အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) က အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့၏ အင်အားသည် မူလ ခန့်မှန်းသည်ထက် (၃)ဆမျှထိ များပြားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

CIA က ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြန့်ကျက် လှုပ်ရှားနေသည့် အစွန်းရောက် တပ်ဖွဲ့များသည် မူလ မှန်းဆထားသည့် ပမာဏ၏ (၃)ဆမျှအဖြစ် တိုက်ခိုက်ရေးသမား (၃၁၀၀၀)မျှထိ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ CIA မှ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက မေလမှ ဩဂုတ်လအတွင်း ရရှိသည့် ထောက်လှမ်းရေး အစီရင်ခံစာများကို ကိုးကားပြီး ယခုကဲ့သို့ ခန့်မှန်းခဲ့ခြင်းဟု ဆိုသည်။

IS သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားတို့တွင် ကျယ်ပြန့်သည့် ဒေသများကို ထိန်းချုပ် သိမ်းပိုက်ထားပြီး ကြမ်းတမ်းရက်စက်သော ရာဇဝတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်နေသည်။ IS အဖွဲ့သည် အမေရိကန် သတင်းထောက် နှစ်ဦးနှင့် ကာဒစ်ရှ် တိုက်ခိုက်ရေးသမား အချို့ကို ခေါင်းဖြတ်ကွပ်မျက်ခြင်း အပါအဝင် ဆိုးရွားသော လုပ်ရပ်များ ကျူးလွန်နေပြီး အမေရိကန်က ၎င်းတို့ကို လေကြောင်းမှ ထိုးနှက် တိုက်ခိုက်လျက် ရှိသည်။

အမေရိကန် သမ္မတ ဘာရတ်အိုးဘားမားသည် ဆီးရီးယားတွင်ရော၊ အီရတ်တွင်ပါ IS တို့ကို လေကြောင်းမှ တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် စက်တင်ဘာ (၁၁)ရက်တွင် အာရပ်နိုင်ငံ (၁၁)ခုက အဆိုပါ အစီအစဉ်တွင် ပါဝင်ထောက်ခံ ပူးပေါင်းရန် သဘောတူညီခဲ့ကြသည်။

အစောပိုင်းက IS အဖွဲ့ဝင် အရေအတွက်ကို (၁၀၀၀၀)မျှသာ ရှိမည်ဟု မှန်းဆထားခဲ့ကြောင်း CIA ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ရိုင်ယန်ထရက်ပါနီက ဆိုသည်။ “ဇွန်လနောက်ပိုင်း ကတည်းက IS ရဲ့ လူသစ်စုဆောင်းမှုက ပိုပြီး အားကောင်းလာတယ်။ စစ်ပွဲတွေမှာ အောင်မြင်မှု ရရှိတာရယ်၊ အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်
ကြောင်း ကြေညာလိုက်တာရယ်၊ စစ်ရေး လှုပ်ရှားမှု ပိုကောင်းလာတာတွေရယ်၊ ထောက်လှမ်းရေးစွမ်း ရည် မြင့်မားလာတာတွေရယ်က သူတို့ရဲ့ အင်အားဖြည့်တင်းမှုကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်”ဟု ထရက်ပါနီက မှတ်ချက်ပြုခဲ့သည်။

စက်တင်ဘာ (၁၁)ရက်က ဆော်ဒီအာရေဗျတွင် ကျင်းပသော အစည်းအဝေး တစ်ရပ်၌ အာရပ်နိုင်ငံ အများ အပြားက ISတို့အပေါ် တိုက်ခိုက်မည့် အမေရိကန် လေကြောင်း စစ်ဆင်ရေးများတွင် ပါဝင်ကူညီမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီထံ ကတိပြုခဲ့သည်။ NATO တပ်ဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် တူရကီကမူ ISကို တိုက်ခိုက်ရန် ပူးပေါင်းဆောင်ရွက်မည့် ကြေညာချက်၌ ပါဝင်လက်မှတ် ရေးထိုးရန် ငြင်း ဆန်ခဲ့သည်။

ယင်းအချက်မှာ IS တို့ လက်ထဲတွင် သံအရာရှိ အချို့အပါအဝင် တူရကီ နိုင်ငံသား (၄၉)ဦးကို ဖမ်းဆီး ချုပ်နှောင်ထား၍ ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။ ကယ်ရီကမူ ယခုအစီအစဉ်တွင် တူရကီ မပါဝင်မှုသည် အထိပါး မခံနိုင်သည့် အခြေအနေ အချို့ကြောင့်ဟု မှတ်ချက်ပေးခဲ့သည်။ ၎င်းသည် တူရကီ အစိုးရထံမှ ပိုမိုပူးပေါင်း ဆောင်ရွက်မှုကို ရရှိရန်အတွက် စက်တင်ဘာ (၁၂)ရက်တွင် တူရကီသို့ သွားရောက်ရန် စီစဉ်ထားသည်။

BBC