အတ္တသမံ ပေမံ နတ္ထိ လို့ ဘုရားဟော ရှိပါတယ်။ မိမိကိုယ်ကို အချစ်ဆုံးလို့ ဆိုလိုတဲ့သဘောပါ။ ငယ်ရွယ်စဉ် က အရပ်ထဲ အော်ဟစ်ဆဲဆိုကာ ယိုင်တိယိုင်တိုင် လမ်းသလားနေလေ့ရှိတဲ့ အရက်သမားတစ်ယောက် ကို ပြန်လည်မြင်ယောင်မိတယ်။ သူ့ပုံက သောက်ထားတာနဲ့ မသောက်ရသေးတာ မကွဲပါဘူး။

သူ့ကိုမြင်လိုက်တိုင်း မူးနေတဲ့ပုံစံပဲ တွေ့ရတယ်။ အရက်ဒဏ်နဲ့ ငယ်ငယ်ရွယ်ရွယ်မှာပဲ သူကွယ်လွန်သွား ခဲ့တယ်။ သူစွဲမက်တဲ့ အရက်ကို သေတဲ့အထိ မှီဝဲသွားခဲ့တယ်။ လျှာခံတွင်းအရသာရဲ့ တောင်းဆိုမှုကို သူအလိုလိုက်ခဲ့တယ်။ သူစားချင်တာ စားတယ်။ သူသောက်ချင်တာ သောက်တယ်။ သူ့ကိုယ်သူ အလိုလိုက်ခဲ့တယ်။ သူ့ကိုယ်သူ ချစ်လို့ပေါ့။

မိမိရဟန်းဘောင်ရောက်ပြီး တောင်မြို့ ခေါ်တွင် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ပညာသင်ယူ သီတင်းသုံးနေစဉ်အချိန်က မိုးကုတ်မြို့မှ မိဘမျိုးရိုးအရ ကြွယ်ဝချမ်းသာတဲ့ တရုတ်အနွယ် မောင်နှ မနှစ်ယောက် မန္တလေးမှာ ဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးတွေ ဖွင့်ပြီး ကောင်းရောင်းကောင်းဝယ် စီးပွါးရှာကြတယ်။ တစ်နေ့ အမဖြစ်သူက အရက်ချက်စက်ရုံ တည်ဆောက်ပြီး စီးပွါးရေးချဲ့ထွင်ဖို့ မောင်ဖြစ် သူနဲ့ တိုင်ပင်တယ်။

ဒါပေမယ့် မောင်ဖြစ်သူက တရားသမား။ ဖါးအောက်တောရမှာ အချိန်ကြာမြင့်စွာ ရဟန်းဝတ် တရားအား ထုတ်ခဲ့ဖူးသူ။ တောင်မြို့ မဟာဂန္ဓာရုံမှာလည်း ဒုလ္လရဟန်းခံခဲ့ဖူးသူ။ တောင်မြို့ဆရာတော်ဘုရားကြီးရဲ့ စာအုပ်များနဲ့ ရင်းနှီးကျွမ်းဝင်နေခဲ့သူ။ ဆိုတော့ အမရဲ့ ကမ်းလှမ်းချက်ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။ သို့သော် အမဖြစ်သူလည်း မလျှော့ပါဘူး။ မောင်နဲ့ ညှိမရလည်း ကိစ္စမရှိ။ တကိုယ်တည်း လုပ်ငန်းစလိုက်တ ယ်။ အမြတ်ဘယ်လောက်ထွက်ခဲ့သလဲ ဆိုတာတော့ မသိပါ။ လုပ်ငန်းစပြီး တစ်နှစ်လောက် ကြာတဲ့အခါ ငါးထပ်တိုက် ဧရာမအိမ်ကြီးတစ်လုံးကို ဆောက်လုပ်ပြီးစီးခဲ့တယ်။

မန္တလေးမြို့ပေါ်မှ အထင်ကရဆရာတော်ကြီးများနဲ့ မဟာဂန္ဓာရုံမှ ဆရာတော်သံဃာတော် အပါးတစ် ရာလောက်ကို ပင့်ဖိတ်ပြီး အိမ်တက်မင်္ဂလာအလှူပွဲကြီးကို တခမ်းတနား ကျင်းပခဲ့တယ်။အမဖြစ်သူ ဟာ သူ့ကိုယ်သူရော သူ့မိသားစုကိုရော ချစ်တယ်။ မောင်ဖြစ်သူအနေနဲ့လည်း သူ့ကိုယ်သူရော သူ့မိသားစု ကိုရော ချစ်တယ်။ သို့သော် သူတို့ မောင်နှမနှစ်ယောက်အကြား အသိအမြင် စဉ်းစားတွေးခေါ်မှုပညာ ခံယူချက် စိတ်နေစိတ်ထား မတူကြပါဘူး။ အသိအမြင် ပညာ ခံယူချက် စိတ်နေစိတ်ထား မတူကြတာကြောင့် သူတို့ နှစ်ဦးအကြား အလုပ်တွေလည်း မတူကြတော့ပါဘူး။

တစ်ခါ ၆၂ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် မဆလဥက္ကဌဟောင်း ဦးနေဝင်းကို ပြန်ကြည့်လိုက်တော့ သူလည်း သူ့ကိုယ်သူရော သူ့မိသားစုအသိုင်းအဝိုင်းကိုရော ချစ်ခဲ့မှာပါ။ အခြားစစ်အာဏာရှင် တစ်ယောက်ဖြစ်တဲ့ ဦးသန်းရွှေဟာလည်း အလားတူ သူ့ကိုယ်သူရော သူ့မိသားစုအသိုင်းအဝိုင်းကိုရော ချစ်မှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့ကိုယ်သူရော သူ့မိသားစုကိုရော ချစ်ခဲ့မှာပါ။

သို့သော် သူတို့ရဲ့ အသိအမြင် စဉ်းစားတွေးခေါ်ပုံ ဥာဏ်ပညာ ခံယူချက် စိတ်နေစိတ်ထား ပါရမီဓါတ်ခံတွေ မတူကွဲပြားကြတာကြောင့် သူတို့အချင်းချင်းအကြား နိုင်ငံနဲ့ ပြည်သူအတွက် သမိုင်းအမွေအနှစ်ကို ချန်ထားရစ်ခဲ့ရာမှာလည်း မတူထူးခြား ကွဲပြားသွားခဲ့ရပါတယ်။

ထိုမှတစ်ပါး တောင်မြို့ ဆရာတော်ဘုရားကြီးရဲ့ စာအုပ်တွေကို ဖတ်လိုက်ရင် ဆရာတော်ကြီးဟာ မြတ်စွာ ဘုရားရှင်ကို တိုက်ရိုက်ဖူးမြင်ခဲ့ဖူးသလား ထင်ရလောက်အောင် စာတွေကို ကွက်ကွက်ကွင်းကွင်း ရေးပြနိုင် တာ တွေ့ရပါတယ်။ ဆရာတော်ကြီးကိုယ်တိုင်လည်း သူဟာ သာဝတ္တိ ဝေသာလီ စတဲ့ မြို့ကြီးတွေ၊ ဇေတ ဝန်ကျောင်းတိုက်၊ ပုဗ္ဗာရုံကျောင်းတိုက် စတဲ့ မြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့ရာ ကျောင်းတော် ကြီးတွေ ဆီ နေ့စဉ်ရောက်နေပါတယ် ဆိုပြီး တရားသြဝါဒတွေမှာ ထည့်သွင်းမိန့်ကြားခဲ့တာကို ဖတ်ရှုမှတ်သားခဲ့ဖူး ပါတယ်။

ဆိုလိုတာက ဆရာတော်ကြီးဟာ ဘုရားဟောပါဠိတော် အဋ္ဌကထာ ဋီကာ ပိဋကတ်ကျမ်းစာကြီးများကို နေ့ စဉ် သင်ကြားပို့ချ ရေးသားနေရတာဆိုတော့ ထိုစာပေကျမ်းဂန်များမှတဆင့် မြတ်စွာဘုရားရှင် ခရီးဒေသစာ ရီ လှည့်လည်ကြွရောက် သီတင်းသုံးတော်မူရာ တိုင်းနိုင်ငံမြို့ရွာများနဲ့ ကျောင်းတိုက်ကြီးတွေဆီကို နေ့စဉ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်နေရသလို ထိတွေ့ခံစားနေခဲ့ရတယ်လို့ ဆရာတော်ကြီး ပြောချင်တာပါ။

တောင်မြို့ဆရာတော်ဘုရားကြီးဟာ သူ့ကိုယ်သူချစ်သလို ဗုဒ္ဓသာသနာတော်ကိုလည်း ချစ်မြတ်နိုးတယ်။ ဒါကြောင့် ကိုယ်တိုင် လုံ့လဝီရိယကြီးမားစွာ နောက်ဆုံး ဘဝနတ်ထံပျံလွန်တော်မူရန် နာရီပိုင်းအလိုအထိ ဗုဒ္ဓသာသနာတော်အတွက် ပေးဆပ်အလုပ်လုပ်သွားတော်မူခဲ့သလို ကျောင်းတိုက်သံဃာတော်များကိုလည်း စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ စတဲ့ ကျောင်းတိုက်စည်းမျဉ်း (၁၀) ချက်ကို နေ့ စဉ် နံနက်တိုင်း ရွတ်ဖတ်နှလုံးသွင်း ဆင်ခြင်စေခဲ့တယ်။

သူ့လူမျိုး သူ့နိုင်ငံကို ချစ်တာကြောင့် သူ့နိုင်ငံသား ဒါယကာ ဒါယိကာမများကို ကိုယ်ကျင့်သီလစောင့်ထိန်း ကြဖို့ လူအချင်းချင်း ငဲ့ညှာသနား ကရုဏာတရားထားကြဖို့ အစဉ်အမြဲ ဆုံးမသြဝါဒပေးတော်မူခဲ့သလို သာသနာတော်အတွက် ကျေးဇူးများတဲ့ ကျမ်းစာအုပ်ပေါင်းများစွာကိုလည်း ရေးသား ချန်ထားပေးတော် မူခဲ့ပါတယ်။

အတ္တသမံ ပေမံ နတ္တိ ဆိုတဲ့ ဘုရားဟော တရားတော်အရ မိမိကိုယ်ကို ချစ်တယ်ဆိုသော်လည်း အသိဥာဏ် ပညာ စဉ်းစားတွေးခေါ်မှု ပညာဥာဏ်အမြင် အနိမ့်အမြင့်အပေါ် မူတည်ပြီး လူတွေရဲ့ လုပ်ကိုင်ဆောင်ရွက် ပုံတွေလည်း ကွဲပြားခြားနားသွားရပုံကို အထက်ပါ သာဓကတချို့ကို ထုတ်နှုတ် ဥပမာဆောင်ပြခဲ့ခြင်း ဖြစ် ပါတယ်။

ကမ္မဿကောမှိ ကမ္မဒါယာဒေါ ဆိုတဲ့ ဘုရားဟော ဓမ္မပဒတရားတော်အရ လူတိုင်းအတွက် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ။ ကံပေးအပ်တဲ့ အမွေကို လူတိုင်း ခံယူရပါမယ်။ ဒါ့အပြင်လည်း မိမိတို့ ယခုပစ္စုပ္ဗန်မှာ ပြု လုပ်နေကြတဲ့ ကာယကံ ဝစီကံ မနောကံတိုင်းဟာ အနည်းနဲ့အများ ပတ်ဝန်းကျင် လူသားသတ္တဝါများအပေါ် ရိုက်ခတ်သက်ရောက်မှု ရှိနေပါတယ်။ သို့သော်ငြား လူအများကို အတိုင်းအတာအကြီးအမားဆုံး ရိုက်ခတ် သက်ရောက်မှု ဖြစ်စေသူတွေကတော့ နိုင်ငံကို မင်းလုပ်အုပ်ချုပ်နေကြသူတွေပဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ လူအများကို ချမ်းသာသုခ သို့မဟုတ် ဆင်းရဲဒုက္ခကို ဖြစ်စေမှု အတိုင်းအတာပမာဏအရ ကံပေးအပ်တဲ့ ကောင်းမွေဆိုးမွေကို ရရှိခံစားကြရမယ့် သူတွေဟာလည်း မိမိတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဘုရင်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ ဗိုလ်ချုပ်ကြီးဖြစ်စေ၊ ဝန်ကြီးဖြစ်စေ၊ အရာရှိကြီးဖြစ်စေ၊ အရာရှိငယ်ဖြစ်စေ၊ လက်လုပ်လက်စား ခေါင်းရွက်ဗျက်ထိုးသည်ဖြစ်စေ၊ ကံရဲ့ သဘောတရားကို နားလည်သည်ဖြစ်စေ၊ ကံရဲ့ သဘောတရားကို နားမလည်သည်ဖြစ်စေ၊ ကံဆိုတာကို အလေးဂရုပြုသူဖြစ်စေ၊ ကံဆိုတာကို ဂရုစိုက်စရာမလိုဟု ခံယူသူဖြစ်စေ ကံပေးအပ်မယ့် အမွေကို ဘယ်သူမှ ငြင်းပယ်ပိုင်ခွင့် မရှိပါဘူး။

“ကိုယ့်ကိုယ်ကို ချစ်ပါ” ဆိုတဲ့ တရားတော်တစ်ပုဒ်ကို တောင်မြို့ဆရာတော်ဘုရားကြီး ဟောကြား ထားတော်မူခဲ့တာလည်း ရှိပါတယ်။ ဆရာတော်ကြီးက ဓမ္မပဒမှာ လာရှိတဲ့ အောက်ပါဂါထာနဲ့ တရားနိဒါန်းပျိုးထားပါတယ်။

အတ္တာနံ စေ ပိယံ ဇညာ၊ ရေကၡယ် နံ သုုရကၡိတံ။ တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။
မိမိကိုတ်ာကောင်းယ်ကို ချစ်တယ်လို့ သိမယ်ဆိုရင် မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်သင့်တယ်။ ပညာရှိသူဟော ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ်ဆိုတဲ့ အရွယ်သုံးပါးတို့တွင် အရွယ်တ စ်ပါးပါးမှာ (အကုသိုလ်အပြစ်များမှ ကင်းစင်အောင်) ဆေးကြောသုတ်သင်သင့်တယ်။

မြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို နှလုံးသွင်းဆင်ခြင်စဉ်းစားရင်း မိမိကိုယ်ကို အမှန်တကယ် ချစ်ပါရဲ့လား၊ မိမိရဲ့ မိသားစု၊ မိမိရဲ့ လူမျိုး တိုင်းပြည်နိုင်ငံကိုရော လူသားအားလုံးကိုရော အမှန်တကယ် ချစ်ပါရဲ့လား၊ ချစ်တယ်ဆိုသော်လည်း ချစ်တတ်ပါရဲ့လား ဆိုတာကို မိမိကိုယ်ကို ပြန်လည်ဆန်းစစ် မေး ခွန်းထုတ်သင့်လှပါတယ်။

မိမိကိုယ်ကိုရော လူသားအားလုံးကိုပါ ချစ်တတ်ကြပါစေ။

အရှင်စန္ဒိမာ (မွန်စိန်တောရ) – တကယ်ချစ်ရဲ့လား