လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်တာကို အကျင့်ပျက်တယ်လို့ခေါ်တယ်။ဒီလို အကျင့်ပျက်တဲ့အခါ လာဘ်စားတယ်။ မတရားတဲ့ စီရင်မှုတွေကို ပြုတယ်။ ဥပဒေကို မျက်ကွယ်ပြုတယ်။အကျင့်ပျက်တာ နှစ်မျိုးရှိတယ်။ ငွေးကြေးကြောင့် အကျင့်ပျက်သလို အာဏာကြောင့်လည်း အကျင့်ပျက်တယ်။

ဘာကြောင့် အကျင့်ပျက်တာလဲ။

အကျင့်ပျက်တာ…

။ အမြော်အမြင်နည်းလို့ပါပဲ။

။ ငါ ဒါလုပ်လိုက်ရင် ပြဿနာ မဖြစ်လောက်ပါဘူးလို့ ယူဆတယ်။

။ ဘေးက တို့ထောင်ပေးတဲ့လူတွေ၊ မြှောက်ပေးတဲ့လူတွေကြောင့်လည်း အကျင့်ပျက်တယ်။

။ ရလွယ်လို့လည်း အကျင့်ပျက်တယ်။

။ ပတ်ဝန်းကျင်ကလူတွေကို အားကျပြီး အကျင့်ပျက်တယ်။

။ ပြစ်ဒဏ်တွေ မထိရောက်လို့လည်း အကျင့်ပျက်တယ်။

အကျင့်ပျက်တာ ဘာတွေကို ဖြစ်စေလဲ။

အကျင့်ပျက်တော့…

။ အလုပ်လုပ်တဲ့လူတွေကို အားပျော့စေတာပေါ့။ အလုပ်မလုပ်ချင်အောင် ဖြစ်စေတယ်။

။ အကြွင်းမဲ့အာဏာကို သုံးတယ်။

။ ပွင့်လင်းမြင်သာမှု ကင်းမဲ့စေတယ်။

။ မတရားအပြစ်ဒဏ်တွေ ချမှတ်တယ်။

။ မဟုတ်မမှန်တဲ့ဘက်က ရပ်တည်တတ်တယ်။

။ မခံချင်သူများက တွန်းလှန်မှုတွေ ပြုတယ်။

။ ပြည်တွင်းစစ်တွေ ဖြစ်လာတယ်။

။ ပြည်တွင်းစစ်ဖြစ်တော့ နယ်စားပိုင်းစားရကာ လာဘ်စားပြန်တယ်။

။ သံသရာကြီးလည်နေပါတယ်။

ကိုဘသစ်က အကျင့်ပျက်တဲ့အကြောင်းကို သူရဲ့ဘုတ်အုတ်ထဲကနေ ကျွန်တော့်ကို ထုတ်နှုတ်ရှင်းပြတယ်။

“စေတနာကြောင့်လည်း အကျင့်ပျက်တာတွေ ရှိတတ်တယ်”

“ဘယ်လိုလဲဆရာ”

“ဥပမာကွာ တို့နိုင်ငံမှာရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ပတ်ဝန်းကျင်နိုင်ငံတွေကို ရောင်းစားတယ် ဆိုပါစို့”

“နိုင်ငံအတွက် ပိုက်ဆံရတာပေါ့ဆရာ”

“ဟုတ်ပါတယ်။ ဒီလိုရောင်းတဲ့အခါ ပွဲခတွေရတယ်။ ရတဲ့ငွေက ဒေါ်လာ သန်းချီရင် မက်တာပေါ့”

“ဒါပေါ့ဆရာရယ်၊ နည်းတဲ့ငွေမှ မဟုတ်တာပဲ”

“ ဒီလိုရောင်းစားတော့ တို့တစ်တွေ ထမင်းဟင်းချက်ဖို့ ထင်းမီးသွေး လိုတယ်။ ဒီအခါ သစ်ပင်တွေကို ခုတ်ပြီး ထင်းမီးသွေးလောင်စာလုပ်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီးကုန်တယ်”

“ဆူနာမီတို့ နာဂစ်လို ၀င်တာမျိုးပေါ့”

“အေးကွ၊ နောက်တစ်ခုက အဲဒီနိုင်ငံတွင်းမှာ လျှပ်စစ်မီးမလုံလောက်ဘူး။ တကယ်လို့ ဒီဓာတ်ငွေ့ကို ပြည်တွင်းမှာသုံးရင် Gas Turbine တွေလုပ်ပြီး ဓာတ်အားတွေပေးလို့ ရတာပေါ့”

“ခုတော့ ပြည်တွင်းမှာ မီးစက်တွေ ၀ယ်ရတယ်”

“ရန်ကုန်မှာ အိမ်တိုင်းလိုလို မီးစက်တွေ ရှိတယ်”

“ဟုတ်ပါတယ်။ တစ်ပြည်လုံး သိန်းသန်းချီတဲ့ မီးစက်တွေ သွင်းတယ်။ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ ဆူညံနေတယ်၊ Pollution တွေဖြစ်တယ်။ နောက် မီးတွေပျက်တာ ကြိုးကြား ကြိုးကြားဆိုတော့ ကွန်ပျူတာတွေလို အီလက်ထရွန်နစ်ပစ္စည်းတွေ ပျက်ကြတာပေါ့”

“ဆရာပြောသလိုဆို မီးစက်တွေသွင်းတော့ ကုမ္ပဏီတွေမြတ်တာပေါ့”

“ဟုတ်တယ်လေ။ ပါမစ်ထုတ်ပေးတဲ့ အရာရှိတွေလည်း ပိုက်ဆံရတော့တာပေါ့”

“ဒါတော့ ဆရာရယ် ကားပါမစ်၊ စာအုန်းဆီပါမစ် စုံနေတာပဲ မဟုတ်လားဆရာ။ ဒါတွေဟာ ဆင်းရဲခြင်းဖြစ်စေတဲ့ အကြောင်းရင်းလား ဆရာ”

“ဆရာဆိုလိုတာက နိုင်ငံတွင်းမှာ လုပ်သင့်တာတွေကို မလုပ်ရင် ဆင်းရဲတာပေါ့။ လူတွေရဲ့လောဘတွေကို ဆွပေးတယ်။ လူတွေကို ကားဝယ်ချင်လာအောင် လုပ်တယ်။ တကယ်တော့ ကားရောင်းတာ ရောင်းပေါ့။အခွန်ကောက်ပေါ့။ ဒါပေမဲ့ အာဏာရှိသူတွေက အဲဒီကားတွေကို ကြားဖြတ်ဈေးပေါပေါနဲ့ ၀ယ်တယ်။ ပေါတယ်ဆိုတာက နိုင်ငံခြားမှာ ရောင်းတဲ့ဈေး စက်ရုံထုတ်တဲ့ ဈေးပါပဲ။ ပြန်ရောင်းတယ်။ တပည့်တွေမွေးပြီး ဈေးပေါပေါရောင်းပေးတယ်။ တို့ စကားနားထောင်၊ ကားကောင်းစီးရမယ်ဆိုတဲ့သဘောနဲ့ သိမ်းသွင်းတယ်”

”ဒီလောက်များများရတဲ့ ပိုက်ဆံတွေဘာ လုပ်လဲဆရာ”

“စိန်တွေဝယ်တယ်”

“1ဘာလုပ်ဖို့လဲ”

“စိန်ဟာ အင်မတန်ကျစ်တဲ့ ပိုက်ဆံကွ”

“တောင်အာဖရိကမှာ ဒါကို blood diamond လို့ခေါ်တယ်”

“ဘာကြောင့်လဲ”

“စိန်ကြောင့် သွေးမြေကျစေတယ်လေ”

“အာဖရိကမှာ စိန်ကိုရောင်းပြီး လက်နက်ဝယ်တယ် မဟုတ်လားဆရာ”

“ဟုတ်တယ် blood diamond ဆိုတာ အင်ဂိုလာ ၊လစ်ဗျား၊ ကွန်ဂို၊ အိုင်ဗရီကို့စ်၊ တောင်အာဖရိက စတဲ့နိုင်ငံတွေမှာ စစ်တွေဖြစ်၊ တော်လှန်ရေးတွေဖြစ်နဲ့ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်ခဲ့တာပေါ့”

“ဒီစိန်တွေကို တန်ဖိုးထား ၀ယ်တဲ့လူတွေဟာ တစ်ဖက်တစ်လမ်းက စစ်ဖြစ်အောင် လုပ်နေသလိုပါပဲ။ ဒါကြောင့် blood diamond လို့ခေါ်တာပေါ့”

“ထိခိုက်တာတွေ အများကြီးပါပဲ၊ ဒါဟာ ပြည်တွင်းစစ် သံသရာတွေ လည်စေတာပဲ”

“အကျင့်ပျက်တာ ယဉ်ကျေးမှုလိုဖြစ်လာမှာ စိုးရတယ်။နောက်ဆက်တွဲ ဆိုးရွားတဲ့ဒဏ်ကို ပြည်သူတွေပဲ လည်စင်းခံရမှာ စိုးတာပါ”

“ခုတော့ သုံးသိန်းထက်မပိုတဲ့ ကန်တော့တာဟာ အပြစ်မရှိဘူးတဲ့”

“ဒါကတော့ သမ္မတ ယူဆတာလေ။ အကျင့်ပျက်တဲ့ ယဉ်ကျေးမှုကို ဘယ်လိုတိုက်ဖျက်မလဲ”

“သူ့လည်း ပြိုင်တူတွန်းဖို့လိုတာပါပဲ”

“အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေကိုလည်း လိုပါတယ်”

ဒေါက်တာခင်မောင်ညို