“သူတစ်ပါးအတွက် နေရာပေးတာ ကုသိုလ်ရတယ်” တဲ့။ ကျွန်တော့်အဘ စာရေးဆရာကြီးက ကျွန်တော့်ကို အဲဒီလိုပြောခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ နေ့စဉ်ရုံးသွားရုံးပြန် ဘတ်စ်ကားကိုသာ အားကိုးနေရသူမို့ ကားပေါ်တက်လိုက်တိုင်း အဘစကားကို အမြဲသတိမရပေမယ့် မကြာမကြာတော့ သတိရမိတတ်ပါတယ်။ ကားပေါ်တက်လိုက်တာနဲ့ မျက်လုံးက ပထမဆုံး ထိုင်ခုံအလွတ်ကို ရှာမိပါတယ်။ထိုင်ခုံအလွတ်ကို တွေ့ပြီ ဆိုလျှင် အလျင်အမြန် ထိုင်ချလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ထိုင်မယ့်နေရာကို သူများဦးသွားမှာ စိုးလို့ပါပဲ။

အဲဒီလိုထိုင်စရာနေရာ တစ်ခုရပြီဆိုလျှင် ဒုတိယအနေနဲ့ အခြားထိုင်ခုံတွေ လွတ်နေသေးလားဟု ဘေးဘီဝဲ ယာကို လှည့်ကြည့်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နေရာထက် ပိုကောင်းတဲ့ နေရာတွေ့ ရင် ပြောင်းထိုင် မလို့ပါ။ နေရာလွတ် မရှိတော့ဘူး ဆိုရင်တော့ နေရာနဲ့ပတ်သက်ပြီး အထူးအထွေ မစဉ်းစားတော့ပါဘူး။ ဒါပေမဲ့ကိုယ့်နေရာက ထိုင်လို့သိပ်မကောင်းဘူး။

ထိုင်ရတာခိုးလိုးခုလု ဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် အခုအထူးကားတွေက သုံးယောက်တွဲထိုင်ရတဲ့ခုံတွေ မှာ ကိုယ်ကအစွန်ဆုံး ကျမိလို့ တင်ပါးတစ်ခြမ်းစာပဲ နေရာရတယ်ဆိုရင် တခြားနေရာ လွတ်သွားတာ နဲ့ ပြောင်းထိုင်ဖို့အတွက် မျက်လုံးကထိုင်ခုံ အလွတ်ကို အမြဲလိုက်ကြည့် နေတတ်ပါတယ်။

တစ်ယောက်ယောက်က ထတာတွေ့လိုက်တာနဲ့ အဲဒီထိုင်ခုံကို သူများအရင်ဦးအောင် မျက်စိရှင်ရှင်နဲ့ ကိုယ်ခန္ဓာကို အသင့်ပြင်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လိုပဲ နေရာကောင်းကို ချောင်းနေ တဲ့သူတွေ ရှိလို့ပါပဲ။

တစ်ခါတစ်ခါ ကျွန်တော်ဟာ ကားစီးရင်း တစ်ယောက်တည်း စဉ်းစားမိပြီး ပြုံးမိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်အပါအ၀င် ဘတ်စ်ကားစီး ခရီးသည်တွေရဲ့ အဖြစ်ကိုတွေးပြီး ရယ်ချင်လို့ပါပဲ။ ဥပမာ ကိုယ့်ထိုင်ခုံက အသင့်အတင့် ကောင်းမွန်တယ်၊ ထိုင်ရတာလည်း အဆင်ပြေတယ် ဆိုရင်တောင် ကိုယ့်ရှေ့မှာ ကိုယ့်ထိုင်ခုံ ထက် ပိုကောင်းတာ၊ နေရာရှုခင်းရှုကွက် ပိုကောင်းတာတွေ့ရင် အဲဒီထိုင်ခုံကို ပြောင်းထိုင်ချင်တဲ့ လူ့စိတ်သ ဘာဝကို တွေးမိလို့ပါပဲ။ ခက်တော့ခက်သားကလား။ လူတွေကဘာမှ မပြောပလောက်တဲ့ တစ်နာရီ၊ နာရီဝက်လောက်စီးရမယ့် ခရီးလေးမှာ နေရာကောင်းရဖို့ အဲဒီလောက် အားကြိုးမာန်တက် ကြိုးစားနေကြပါ လားလို့ တွေးမိသွားလို့ပါ။ ခက်တာက ကိုယ်လည်း အဲဒီအုပ်စုထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်နေတာပါပဲ။

တစ်ခါတလေ ရှိသေးတယ်။ တချို့ခရီးသည်တွေပေါ့။ တစ်နေရာကနေ တခြားနေရာတစ်ခုကိုပြောင်းတာ လက်ခံလို့ရပါတယ်။ သြော်သူနေရာမကောင်းလို့ နေရာပြောင်းတာပဲပေါ့။ ဒါပေမဲ့ တချို့ခရီးသည်တွေက တစ်နေရာက နောက်တစ်နေရာ၊ နောက်တစ်နေရာက နောက်ထပ်တစ်နေရာ။ သူစီးရမှာ ခဏလေးပါ။ သူ့ခမျာနေရာတွေ တစ်နေရာပြီး တစ်နေရာ ပြောင်းနေတာနဲ့ပဲ သူသေချာထိုင်ရမယ့်အချိန်က သိပ်ကျန်တော့မှာ မဟုတ်ဘူး။

ဒါပေမဲ့သူကတော့ တစ်နေရာပြီး တစ်နေရာကို မမောနိုင်မပန်းနိုင် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေ တုန်းပါပဲ။ သြော်လောကမှာ ဒီလိုလူစားတွေလည်း ရှိပါသေးလားလို့ ကျွန်တော် တရားကျသလိုလို သဘောကျသလိုလို တွေးနေမိပါတယ်။

ဘတ်စ်ကားစီးရင် လူတွေရဲ့အတ္တကို မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ လူတစ်ယောက် စိတ်ကောင်း ရှိ၊ မရှိ။ အတ္တကြီး၊ မကြီး။ ဘတ်စ်ကားစီးရင် သူဘယ်လိုထိုင်လဲ ဆိုတာက ကောင်းစွာသက်သေ ပြနေလို့ပါပဲ။ တချို့များ သုံးယောက်ခွဲ ထိုင်ရမယ့်နေရာကို ကိုယ်တစ်ယောက်တည်း အပိုင်စီးထားသလို ထိုင်နေလိုက်ပုံ များ။ ပေါင်နှစ်ဖက်ကိုကားပြီး အကျအနထိုင်လို့။ သူ့ဘေးမှာ လူတစ်ယောက်လာထိုင်လည်း မသိချင်ယောင်ဆောင်ပြီး ကိုယ့်ခန္ဓာကို ကျုံ့ပေးမယ်၊ ရွှေ့ပေးမယ်မရှိဘူး။

အဲဒီလိုလူတွေ လောကမှာ အများကြီးရှိနေရင်တော့ ကျွန်တော်တို့ကမ္ဘာကြီး သွားပါပြီဗျာ။ ခက်တာက အဲဒီလိုလူတွေ ခပ်များများရှိနေတာကို ကျွန်တော် စိတ်မကောင်းခြင်း များစွာနဲ့ တွေ့လိုက်ရပါတယ်။ ထိုအခါမျိုးမှာ အဘပြောတဲ့ “နေရာပေးတာ ကုသိုလ်ရတယ်” ဆိုတဲ့စကားကို ကျွန်တော် ပြန်ကြားယောင် မိပါတယ်။

ကိုယ့်ဘေးမှာ အထုပ်အပိုးတွေနဲ့ လူတစ်ယောက်လာရပ်ရင် နေရာဖယ်မပေးတောင် အထုပ်အပိုးတွေ ကိုင်ထားပေးဖို့၊ သက်ကြီးရွယ်အိုတွေ တက်လာရင် ကိုယ့်နေရာကိုဖယ်ပေးဖို့၊ ကလေးအမေတွေ၊ ကိုယ်ဝန်သည်တွေ၊ မသန်စွမ်းတွေ တက်လာရင် ကိုယ့်နေရာကနေ ထပေးဖို့၊ ရဟန်းသံဃာတွေ တက်လာရင် ကိုယ့်နေရာကို ထပေးခြင်းဖြင့် ကုသိုလ်ယူဖို့ ကျွန်တော်တို့ ဘာလို့ ဒီလောက်တောင် ၀န်လေးနေကြပါသလဲ။

လူဆိုတာ သက်သောင့်သက်သာနေချင်တဲ့ သတ္တ၀ါတစ်မျိုးဆိုတာ မှန်ပါတယ်။ ကိုယ်ဇိမ်နဲ့ထိုင်နေရတဲ့ နေ ရာလေးကို ဖယ်ပေးဖို့ဆိုတဲ့ကိစ္စက တော်တော်စဉ်းစားရပါတယ်။ အဲဒီလိုစဉ်းစားနေတဲ့ အချိန်မှာ မိမိပဲ ထိုင်ချင်တဲ့ အတ္တစိတ်နဲ့ သူတစ်ပါးထိုင်စေချင်တဲ့ ပရစိတ်၊ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေပါတော့တယ်။ အဲဒီအချိန်မှာ သင့်ရဲ့အတ္တစိတ်ကို အများအကျိုးရှေးရှုတဲ့ ပရစိတ်လွှမ်းမိုး နိုင်သွားပြီဆိုလျှင်တော့ သင်ဟာ အောင်နိုင်ခဲတဲ့ စစ်ပွဲတစ်ပွဲကို နိုင်အောင်နွှဲနိုင်ခဲ့တဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရပါလိမ့်မယ်။ မိမိနေရာကို အစွဲအလမ်းမထားဘဲ အချိန်မရွေး ထပေးနိုင်အောင် ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေကို အခုချိန်ကစပြီး ပြင်ဆင်ထားကြပါစို့။

မောင်ကြည် | EMG