ကျန်းမာရေးနဲ့ မညီသော အစားအစာများ စားမိခြင်းကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ဖျားနာမှု သန်းငါး ရာလောက်ထိ ဖြစ်ပွားနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က သတိပေးလိုက်သည်။

ကျန်းမာရေးနှင့် မညီသော အစားအစာများကြောင့် ၂၀၁၀ ခုနှစ်တွင် သေဆုံးသူ ပမာဏ (၃၅၁၀၀၀) ရှိခဲ့ကြောင်း WHO စာရင်းများက ဆိုလိုက်သည်။ ကျက်အောင် မချက်ထားသော အစားအသောက်များ၊ မသန့်သော၊ ပိုးမွှားများ ပါသော အစားအသောက်များ စသည် စသည်တို့ကို ကျန်းမာရေးနှင့် မညီသော အစားအစာများ အဖြစ် သတ်မှတ်သည်။

ကျက်အောင် ချက်မထားသော အစား အစာများကြောင့် ချည်းဝမ်းရောဂါအစ ကင်ဆာအဆုံး ရောဂါအမျိုး (၂၀၀) လောက် ဖြစ်ပွား နေရသည်။

ကမ္ဘာ့လူဦးရေ တိုးလာမှုကြောင့် စားသောက်ကုန်များလည်း ပိုထုတ်လုပ် လာရရာ အစားအသောက်များထဲ တွင် မသန့်သော ပိုးမွှားများ ပိုမို ပါဝင်လာဖို့ကလည်း ရာခိုင်နှုန်း များသထက် များလာနေသည်။

ချက်ပြုတ်ရာမှာ သတိထားပါ။

ကျန်းမာရေးနှင့် မညီသော အစားအသောက်များထဲတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးများက အစ ဓာတုပစ္စည်း အမျိုးမျိုးထိ ပါဝင်နေနိုင်သည်။ လူ့အညစ်အကြေးများနှင့် ပေကျံနေသော အသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို သန့်စင်အောင် မဆေးခြင်း၊ မချက်ပြုတ်ခြင်း တို့ကြောင့်လည်း အစားအသောက်များမှ တစ်ဆင့် လူသားထံ ရောဂါများ ရောက်လာနိုင်သည်။ ကမ္ဘာလုံးချီ ဆက်နွယ်မှု အားကောင်း လာနေသော ယနေ့ ခေတ်ကြီးတွင် ဟင်းအမယ် တစ်မျိုးတွင် ထည့်သုံးသော ပစ္စည်းများသည် တစ်နိုင်ငံတည်းမှ မဟုတ်ဘဲ နိုင်ငံစုံမှ ဖြစ်နေရာ အစားအသောက် ဟင်းလျာများ၏ ကျန်းမာရေး မညီညွတ်မှုကို စစ်ဆေး ဖော်ထုတ်ဖို့က ခက်သထက် ခက်လာနေကြောင်း WHO က ပြောသည်။

““ဒေသဟင်းလျာ တစ်ခုဟာ တကယ်တမ်း ကျတော့ နိုင်ငံတကာ ပစ္စည်းတွေ ပေါင်းစပ်ထားတဲ့ ဟင်းလျာ ဖြစ်နေပါတယ်။ ဒေသ ဟင်းလျာ တစ်ခုရဲ့ ပြဿနာဟာ နိုင်ငံတကာ ပြဿနာ တစ်ခုအဖြစ်ကိုလည်း အချိန်မရွေး ရောက်ရှိ လာနိုင်ပါတယ်”” ဟု WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန်းက ပြောကြားသည်။

““စားသောက်ကုန် ထုတ်လုပ်ခြင်းဟာ စက်မှုလုပ်ငန်း တစ်ခု အဆင့်မျိုးကို ရောက်နေပြီ။ စားသောက်ကုန် ကုန်သွယ်မှုက ကမ္ဘာလုံးချီ ကွန်ရက် ဖြစ်နေပြီ”” ဟု မစ္စချန်းက ဆက်လက် ပြောကြားသည်။

““တစ်ကမ္ဘာလုံးက စားသောက်ကုန် ပစ္စည်း အမယ်တွေကို စုပေါင်း အသုံးချ ထုတ်လုပ် နေကြတာကြောင့် တစ်နေရာ မဟုတ် တစ်နေရာကနေ မသန့်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးတွေ၊ ဓာတုပစ္စည်းတွေ ပါလာဖို့ကလည်း ဖြစ်နိုင်ခြေ များသထက် များလာနေတယ်”” ဟု ၎င်းက သုံးသပ် ပြောကြားသည်။

အစားအသောက်များထဲတွင် အီကိုလိုင်ပိုး အုပ်စုဝင်များ ပါဝင်လာမှုကြောင့် ၀မ်းကိုက်ရောဂါ၊ ၀မ်းပျက် ၀မ်းလျှော ရောဂါများထိ ဖြစ်ပွားကာ သေဆုံးမှုများထိ ဖြစ်ပွားရသည်။ အစားအစာ မသန့်ရှင်းခြင်းကြောင့် အာဖရိကနှင့် အရှေ့တောင် အာရှဒေသတို့တွင် သေဆုံးမှု အများဆုံး ဖြစ်ပွားလျက် ရှိသည်။ အစားအစာ မသန့်ရှင်းခြင်းကြောင့် သေဆုံးသူ (၄၀) ရာခိုင်နှုန်းသည် အသက် ငါးနှစ်အောက် ကလေးများ ဖြစ်သည်။

သေချာ စူးစမ်းကြဖို့လို

ကျန်းမာရေးနှင့် မညီသော အစားအစာများသည် နိုင်ငံတကာ စီးပွားရေးကိုပါ အဆိုးဘက်မှ သက်ရောက်မှု ရှိသည်။ ဂျာမနီတွင် ၂၀၁၁ ခုနှစ်က အီကိုလိုင်ပိုး ကပ်ဘေးကြောင့် စိုက်ပျိုး ထုတ်လုပ်သူ လယ်သမားများနှင့် စက်မှု လုပ်ငန်းများ ဒေါ်လာ သန်း (၁၃၀၀) ဖိုးနီးပါး ဆုံးရှုံးခဲ့ရသည်။ တစ်ဆင့်ခံ ဂယက့် ရိုက်မှုများကြောင့် ကမ္ဘာတစ်ဝန်း ဆုံးရှုံးရမှုများလည်း ရှိသေးသည်။ စားသောက်ကုန်များ ကျန်းမာရေးနှင့် ညီညွတ်စေရေး အားထုတ် ကြိုးပမ်းကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံတကာ ခေါင်းဆောင်များကို တိုက်တွန်း နှိုးဆော်ထားသည်။

ဧပြီ (၇) ရက်နေ့က စပြီး WHO သည် နိုင်ငံတကာ စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေး လှုပ်ရှား မှု ““စိုက်ခင်းမှ ပန်းကန်ပြားပေါ်သို့”” (From Farm to Plate) ကို ပြုလုပ်မည် ဖြစ်သည်။ နိုင်ငံတ ကာ အစိုးရများ အနေဖြင့် မိမိတို့နိုင်ငံတွင် ရှိသော ဟင်းလျာများထဲတွင် ပါဝင်သည့် ဟင်းအမယ် တစ်မျိုးချင်းစီသည် မည်သည့် နေရာများက လာကြောင်းကို စူးစမ်းကြဖို့၊ ဒေသ အသီးသီး ကလာသော ဟင်းမယ်များသည် ကျန်းမာရေးနှင့်ညီစွာ ထုတ်လုပ်ထားခြင်း ရှိမရှိ၊ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်ရော ကျန်းမာရေးနှင့် ညီညွတ်သော နည်းလမ်းများဖြင့် သယ်ဆောင်ခြင်း ရှိမရှိကိုပါ အသေးစိတ် စိစစ်ကြဖို့ WHO က တိုက်တွန်း နှိုးဆော်သွားမည် ဖြစ်သည်။

ကျန်းမာသော အစားအစာ ဖြစ်အောင် ဘယ်လို လုပ်မလဲ။

– အစားအစာ တစ်ခု မပြင်ဆင်ခင် လက်ကို စင်အောင်ဆေး၊ သုံးမည့် အစားအစာ အမယ်များကိုလည်း စင်ကြယ်အောင် ဆေး၊ အစား အစာများကို ခုတ်ထစ်မည့် ဓားများက အစ ချက်ပြုတ် ကြော်လှော်မည့် အိုးခွက်များ အလယ်၊ ထည့်ပြီး တည်ခင်းမည့် ပန်းကန်များ အထိ သန့်ရှင်းအောင် ဆေးကြောရမည်။

– အသားစိမ်း၊ ငါးစိမ်းများကို သီးသန့် ပန်းကန် ခွက်ယောက်များ ဖြင့် သပ်သပ် ထည့်ရမည်။ ချက်ပြုတ် ပြီးသားများ အတွက် ပန်းကန် ခွက်ယောက် သပ်သပ် ထားရမည်။ အကြောင်းမူကား အသားစိမ်း ငါးစိမ်းနှင့် ဟင်းသီး ဟင်းရွက် သစ်သီး ၀လံစိမ်းများတွင် ပိုးမွှား အမျိုးမျိုး ကပ်ပါနေနိုင်သောကြောင့် ဖြစ်သည်။

– သင့်တော်သော အပူချိန် ပေးတတ်ဖို့ လိုမည်။ ချက်ပြုတ် ထားပြီးသား ဟင်းလျာများကို ပုံမှန် အခန်း အပူချိန်တွင် နှစ်နာရီထက် ပိုပြီး မထားသင့်။ စားခါနီးလျှင် ပူပူနွေးနွေး ဖြစ်အောင် ပြန်နွှေးပြီး စားခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။

– အသားစိမ်း ငါးစိမ်းနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဆေးကြောသည့် ရေကိုလည်း ဂရု စိုက်ရမည်။ ရေသန့်သန့်နှင့် ဆေးကြောနိုင်လေ ကောင်းလေ ဖြစ်သည်။

The Messenger