြီး စစ်သင်္ဘော နှစ်စင်းကိုလည်း ရုရှားတပ်များထံ အပ်နှံခဲ့ရပြီး ဖြစ်သည်။

ရုရှားတပ်များ သိမ်းပိုက်လိုက်သော အဆိုပါ လေတပ်စစ်စခန်းသည် ဘဲလ်ဘက်ခ် လေတပ်စစ်စခန်းဟု အမည်ရပြီး ကရိုင်းမီးယားဒေသကို ရုရှားတပ်များ ဝင်ရောက် ထိန်းချုပ်လိုက်ပြီးနောက် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသော နောက်ဆုံးစစ်စခန်းများ အနက်မှ တစ်ခုလည်း ဖြစ်သည်။

ရုရှားတပ်များသည် လက်နက် တပ်ဆင်ထားသော ယာဉ်များဖြင့် စစ်စခန်းနံရံများကို ဖြိုဖျက်ကာ ဘဲလ်ဘက်ခ် လေတပ်စခန်းထဲသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများလည်း ကြားခဲ့ရသည်ဟု ထိုဒေသတွင် ရောက်ရှိနေသော သတင်းထောက်တစ်ဦးက ပြောကြားသည်။

ရုရှားလိုလားသော သမ္မတကို ယူကရိန်း ပြည်သူတို့က လူထုအင်အားဖြင့် ဖြုတ်ချလိုက်ပြီးသည့် နောက်တွင် ယူကရိန်းနိုင်ငံ အတွင်းရှိ ရုရှားလူမျိုးများ အများဆုံးနေထိုင်ရာ ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက သိမ်းပိုက်လိုက်ပြီး ရုရှားနိုင်ငံ၏ ထိုလုပ်ရပ်က ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး အခြေအနေကို စစ်အေးခေတ်ပြီး နောက်ပိုင်း အဆိုးဆုံး အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

ရုရှားနိုင်ငံ၏ လုပ်ရပ်ကို ကန့်ကွက်သည့်အနေနှင့် အမေရိကန်နှင့် ဥရောပသမဂ္ဂက ရုရှားသမ္မတ ပူတင်၏ နိုင်ငံရေး၊ စီးပွားရေး မဟာမိတ် ပုဂ္ဂိုလ်များအပေါ် လူပုဂ္ဂိုလ်အလိုက် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံ အတွင်းသို့ သွတ်သွင်းသည့် ဥပဒေကို ပြီးခဲ့သော သောကြာနေ့က အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီး ကရိုင်းမီးယားဒေသရှိ ရုရှားလူမျိုးများကလည်း မီးရှူး၊ မီးပန်းများ ပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။

ကရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းယူသည့် ရုရှားနိုင်ငံ၏ လက်သင့်ခံနိုင်ဖွယ်ရာ မရှိသော လုပ်ရပ်ကြောင့် ဗြိတိန်နှင့် ၎င်း၏ မဟာမိတ်များအနေနှင့် လက်နက် ရောင်းဝယ်မှုများကို ကန့်သတ် တင်းကျပ်သွားရန် စဉ်းစားသွားမည် ဖြစ်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ခ်ျက ပြောကြားသည်။

ယူကရိန်း အစိုးရအဖွဲ့သစ် အနေနှင့်မူ လက်ရှိအချိန်တွင် ကရိုင်းမီးယား ဒေသအရေးအပြင် ဓာတ်ငွေ့တင်သွင်းရန် အပါအဝင် တိုင်းပြည်၏ အသုံးစရိတ်များအတွက် လုံလောက်သော ငွေကြေး ရရှိရေး အတွက်ပါ စိုးရိမ်ပူပန်ရလျက် ရှိသည်။

တိုင်းပြည်၏ လောင်စာဆီနှင့် ဓာတ်ငွေ့လိုအပ်ချက် ထက်ဝက်ကျော်အတွက် မှီခိုနေရသော ရုရှားနိုင်ငံ၏ သြဇာအောက်မှ ရုန်းထွက်လိုက်သည့်အတွက် ပေါ်ပေါက်လာမည့် ဂယက်ရိုက်မှုများကို ခံနိုင်ရန် ယူကရိန်းနိုင်ငံ အနေနှင့် ဥရောပသမဂ္ဂထံမှ စွမ်းအင်ဆိုင်ရာ အထောက်အပံ့များ လိုအပ်လိမ့်မည်ဟု ယူကရိန်း ကြားဖြတ် ဝန်ကြီးချုပ်က ပြောကြားထားသည်။

ဘဲလ်ဘက်ခ် | The Voice Weekly