ဒီနေ့ သတင်းစာတစ်စောင်ထဲမှာ ကာတွန်းလေးတစ်ကွက် တွေ့လိုက်ရတယ်။ အဲဒီကာတွန်းမှာ အတွဲတွေ ပန်းခြံထဲမှာ သိပ်မတွေ့ရတော့ဘူးလို့ တစ်ယောက်ကပြောတော့၊ နောက်တစ်ယောက်က ဘယ်တွေ့ရတော့မလဲ ရထားတွေ၊ ကားတွေ ပေါ်ရောက်ကုန်ကြတာကိုးဆိုတဲ့ တစ်ကွက်ကာတွန်းဟာ လှောင်စရာဆိုပေမယ့် စိတ်ထိခိုက်စရာလို့ ကျွန်တော်က မြင်ပါတယ်။ ဟုတ်ပါတယ် မြန်မာ ကောင်လေးတွေ၊ ကောင်မလေးတွေ အနာဂတ်မဲ့စွာနဲ့ ခေတ်ကိုသရုပ်ဖော်နေကြတာ ကားတွေပေါ် ရထားတွေပေါ်မှာ အများကြီးတွေ့နေရပါတယ်။

မကြာသေးမီက Wall Street ကထုတ်ပြန်တဲ့ ကမ္ဘာ့ပညာအတတ်ဆုံးနိုင်ငံ ဆယ်နိုင်ငံစာရင်းထွက်လာပါတယ်။ အဲဒီ ဆယ်နိုင်ငံစာရင်းမှာ ငါတို့မြန်မာနိုင်ငံများ ပါလေမလားဆိုပြီး စာရင်းကြည့်လိုက်တော့ ဘယ်နားမှတောင် မချိတ်တာတွေ့ လိုက်ရတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာအတတ်ဆုံးကို တိုင်းတာရာမှာ တက္ကသိုလ်၊ ကောလိပ်ဘွဲ့ရ ဘယ်လောက်ရာခိုင်နှုန်း ရှိသလဲဆိုတာနဲ့ တိုင်းတာကြပါတယ်။ ထိပ်ဆုံး နံပါတ်တစ်စာရင်းမှာ ရုရှားဖယ်ဒရေးရှင်းနိုင်ငံဖြစ်နေတယ်။ တက္ကသိုလ် ကောလိပ် ဘွဲ့ရသူတွေဟာ လူဦးရေရဲ့ ၅၃ ဒသမ ၅ ရာခိုင်နှုန်းတောင် ရှိနေတယ်။ ဆယ်နိုင်ငံစာရင်းထဲမှာ အာရှက ဂျပန်နိုင်ငံ နံပါတ် ၃ ချိတ်တယ်။ လူဦးရေရဲ့ ၄၆ ဒသမ ၄ ရာခိုင်နှုန်း တက္ကသိုလ်ဘွဲ့ရပြီးသားဖြစ်ပါတယ်။ နောက်အာရှတိုက်ကတစ်နိုင်ငံ ကတော့ ကိုရီးယားနိုင်ငံဖြစ်ပြီး နံပါတ် ၆ အဆင့်မှာရှိကာ လူဦးရေရဲ့ ၄၀ ဒသမ ၄ ရာခိုင်နှုန်း ဘွဲ့ရပြီးသားတွေလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း အဝေးသင်တွေရော၊ အနီးသင်တွေရော ဒီလောက်များနေတာတောင် ကမ္ဘာ့ဆယ်နိုင်ငံစာရင်းထဲ ဘာကြောင့် မဝင်ရတာလဲလို့ ပြန်သုံးသပ်ကြည့်တော့ မချိန်မီစာရင်း မတင်ပြနိုင်လို့ပဲလား၊ ကမ္ဘာ့စာရင်းထဲမှာ မြန်မာကို မတွေ့လို့ပဲလားလို့ စဉ်းစားမိချိန်မှာ ကျွန်တော်စီးနေတဲ့ မြို့ပတ်ရထားဟာ တက္ကသိုလ်တစ်ခုဆီကို ဦးတည်နေတဲ့ ရထား ဖြစ်နေပါတယ်။

ရထားပေါ်မှာ လုံချည်၊ ထမီဆင်တူလေးတွေနဲ့ တွေ့ရတော့ ကျောင်းသား၊ ကျောင်းသူလေးတွေ ဖြစ်မယ်ဆိုတာ ကျိန်းသေနေပါ တယ်။ မကြာသေးမီက တရုတ်တီဗီလိုင်းတစ်လိုင်းကပြသွားတဲ့ documentary တစ်ခုမှာ တရုတ်လေးတွေ ရထားစီးရင်း၊ ကားစီးရင်း ဖုန်းလေးတွေဖွင့်ပြီးတော့ စာတွေကို သဲကြီးမည်းကြီးဖတ်နေကြတာတွေ့လိုက်ရပါတယ်။ တရုတ်ပုံနှိပ်ထုတ် ဝေရေး အကယ်ဒမီရဲ့ ၂၀၁၂ ခုနှစ် ထုတ်ပြန်ချက်အရ တရုတ်မှာ အသက် ၁၈ နှစ်ကနေ ၇၀ ကြား စာဖတ်တဲ့နှုန်းဟာ တစ်ဦးကို တစ်နှစ် စာအုပ် ၄ ဒသမ ၃၅ အုပ်နှုန်းရှိနေကြောင်း၊ လူငယ်တွေ အများစုဟာ eBook လို့ခေါ်တဲ့ ကွန်ပျူတာ၊ အီလက်ထရွန်း နစ်ပစ္စည်းတွေနဲ့ ဖတ်ရတဲ့ စာအုပ်တွေကို ပိုဖတ်ကြကြောင်းသိရတယ်။

ရထားပေါ်မှာ ကျွန်တော်တို့ကျောင်းသားအချို့ကလည်း ဖုန်းလေးတွေဖွင့်ပြီး ဘာလုပ်နေကြတာလဲလို့ လိုက်ကြည့်တော့ ဂိမ်းတွေကို သည်းကြီးမည်းကြီးဆော့နေကြတာတွေ့ရတယ်။ ဒါကလည်း လူနည်းစုလောက်ပါ။ အများစုက ဘာတွေလုပ်နေ ကြသလဲဆိုတော့ ရင်ငွေ့ခိုလှုံနေသူတွေ၊ အမြင်အတွေ့ကြည်နူးသာယာနေသူတွေ၊ ဟေးလားဝါးလား ကလေးကစားသလို လုပ်နေကြတာတွေပဲများတော့ မြန်မာ့လူငယ်တွေရဲ့ အနာဂတ်အပေါ်ခံယူချက်တွေနဲ့၊ မကြာခင်ကကြည့်လိုက်ရတဲ့ တရုတ်လူ ငယ်လေးတွေရဲ့ အနာဂတ်မှာ စာဖတ်မှဖြစ်မယ်ဆိုတဲ့ ခံယူချက်တွေဟာ အများကြီးခြားနားသွားပါလားဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Xining Evening News သတင်းစာမှာလည်း မိုဟာပါထရာဆိုတဲ့ အိန္ဒိယက အင်ဂျင်နီယာတစ်ယောက်က ဂျာမနီနိုင်ငံ ဖရန့်ဖတ်ကနေ၊ တရုတ်နိုင်ငံ ရှန်ဟိုင်းကိုသွားတဲ့ ခရီးစဉ်မှာ သူတွေ့ခဲ့ရတဲ့ မြင်ကွင်း ကို ဖော်ပြရာမှာ

“ကျွန်မ ဖရန့်ဖတ်လေဆိပ်ရောက်တော့ ဂျာမန်ခရီးသွားအများစုဟာ လေဆိပ်မှာ လေယာဉ်စောင့်ဆိုင်းရင်း စာဖတ်တဲ့သူဖတ်၊ ကွန်ပျူတာဖွင့်ပြီး အလုပ်လုပ်နေကြတာတွေများတယ်။ သူတို့ဟာကော်ဖီလေးသောက်လိုက်၊ သတင်းစာ သို့မဟုတ် စာအုပ်တွေဖတ်သူဖတ်၊ Kindle လို့ခေါ်တဲ့ eBook တွေဖတ်သူဖတ်နဲ့ တစ်ယောက်မှ ဟေးလားဝါးလား အလကားနေတာ မတွေ့ရဘူး” ဆိုတဲ့ အရေးအသားလေးကို မျက်စိထဲပြန်မြင်ရင်း မြန်မာနိုင်ငံမှာ စာဖတ်နေကြတာကလွဲပြီး လူငယ်တွေ အလကား ဘီယာဆိုင်တွေ၊ ဘောလုံးပွဲပြနေတဲ့ တီဗီဖန်သားပြင်တွေရှေ့မှာ အချိန်ဖြုန်းနေကြတာပိုများနေတာကို သတိ ထားမိလိုက်ပါတယ်။

NOP World Culture Score Index, 2014 မှာလည်း ကမ္ဘာ့စာဖတ်ချိန်အများဆုံး နိုင်ငံ ၃၀ စာရင်းကို ဖော်ပြထား တာတွေ့လိုက်ရတယ်။ အဲဒီစာရင်းထဲမှာ လည်း မြန်မာနိုင်ငံမပါဘူး။ ထိပ်ဆုံးက လူတစ်ယောက် စာဖတ်ချိန်အများဆုံးပေးနေ တဲ့ နံပါတ်တစ်နိုင်ငံကတော့ အိန္ဒိယနိုင်ငံပါပဲ။ အိန္ဒိယသားတစ်ဦးရဲ့ တစ်ပတ် ပျမ်းမျှစာဖတ်ချိန်ဟာ ၁၀ နာရီ ၄၂ မိနစ်ရှိပါ တယ်။ ထိုင်းနိုင်ငံက ဒုတိယလိုက်ပြီး ၉ နာရီ ၂၄ မိနစ်၊ တရုတ်က တတိယလိုက်ပြီး ၈ နာရီရှိနေတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ပညာတတ်အများဆုံးနိုင်ငံလို့ ပြောခဲ့တဲ့ ရုရှားနိုင်ငံကလူတွေတောင် တစ်ပတ်စာဖတ်ချိန် ၇ နာရီနဲ့ ၆ မိနစ်ပဲရှိတယ်။ အမေရိကန်တွေကတော့ တစ်ပတ်ကို ၅ နာရီ ၄၂ မိနစ်နှုန်းလောက်ပဲ စာဖတ်ကြတယ်။

ဆရာကြီးပါရဂူရဲ့ စာအုပ်တစ်အုပ်ထဲမှာ သူအိန္ဒိယရောက်တော့ ကျေးလက်ဒေသတွေအထိ လမ်းဒေါင့်တိုင်းမှာလိုလို စာအုပ် အငှားဆိုင်လေးတွေ တွေ့ရကြောင်း၊ အဲဒီလို စုတ်စုတ်ပြတ်ပြတ် မထင်မရှားဆိုင်လေးတွေမှာ ငှားနေတဲ့ စာအုပ်ဆိုင်တွေမှာ အင်္ဂလိပ်စာအုပ်တွေကို တွေ့ရတယ်လို့ဆိုထားတယ်။ အိန္ဒိယမှာ အင်္ဂလိပ်စာအုပ်တွေကို အိန္ဒိယကနေ ပြန်ရိုက်ထုတ်တာတွေ ဈေးပေါပေါနဲ့ ဝယ်လို့နေရာတိုင်းမှာလိုလိုရတယ်။ အိန္ဒိယသားတွေကလည်း အမေရိကန်စတိုင် STEM လမ်းကြောင်းကို လိုက်ပြီး ပညာရေးကို သင်ကြားပေးနေကြတယ်။ STEM ဆိုတာက သိပ္ပံ၊ နည်းပညာ၊ အင်္ဂလိပ်စာ၊ သင်္ချာလေးဘာသာကိုပဲ ဦးစားပေးသင်ကြားတဲ့စနစ်ပါ။ အမေရိကန်ဈေးကွက်က လိုအပ်တာတွေကို၊ သူတို့ အိန္ဒိယကနေ မွေးထုတ်နိုင်အောင် စီစဉ် ပေးထားကြပြီး ပညာတတ်တွေကို ကမ္ဘာ့ဈေးကွက်အနှံ့ လိုက်ပို့ဆောင်နေတာ အထင်အရှားပဲ။ အိန္ဒိယမှာ ဆင်းရဲသူတွေ များ တယ်ဆိုပေမယ့် သူတို့ဘဝရဲ့ ထွက်ပေါက်နဲ့ လွတ်မြောက်ရာလမ်းဟာ ပညာရေးဆိုတာ နားလည်ထားကြတယ်။ ဒါကြောင့် လည်း စာတွေအရမ်းဖတ်ကြတယ်။ STEM လမ်းကြောင်းအတိုင်း သင်ယူလေ့လာနေခြင်းဟာ မိမိတို့ဘဝ လွတ်မြောက်ရေးလို့ ခံယူပြီး ကြိုးစားသင်ကြတယ်။

မြန်မာနိုင်ငံမှာကတော့ ခုထက်ထိ ပညာရေးလမ်းကြောင်းကို ချမှတ်ဖို့ ပြင်ဆင်တုန်း၊ ပညာရေးဥပဒေတွေကလည်း ပြဋ္ဌာန်းဖို့ မူကြမ်းအဆင့်မှာပဲရှိတုန်းဖြစ်နေတာတွေ့ရတယ်။ ပညာရေးအဆင့်ကို အမျိုးသားအဆင့်အနေနဲ့ မြှင့်တင်ပေးဖို့ ဆွေးနွေးရာမှာ တောင် တစ်ယောက် တစ်ပေါက်၊ တောရောက် တောင်ရောက်နဲ့ ဟိုလူ့ကိုပယ်၊ သည်လူ့ကိုထုတ်၊ သူ့အုပ်စုနဲ့သူ အကောင် အထည်ဖော်နိုင်အောင် ကြိုးစားနေကြတဲ့ အဆင့်မှာပဲရှိသေးတယ်။

ပညာရေးကလည်း နှစ်ပေါင်းများစွာ အစမ်းသပ်ခံ၊ ခုတစ်မျိုး တော်ကြာတစ်မျိုး၊ ဟိုလိုလုပ်လိုက်မယ်၊ သည်လိုလုပ်လိုက်မယ် ဆိုပြီး ဟန်ရေးပြနေတာနဲ့ပဲ ပန်းတိုင်ကို ဘယ်တော့မှ ရောက်မယ်ဆိုတာ မသိနိုင်သေးပါဘူး။ စမ်းသပ်သူတွေနဲ့ အစမ်းသပ်ခံ တွေကြားမှာ မြန်မာ့ပညာရေးဟာ အလှမ်းကဝေးလာ၊ အနာဂတ်ကမဲ့၊ လက်တွေ့ပြန်ပြီးအသုံးမတည့်၊ ဘွဲ့ရတွေလှိမ့်ထုတ်၊ ပါရဂူတွေ၊ ဒေါက်တာတွေ ဘုံးဘောလအော၊ ပြည်တွင်းမှာသာတွင်ကျယ်ပြီး ပြည်ပမှာ သုံးမရတဲ့ ပညာရေးစနစ်တွေနဲ့ ဘယ်ကာလအထိများ ဆက်သွားနေကြဦးမှာလဲဆိုပြီး ရင်လေးမိတယ်။

ပညာတတ်တွေပေါများလာရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်။ ပညာဟာ လွတ်မြောက်ရာလမ်းဖြစ်တယ်။ ပညာတတ် တွေများလာရင် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့လည်း စဉ်းစားလာကြလိမ့်မယ်ဆိုတာ ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေရဲ့ စဉ်းစားတွေးခေါ်ပုံဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ရဲ့ ကမ္ဘာ့ တီထွင်မှုအားအကောင်းဆုံး နိုင်ငံ ဆယ်နိုင်ငံစာရင်းကိုလည်း Bloomberg က မကြာမီကပဲ ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီနိုင်ငံ ဆယ်နိုင်ငံစာရင်းမှာလည်း တောင်ကိုရီးယားနိုင်ငံက ပထမနေရာမှာရှိတယ်။ အာရှကဆိုရင် ဂျပန်က အဆင့် ၄၊ စင်ကာပူက အဆင့် ၇၊ ထိုင်ဝမ်က အဆင့် ၁၀ မှာရှိနေတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၅၀ အထိလည်း မပါဘူး။

ပညာတတ်၊ စာဖတ်၊ တီထွင်နိုင်စွမ်းအားလုံးမှာ အဆင့်တစ်နေရာမှာမှ မရှိတဲ့ မြန်မာနိုင်ငံကို ဘီယာအသောက်ဆုံး၊ ဘောလုံးပွဲ အကြည့်ဆုံး၊ လောင်းကစားမှုအများဆုံး၊ ဘာအလုပ်မှ မလုပ်ဘဲ မိဘလုပ်စာ ထိုင်အစားနိုင်ဆုံး အဆင့်တွေရွေးမယ်ဆိုရင် တော့ အဆင့် ၁၀ အတွင်း ချိတ်နိုင်ကောင်းပါရဲ့လို့ထင်မိတယ်။

အငြိမ်းစားကျောင်းဆရာတစ်ဦး | မောက္ခပညာရေးမဂ္ဂင်ဇင်း