AFP

သေဆုံးနေသည့် လူနာများနှင့် တွဲပြီး ကိုယ့် ကိုယ်ကိုယ် ဖုန်းကင်မရာဖြင့် ဓာတ်ပုံများ ရိုက်ခဲ့သည့် အီတလီ သူနာပြု ဆရာမ တစ်ဦးသည် အဆိုပါ လူသေများထဲမှ တစ်ဦးကို သတ်ဖြတ်မှုနှင့် ဒါဇင်နှင့်ချီသည့် အခြား သူများကိုလည်း သေဆုံးစေခဲ့မှုဖြင့် ရဲ၏ ထိန်းသိမ်းမှု ခံနေရပြီး စွဲချက်များဖြင့် စွပ်စွဲ ခံနေရကြောင်း အီတာလျံ မီဒီယာများက ဖော်ပြနေကြသည်။

ဒန်နီယယ်လာ ပေါ့ဂျီယာလီ (၄၂) နှစ် ဟုခေါ်သည့် ထိုသူနာပြု ဆရာမသည် သူမ စောင့်ရှောက် ပေးနေ ရသည့် အသက် (၇၈) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး သေဆုံးပြီးနောက် အလောင်းကို ရင်ခွဲစစ်ဆေးမှု လုပ်ပြီးချိန်တွင် Selfie ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်မှစ၍ ၎င်း၏ ဓာတ်ပုံ ရိုက်တတ်သည့် အကြောင်းမှာ မီဒီယာများတွင် တဖြည်းဖြည်းချင်း ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ပေါ်လာခဲ့သော ဓာတ်ပုံ များ တွင်လည်း သူနာပြု ဆရာမမှာ လူသေ အလောင်းများကို အနောက်တွင် ထား၍ အားလပ်ရက် ခရီး ထွက် သည့်ပုံ အမှတ်တရ Selfie ပုံများ ရိုက်ကူး ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် အီတလီ မြောက်ပိုင်းရှိ အွန်ဘာတို ဆေးရုံသည် ၎င်း၏ နောက်ကြောင်းကို စုံစမ်းခဲ့ရာ ၎င်းသည် ၎င်းစောင့်ရှောက် ခဲ့သော လူနာ (၈၆) ဦးတွင် (၃၈) ဦးမှာ ၎င်းစောင့်ရှောက်သည့် တာဝန်ချိန် သုံးလ အတွင်း
သေဆုံးခဲ့သည့် မှတ်တမ်း ရှိသည်ကို တွေ့ရသည် ဆိုသည်။

ထို့အပြင် ဆေးရုံတွင် အခြား သူများနှင့်လည်း ဆက်ဆံရေး မကောင်းသည့် သူနာပြု ပေါ့ဂျီယာလီမှာဝေဒ နာကြောင့် အနှောင့်အယှက် ဖြစ်စေသော လူနာများကို ပိုတက်ဆီယမ် ဆေးများ ပမာဏ အမြောက်
မြား ထိုးပေးတတ်သူ ဖြစ်ကြောင်းလည်း သိရသည်။ ပိုတက်ဆီယမ် ဆေးများမှာ ပမာဏများပါက နှလုံး ရပ်စေ နိုင်သည်ဟုဆိုသည်။

၎င်းကို အောက်တိုဘာ (၉) ရက်နေ့တွင် ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ အရာရှိ များကလည်း ၎င်းသည် သေဆုံးခဲ့ သည့် အထက်ပါ (၇၈) နှစ် အရွယ် အဘွားအိုကို ပိုတက်ဆီယမ်များ အမြောက်အမြား ထိုးပေးခဲ့ကြောင်း ဆိုထားသည်။ ပေါ့ဂျီယာလီကမူ လူသတ်မှု စွဲချက်များကို ငြင်းဆန်ထားပြီး လုပ်ဖော် ကိုင်ဖက်များ၏
တောင်းဆိုမှုကြောင့် လူသေများနှင့် ဓာတ်ပုံ ရိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။ သို့သော် သူနာပြုသည် လူနာများကို ၀မ်းနှုတ်ဆေးများ တိုက်ခဲ့မှုလည်း ရှိသေးကြောင်း စွပ်စွဲမှုများရင်ဆိုင် နေရသည်ဆိုသည်။

messenger