အစိုးရ စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရစဉ် အလွတ်တန်း သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်
သေဆုံးမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေ အရ အရေးယူပေးဖို့ ပြည်မြို့မှာ ဗုဒ္ဓဟူးနေ့နံနက် ပိုင်း က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ကျန်ရစ်သူ မိသားစုအနေဖြင့် တရားမျှတမှုရှာဖွေခွင့် ရရှိရေး၊ စိတ်ခံစားမှု ကုစားခွင့်ရရှိစေရေး စသည်တို့ကို
ဆောင်ရွက်ပေးရန်လည်း သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ကြေညာချက် ထုတ်ပြန်ပြီး
တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်ဆန်းက ဧရာဝ တီကို ပြောပါတယ်။

ဆန္ဒပြပွဲကို ပြည်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ၀င်တွေ၊ ပြည်ခရိုင် နိုင်ငံရေး အကျဉ်း သားဟောင်းအသင်းမှ အဖွဲ့ဝင်တွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ၈၈ ပွင့်လင်း အဖွဲ့ အစည်းဝင်တွေ၊ တက်ကြွ လှုပ်ရှား အဖွဲ့တွေနဲ့ နယ်မြေခံ သတင်းထောက်တချို့ စတဲ့ စုစုပေါင်း လူအင်အား ၇၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို မွန်ပြည်နယ် ကျိုက်မရောမြို့၊ အခြေစိုက် ခမရ (၂၀၈) မှာ ဖမ်းဆီး ခံ ထားရစဉ် ထွက်ပြေးဖို့ ကြိုးစားတာ အပြင်၊ တာဝန်ကျ ၀န်ထမ်းဆီက သေနတ်ကို လုယူဖို့ကြိုးစားတဲ့အတွက် ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော်က ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုပါကြီး ဟာ ယခုလဆန်းပိုင်းမှာပဲ ပစ် သတ်ခံခဲ့ရပါတယ်။

စစ်တပ်က ပြောဆိုချက်ဟာ မှန်ကန် ခိုင်လုံမှု မရှိဘူးလို့လည်း ကိုကျော်ဆန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တရား ဥပဒေ စိုးမိုးဖို့၊ လူ့အခွင့်အရေး ရရှိဖို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူတွေကို ဥပဒေ အရ အရေးယူ ပေးဖို့နဲ့နောက်နောင်မှာလည်း ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် ဆောင်ရွက်ဖို့ လည်း တောင်းဆိုခဲ့ကြပါတယ်။

ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီးတော့လည်း တပ်မတော်အနေနဲ့ ရှင်းလင်းတိကျအောင် ဆောင်ရွက်ပေးဖို့၊ ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ဆောင်ပေးဖို့၊ တဘက်သတ် မလုပ်ဆောင်ဖို့ကိုပါ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုမျိုးသူထွဋ်က ပြောပါတယ်။

ကိုမျိုးသူထွဋ်က “စစ်တပ်အနေနဲ့ သူတို့မှာ အပြစ်မရှိဘူး၊ သူတို့လုပ်ရပ် မှန်ကန်တယ်ဆိုပြီး အမြဲတမ်း တ ဖက်သတ် ထုတ်ပြန်ပြောဆိုနေတာက တာဝန်မဲ့လွန်းပါတယ်။ ကိုပါကြီး ကိစ္စမတိုင်ခင် ပြည်မြို့ နဝဒေး တံ တားအောက်ကိစ္စလည်း မိသားစုဝင်တွေကိုပဲခေါ်ပြီး သူတို့လုပ်တာမဟုတ်ဘူးဆိုပြီး ရှင်းပြလိုက်တာနဲ့ ဒီအ မှုဟာ အစပျောက်ခဲ့ရတယ်။ သူတို့ဖြေရှင်းချက်တွေဟာ ပြည်သူလူထု အနေနဲ့ လက်ခံနိုင်စရာမရှိပါဘူး” လို့ ပြောပါတယ်။

ဆန္ဒပြရာတွင် ပါဝင်သူ ကိုရေခဲကလည်း “ကိုပါကြီးကို သတင်းထောက် တယောက်အဖြစ် အသိအမှတ်ပြုတဲ့ အတွက် ပူးပေါင်းပြီး ဆန္ဒပြတယ်။ သူရေးသားခဲ့တဲ့ သတင်းဌာနတွေကလည်း အသိအမှတ်ပြုပြီး စာနယ်ဇင်း
ကောင်စီ(ယာယီ)ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရကို တွန်းအားပေးပြီး တောင်းဆိုပေးဖို့ ကျနော်တို့
တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ဆန္ဒပြခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့ပေမယ့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့ မှာ ဆန္ဒပြခွင့်ကိုတော့ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေက အုပ်ချုပ်ရေးမှူးရုံးရှေ့အထိသွားရောက်
ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကောင်းမြတ်မင်း | ဧရာဝတီ