တွင်းတကာ့တွင်း တွေထဲ အနက်ဆုံးနဲ့ ပြန်တက်ရ အခက်ဆုံး တွင်းကတော့ ဆင်းရဲတွင်းပဲ ထင်ပါရဲ့။ အဲဒီတွင်းကြီးထဲကနေ အပေါ်ပြန်ရောက်ဖို့ မြန်မာ ပြည်သူတွေ ဘယ်လောက်များ ကြိုးစား ရုန်းကန် ရဦးမလဲ။ ဘာတွေများထပ်ပြီး ပေးဆပ်ကြရဦးမလဲ။ ဆက်ပြီး ရင်ဆိုင်ဖို့ အင်အား မရှိသူတွေ ကတော့ အဆုံးစီရင်ပြီး အရှုံးပေး လိုက်ကြတယ်။ အရှုံးမပေး နိုင်သူ တွေကတော့ ပြည်တွင်းမှာတစ် မျိုး၊ ပြည်ပ မှာတစ်ဖုံ ဒုက္ခရောင်စုံ တွေနဲ့ နပန်းလုံးလို့ကောင်း တုန်း။

အဓိက ပြဿနာက ဆင်းရဲ လို့။ ဆင်းရဲခြင်းနောက် မှာ ကပ်ပါ နေတဲ့ ပြဿနာတွေကလည်းများ မှများ။ အခုပဲကြည့်လေ။ မထိတ် သာမလန့်သာသတင်း။ လှည်းကူး မြို့နယ်ထဲက စက်ရုံတစ်ရုံမှာ အ လုပ်သ မားတွေကို ကျွေးတဲ့ နံနက် စာပဲပြုတ်ထမင်းကြော်ထဲ ဆားနဲ့ ယမ်းစိမ်းမှားထည့်သတဲ့။ ကံ ကောင်း လို့မသေတယ်။ လူ သုံး ဆယ်ကျော်အရေးပေါ်ရောက် ကုန်ရော။ ဆေးဦးသွားလို့ပေါ့။

အရင်လတွေကလည်း အ လှူတချို့မှာ အစာအဆိပ်သင့်တဲ့ သတင်း မကြာခဏတွေ့မိပါ တယ်။ ပူပြင်းတဲ့ ရာသီမှာအစား အစာတွေကို တစ်ရက်စောပြီး ချက်ထားတော့ ရာသီကြောင့် ဓာတ်ပြောင်းသွားပြီး အစာအ ဆိပ်သင့်တာ။ နဂိုချက်ထားတုန်း က အကောင်း။ အခုဟာကတော့ ယမ်းစိမ်းကိုစားမိလို့ဖြစ်တဲ့ နိုက် ထရိုက်ပွိုင်စင်။ ဆားပုလင်းနဲ့ ယမ်းစိမ်းရောထားမိလို့ မှားထည့် မိတာဖြစ်မှာ။

အမှတ်တမဲ့ကြည့်ရင်တော့ ဆားနဲ့ ယမ်းစိမ်းအရောင်ချင်း၊ အ ရသာချင်းတခြားစီ။မှားစရာလား။ ဒီလောက်တောင် ပေါ့ဆရသလားလို့ အပြစ်တင်စရာပေါ့။ဒါပေမဲ့ အဲဒီလိုမှားရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေမှ အများကြီးရယ်။ ကျွန်မတို့ မြန်မာအခေါ် ‘မီးဖိုချောင်’ဆိုတဲ့ အစားအသောက်တွေ ခုတ်ထစ် ကြော်လှော် ချက်ပြုတ်တဲ့နေရာတွေကို ၀င်ကြည့်ဖူးပါသလား။ အိမ်တွေရဲ့ မီးဖိုချောင်တွေကတော့ ကိုယ့်မိသား စုအတွက် သီးသန့်မို့ ပထမတန်း စားသန့်ပြန့်မနေတောင် မညစ် ပတ်အောင်တော့ ဂရုစိုက်ကြပါ တယ်။ ကျန်းမာရေးဗဟုသုတရှိ တဲ့အပေါ် မူတည်လို့ပေါ့။

ဒါပေမဲ့ လူအများစာပြင်ဆင် ချက်ပြုတ်ကြတဲ့ ထမင်းဆိုင်၊စား သောက်ဆိုင်၊ အဆောင်၊ဘုန်းကြီး ကျောင်းစသဖြင့် မီးဖိုချောင်ကြီး တွေကတော့ နေရာတိုင်းမဟုတ် တောင် အများအားဖြင့်သန့်ရှင်းမှု အားနည်းတတ်ကြတယ်။ အထူး သဖြင့် ရန်ကုန်မြို့လိုနေရာအ ကျယ်အ၀န်းအခက်အခဲ၊ အမှိုက် စွန့်စရာခက်ခဲတဲ့အရပ်တွေက လူ အများစားဖို့ ချက်ပြုတ်စရာနေရာ တွေဟာ ပိုပြီးညစ်ပတ်လာကြ တယ်။ အရှေ့မျက်နှာစာမှာသာ စားချင်စဖွယ်သပ်သပ်ရပ်ရပ်ပြင် ဆင်ထားပေမယ့် ချက်တဲ့ပြုတ်တဲ့ နေရာတွေဝင်ကြည့်မိလို့ကတော့ စားချင်စိတ်ကုန်သွားလိမ့်မယ်။ အဲဒီ လိုတန်ရာတန်ကြေးပေးစားရတဲ့နေရာမျိုးတွေမှာတောင်သန့်ရှင်းမှုအားနည်းနေရင် အလကား ကျွေးတဲ့နေရာတွေမှာဖြစ်သလို စီ မံကျွေးနေတာရင်လေးစရာပါ။

အခု ဆားနဲ့ ယမ်းစိမ်းမှားစား တဲ့ နေရာက စက်ရုံတစ်ရုံရဲ့ အ လုပ်သမားတွေကို မနက်စာကျွေး တဲ့ အဆောင်။ တကယ်တော့ အ ဆောင်ထမင်းဟင်းဆိုတာ အလုပ် သမားကို အလုပ်သမားက ပြန်ချက်ကျွေးနေကြရတာ။ အစားအစာကို စနစ်တကျစီမံချက်ပြုတ်တဲ့စားဖိုမှူးတွေကို ငှားထားတာမဟုတ်ဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ အဲဒီလိုနေစရာပေး။ ထမင်းကျွေးတဲ့ အဆောင်မျိုးရှိတယ်။ တကယ့်ကို မှ ဖြစ်သလို။ အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်က သူလက်ခံထားတဲ့ အော်ဒါအချိန်မီပြီးရေးအတွက် လိုအပ်တဲ့ အလုပ်သ

မားကိုလိုချင် တဲ့အချိန်ခေါ်ခိုင်းနိုင်ဖို့အဓိက။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံအနှံ့က လူငယ်တွေကိုယ့်ရပ် ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ကြပေမယ့် အ လုပ်ကမရှိ။ ရှိတဲ့အလုပ်က မစား လောက်။ အဲဒီတော့ အလုပ်လုပ် ချင်စိတ်သာရှိ လုပ်စရာပေါတဲ့ ရန်ကုန်မြို့ကို အနယ်နယ်အရပ် ရပ်က အလုပ်လက်မဲ့တွေတက် လာကြတယ်။ အလုပ်ရှာကြ တယ်။ ဒါပေမဲ့ ရရာအလုပ်ကို ငွေ ရရင်ပြီးရော ၀င်မလုပ်ရဲဘူး။ နေ ရေးထိုင်ရေးကရှိသေးတာ။ ကိုယ် နေရမယ့်နေရာနဲ့အဆင်ပြေမယ့် အလုပ်ကိုရွေးကြရတယ်။

အဲဒီလို အလုပ်သမားတွေရဲ့ အဓိကပြဿနာကိုသိထားတဲ့ အ လုပ်ရှင်တွေက ကိုယ့်စက်ရုံမှာအ လုပ်သမားမလုံလောက်တဲ့ကိစ္စမ ဖြစ်ရအောင် အလုပ်ခေါ်ကတည်း က နေစရာပေးမယ်။ ထမင်းကျွေး မယ်ဆိုတဲ့ မက်လုံးတွေပေးပြီးခေါ် ကြတယ်။ စက်မှုဇုန်နဲ့ နီးတဲ့ရပ် ကွက်ထဲက မြေနေရာကျယ်ကျယ် မှာ ပျဉ်ထောင်သွပ်မိုးထရံကာအ ဆောင်ကြီးတွေဆောက်ပြီး အ ဆောင်နေချင်တဲ့ နယ်ကအလုပ် သမားတွေကို ပေးနေခိုင်းတယ်။

ထမင်းကျွေးတယ်ဆိုတာက လည်း တကယ့်ကိုထမင်းဝရုံလေး ပါ။ ဖြစ်ဖြစ်မြောက်မြောက်အာ ဟာရမပါ။ အလုပ်သမားတစ် ယောက်ကို ဆန်နဲ့ထမင်းဖိုးမပါ ဟင်းအတွက် တစ်နေ့ငါးရာနှုန်း လောက်ပဲ အကုန်ခံတာ။ စာဖတ် သူတွက်ကြည့်ပေါ့။ လူတစ် ယောက်စာ တစ်နပ်ကိုငွေလေးနှစ် ရာကျော်နဲ့ ဘာဟင်းစားရမှာလဲ။ အသီးအရွက်ပဲစားရတော့မပေါ့။ အလုပ်သမားတွေဘာများ စောဒကတက်ရဲမလဲ။ နေစရာပေး၊ စားစရာကျွေးတာတောင်ကျေးဇူးတင်ရဦးမှာ။ ရွေးချယ်ခွင့်မရှိ။ ဆင်းရဲခြင်းအကြောင်းတရားက ပေးတဲ့ ဒုက္ခတွေ။

အလုပ်သမားတစ်ယောက် ဟာ လုံလောက်တဲ့လုပ်ခလစာ သာရကြည့်။ ဒီလိုဘယ်သူမှမနေ ချင်ဘူး။ ဘယ်သူမဆို အလုပ်က ပြန် ကိုယ့်အိမ်လေးမှာ အေးအေး ချမ်းချမ်းအနားယူ။ အိမ်က ချက် ပေးလိုက်တဲ့ ထမင်းချိုင့်လေးနဲ့ အလုပ်ထဲမှာစား။ အဲဒီလိုသာနေ ချင်ကြတော့မပေါ့။ အခုတော့ အ လုပ်သမားတစ်ယောက်ရဲ့ ၀င်ငွေ နဲ့အဆပေါင်းများစွာမြင့်တက်နေ တဲ့ နေထိုင်စားသောက်စရိတ်တွေ ကြောင့် အလုပ်ရှင်ထားရာနေ၊ စေရာသွား၊ ပြုသမျှနုနေကြရ တာ။

စားဖိုဆောင်ဝန်ထမ်းဆိုတာ လည်း ဘာထူးလဲ။ကျွမ်းကျင် အဆင့်စားဖိုမှူးတွေမှမဟုတ်ဘဲ။ ထမင်းဟင်းချက်တတ်တယ်။ လူအများစာချက်နိုင်တယ်ဆို ခန့်လိုက်တာပဲ။ စားဖိုဆောင်နဲ့ပတ်သက်လို့ ကျန်းမာရေးဗဟုသုတ ဘာမှမရှိ၊မသိ။ တစ်နေ့တစ်နေ့ရာနဲ့ချီတဲ့ အလုပ်သမားတွေ အချိန်မီစားနိုင်ဖို့ မနက်မီး၊ ညမီး ဆက်ပြီး ချက်ပြုတ်နေကြရတာ။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့တောင်အနိုင်နိုင်။စက်ရုံတာဝန်ရှိသူကလည်း ထိုနည်းလည်းကောင်း။ အဆင်ပြေနေရင်ပြီးရော။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အခုလိုလည်းဖြစ်ရော ပြဿနာတက် ရော။

တော်သေးတာပေါ့။ ဆားနဲ့ ယမ်းစိမ်းမှားလို့။ ဆေးရုံလည်းအ ချိန်မီရောက်လို့။ မဆလာနဲ့ကြွက် သတ်ဆေးမှားထည့်ရင်တော့ ပြီး ပါလေရော။ တကယ်တော့ ဒီကိစ္စဟာ လေးလေးနက်နက်ထားစဉ်း စားရမယ့်ကိစ္စပါ။ အခုနိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူတွေက မြန် မာ့နိုင်ငံရေးအရွေ့ကို သိမ်မယုံ သေးလို့ အုံနဲ့ကျင်းနဲ့ဝင်မလာသေး တာ။ ၂၀၁၅နောက်ပိုင်းစက်မှုဇုန် တွေအပြည့် စက်ရုံတွေလည်ပတ် တော့မယ်ဆိုရင် လုပ်ငန်းလိုအပ် ချက်ပြည့်အောင် ကိုယ့်စက်ရုံမှာ အလုပ်သမားမြဲအောင် မက်လုံး တွေမျိုးစုံသုံးပြီး ခေါ်ကြမှာပဲ။

သက်ဆိုင်ရာမြို့နယ်အလုပ် သမားရုံးက တာဝန်ရှိသူတွေအနေနဲ့ စက်ရုံတွေကိုစစ်ဆေးတဲ့အခါ အလုပ်ရှင်တွေ မျက်နှာချိုသွေး၊ လာဘ်လာဘပေးတာတွေကို သာ ယာပြီး ပြန်မသွားကြပါနဲ့။ စက်ရုံ ကြီးရဲ့ ဘွိုင်လာတွေ၊ မီးသွယ် တန်းတာတွေ၊ လူမှုဖူလုံရေး၊ အ ချိန်ပိုခိုင်းတဲ့ ကိစ္စတွေသာမကအ လုပ်သမားတွေကို စက်ရုံကစီစဉ် ပေးထားတဲ့နေရာတွေ၊ အစားအ သောက်ကျွေးမွေးတဲ့ ကိစ္စတွေကို ပါ တကယ့်ကျန်းမာရေးနဲ့ ညီညွတ် ရဲ့လားဆိုတာ တိကျစွာစစ်ဆေး သင့်ပါတယ်။ မညီညွတ်ရင် ချက် ချင်းပြင်ခိုင်းသင့်ပါတယ်။ မလိုက် နာရင် ထိရောက်စွာအရေးယူသင့် ပါတယ်။

အလုပ်ရှင်ဆိုတာကတော့ ကုန်ကျစရိတ်နည်းလေ သူ့အ တွက် အမြတ်ကြမ်းလေးမို့ ငွေပို ကုန်မယ့် ကိစ္စမျိုးတွေလုပ်ချင်မှာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲ အ ဆင်ပြေနေသေးသရွေ့ မှိန်းပြီး လုပ်နေမှာပါ။တကယ်ဖြစ်တော့ အသက်ပေးရမှာ ကိုယ့်လူမျိုးအ လုပ်သမားတွေ။ ကိုယ့်နိုင်ငံသား ကို ကိုယ်ကစပြီးတန်ဖိုးထားပြမှ တိုင်းတစ်ပါးက ရင်းနှီးမြှုပ်နှံသူ တွေကလည်း တန်ဖိုးထားဆက် ဆံမှာပေါ့။

ဆင်းရဲတွင်းက အလွတ်ရုန်း ဖို့ ပြိုင်တူတွန်းကြရမယ့်အချိန်မှာ အသက်အန္တရာယ်အတွက်လည်း သတိရှိကြရပါမယ်။ အခုအဖြစ် အပျက်ကို နမူနာယူလို့ ၀ိုင်းဝန်း ဂရုစိုက်စောင့်ကြည့်ကြမယ်ဆို ရင်တော့ လစာနည်း၊ ဆင်းရဲသား အလုပ်သမားလေးတွေအဆိပ်အ တောက်ကင်းတဲ့ အစားအစာတွေ ကို စိတ်ချလက်ချစားနိုင်လိမ့်မယ် ဆိုတာ ယုံကြည်မိပါတယ်။

ဂျေလှသင် | 7DAY DAILY