ထိုင်းနိုင်ငံရှိ တိရစ္ဆာန်အစာစက်ရုံတစ်ခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦး အသားကြိတ်စက်အတွင်း ချော်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။ သေဆုံးသူ အသက် ၃၇ နှစ်ရှိ ‘ဇော်’ မှာ ဘန်ကောက်မြို့ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာအကွာ ချောင်ဘူရီရှိ စက်ရုံတစ်ရုံတွင် တနင်္လာနေ့ ညနေပိုင်းက သေဆုံး ခဲ့ခြင်းဖြစ် သည်။

သေဆုံးမှုကို စစ်ဆေးသူ ချောင်ဘူရီရဲတပ်ဖွဲ့မှ အရာရှိ သာနင်သောင်က “ဒါက မတော်တဆမှုတစ်ခုပါ။ အလောင်းကို ဆရာဝန်နဲ့အတူ စစ်ဆေးခဲ့ပြီး အလောင်းအောက်ပိုင်းက ကြေနေပါတယ်” ဟု AFP သတင်းဌာနသို့ ဖုန်းဖြင့် ပြောကြားသည်။

ထိုစက်ရုံတွင် ၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် သေဆုံးသူမှာ အသားကြိတ်စက် အတွင်း ချော်ကျစဉ် စက်အတွင်း ထည့်ထားသည့် ကော်များကြောင့် ပြန် မထွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ခွေးစာ အရိုးတု ထုတ်လုပ်ရန်အတွက် အသားကြိတ်စက် အတွင်း ကော်များ ထည့်သွင်းထားခြင်းဖြစ်သည်။

“ကြိတ်စက်ထဲကို ကျသွားချိန်မှာ ကော်တွေကြောင့် သူလှုပ်လို့ မရခဲ့ပါဘူး” ဟု သာနင်သောင်က ဆိုသည်။ သေဆုံးမှုအကြောင်းကို ဦးဇော်၏ အကြောင်းကြားပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သေဆုံးမှုဖြစ်ပွားသည့် Pet Smart စက်ရုံမှာမူ AFP သတင်းဌာန၏ ဖုန်းဖြင့်မေးမြန်းမှု ကို ဖြေကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံတွင် ဆင်းရဲသားရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ရှိပြီး အများစု မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား တို့ မှဖြစ်သည်။

KHTun – The Ladies News Journal