(၁)” အခုနေများ သိန်းသုံးရာထီပေါက်လိုက်ရင်ကောင်းမှာပဲဗျာ …. ”

ဖက်ရည်ဆိုင်အတူထိုင်စဉ် စက်ဘီးပြင်ဆရာလေး ကိုဖိုးနီက အဆက်အစပ်မရှိ
ပြောလာခြင်းဖြစ်ပါသည်။

” ဘာဖြစ်လို့လဲ ကိုဖိုးနီရေ ”

“ဘာဖြစ်ရမှာလဲဗျာ …. ကျုပ်တို့ လင်မယားရဲ့ နှစ်ဖက်မိဘတွေကြောင့်ပေါ့။ သူတို့ခမျာ အသက်အရွယ်ကြီးမှ ဆင်းတောင့်ဆင်းရဲ နေနေရရှာတယ်ဗျ ။ သားသမီးဖြစ်တဲ့ ကျုပ်တို့က ပြန်လည်ထောက်ပံ့ရအောင်ကလည်း … ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ဆိုတော့
အခက်သား မဟုတ်လား … ”

” ဒါ့ကြောင့် ထီပေါက်ဖို့ ဆုတောင်းနေရတာဗျ။ ဒါဆိုရင်တော့ ကျုပ်တိုဖို့ မကျန်ရင်နေပါစေ….
မိဘတွေကို အိမ်ဦးခန်းမှာထားပြီး လုပ်ကျွေးချင်လိုက်တာဗျာ ”
ဖိုးနီရဲ့ စကားကို ခေါင်းတဆတ်ဆတ်ညိတ်ခါ နားထောင်နေမိသည် ။
သူ့ရင်ထဲမှာလာသော သံစဉ်များပေဟု ……..

(၂) သုံရာသီစက်ဝန်း၏ စိုးမိုးချယ်လှယ်မှုအောက်တွင် နေထိုင်လာခဲ့ရင်း တစ်နှစ်ကူးပေပြီ ….။
” ကိုဖိုးနီရေ … ခင်ဗျား (၂၅)သိန်းဆု ပေါက်တယ်ဆို ”
ဖက်ရည်ဆိုင်တွင် ကိုဖိုးနီကိုတွေ့၍ ကျွန်တော်က ၀မ်းသာအားရ သတင်းမေးလိုက်သည် ။
” ဟုတ်တယ်ဗျာ ခင်ဗျားကြိုက်တာမှာ ကျုပ်ကျွေးပါ့မယ် ”
” စားရတာ ၊ မစားရတာ အရေးမကြီးပါဘူးဗျာ … ခင်ဗျားပြောခဲ့တဲ့အတိုင်း မိဘနဲ့ ယောက္ခမတွေကို ထောက်ပံ့ကူညီဖို့ အခွင့်သာသွားပြီပေါ့ ”
” ဘယ်ကလာ ထောက်ပံနိုင်ရမှာလည်းဗျာ ။ လင်မယားနှစ်ယောက် အိမ်ငှားဘ၀ကလွတ်အောင်ဆိုပြီး မြို့ထဲမှာ တိုက်ခံအိမ်တစ်လုံးကို သိန်းသုံးဆယ်နဲ့ဝယ်လိုက်တာ
ငါးသိန်းတောင် အကျွေးတင်နေပါသကောဗျ … ။
အခု ကျုပ်က မကူညီနိုင်တဲ့အပြင် မိဘတွေဆီကပါ ထပ်ပြီး လက်ဖြန့်ရမဲ့ကိန်းဆိုက်နေပြီဗျို့ ”
ညည်းညည်းညူညူ ပြောလာသော ကိုဖိုးနီ၏ စကားက မြင့်ရာမှ နိမ့်ရာသို့ စုန်ဆင်းတတ်သော သဘာဝကို ပိုမိုပီပြင်အောင် ထုဆစ်ပေးနေသလိုရှိသည်ဟု အတွေးပေါက်သွားမိပါသည် …… ။
၂၀၀၅(ဇွန်) မှုခင်းမဂွဇင်းမှဖတ်မိတာလေးပြန်ရေးပါတယ်။

ရွှေအိမ်စည်