တပို့တွဲလပြည့်ကျော်…အအေးဓာတ်လျော့…။ စောစောနေထွက်…နောက်ကျနေဝင်ကာ ရွက်ဝါလေးတွေ ဖြုတ်ဖြုတ်ကြွေပြီး… တောင်လေလေးဝှေ့ လာတော့ ”သြော်…တစ်နှစ်၊ တစ်နှစ် ဘာမျှမကြာ လိုက်ပါလား…၊ မကြာခင် သင်္ကြန်ရောက်ဦးမှာပေါ့ လေ..”ဟု သံဝေဂလိုလို…၊ စိတ်ပျက်ညည်းတွား သံလိုလိုနှင့် ဝတ္တရား မပျက် ညည်းညူမိပြန်ပါ၏။ ဟုတ်သည်…၊ တပို့တွဲလပြည့်ကျော်ပြီးတာနှင့် ဖေဖော်ဝါရီ လကုန်တော့ မှာပေါ့…။ မတ်လဆန်းတာနှင့် မန္တလေး စည်ပင်သာယာရုံးရှေ့မှာ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကြီး စတင်ဆောက်ဖို့ ဧရာမသံမဏိဟင်းဂလိုင်းကြီးတွေကို ဝန်ချီစက်ကြီးတွေနှင့် ချကြမည်။ ပြီးတော့စတင်ဆောက် လုပ်ကြတော့မည်။

ငယ်ငယ်ကဆိုလျှင်တော့ မတ်လဆန်း ၁ဝ တန်း စာမေးပွဲကြီးပြီးတာနှင့် သင်္ကြန်ရနံ့နှင့်အတူ သင်္ကြန် မိုးကမြို့လုံးကျွတ်ထလာတော့၏။ ပြတိုင်းပြတိုင်းမှာ သင်္ကြန်ကြော်ငြာပိုစတာတွေ ပလူပျံလာသည်။ ဝင်းတွေ၊ ဓမ္မာရုံတွေထဲ တူးပို့တူးပို့ဒိုးသံနှင့်သင်္ကြန်သီချင်း၊ သင်္ကြန်တီးလုံး၊ သင်္ကြန်ယိမ်းတိုက်သံတွေကြား လာရပြီ။ အချို့ ဝင်း၊ အချို့ရပ်ကွက်၊ အချို့ဓမ္မာရုံတွေမှာလည်း စည်တိုသံ၊ လင်းကွင်းသံစည်းချက်ကျကျဖြင့် သင်္ကြန်သံချပ်တွေ တိုက်ကြဖို့ ပြင်ဆင်လာကြ၏။ သင်္ကြန်တီးလုံး၊ သင်္ကြန်သီချင်း၊ သင်္ကြန်သံချပ်ကိုတော့ သိုသိုသိပ်သိပ်ဖြင့်သာ မိမိတို့သံချပ်အသင်းသားများသီးသန့်ဖြင့် အချိန်ကပ်မှ တိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သင်္ကြန်သံချပ်ပါ အကြောင်းအရာအသစ်အဆန်းတွေကို ပြိုင်ဘက်အသင်းတွေ ကြိုတင်မသိစေချင်လို့ဖြစ်သည်။

ထို့ကြောင့် ငယ်စဉ်ကဆိုလျှင်ဖြင့် ယခုလိုဆောင်း ဆုတ်ရန်ပြင်ချိန်တွင် သံဝေဂတွေ၊ ညည်းညူစိတ်ပျက် မှုတွေ အလျဉ်းအသံမထွက်ဘဲ ရင်တလှပ်လှပ်ဖြင့် အပျော်ဓာတ်တွေပဲ စတင်ဥဖွဲ့ကြီးထွားလာသည် ချည်းဖြစ်သည်။

ဟုတ်သည်…။ အဲသည်တုန်းက ပြည်သူ့သင်္ကြန်၊ လူထုသင်္ကြန်၊ ယဉ်ကျေးမှုသင်္ကြန်၊ အယုတ် အလတ် အမြတ်မရွေး အားလုံးကိုယ်စားပြုသင်္ကြန်ဖြစ်သည်။

ထိုစဉ်ကာလ…ညောင်းရွက်ကျ၊ တောင်လေ မြူးစဆိုလျှင်ပင်…၊ တီးလုံးတီးကွက်ဝါသနာပါသူတိုင်း နှုတ်ဖျား တွင် သင်္ကြန်တီးလုံးတီးကွက်ကို ရွတ်ဆိုကြည့်ကာ အနားရှိမယ်ဒလင်၊ တယော၊ ပတ္တလားတို့ဖြင့် တို့ခတ် ကြည့်မိသည်ချည်းဖြစ်၏။ သီချင်း၊ ကဗျာဝါသနာပါသူတိုင်းလည်း သင်္ကြန်တေးတစ်စကို စိတ်ထဲပေါ်သည်နှင့် ဗလာစာအုပ်၊ စာရွက်ထဲချက်ချင်းရေးချသီကုံးမိကြသည်ချည်းဖြစ်သည်။ အလားတူ လက်မှုပညာနှင့် ပန်းချီ ဝါသနာပါသူကလည်း စာရွက်လွတ်တစ်ရွက်မှာ အလှပြ မဏ္ဍပ်ပုံစံ၊ အလှပြရေသဘင်ကားပုံစံကောက်

ကြောင်း တွေခြစ်ကြည့်နေကြသည်။ အတီးအမှုတ်ဝါသနာပါသူက လည်း စန္ဒရား၊ တယော၊ ဂီတာ… နီးစပ်ရာဖြင့် အသံညှိ တို့ထိတေးတစ်စဖန်တီးနေကြပြီ။

သံချပ်ဝါသနာပါသူတွေက အချင်းချင်းခေါင်းချင်းဆိုင်ပြီး အကြောင်းအရာတစ်ခုအပေါ် ပုဂ္ဂိုလ်ရေးလား၊ အမျိုးသားရေးလား၊ သာမညလား၊ အဓိကလား၊ ပဋိပက္ခလား၊ သမူဟလား၊ ရန်တိုက်တာလား၊ စံကိုက်တာ လား…။ ငြင်းခုံဆွေးနွေးပြီး မှတ်စုထုတ်နေကြပြီ။တကယ်တော့ သင်္ကြန်ဆိုတာ မြန်မာပြည်တွင်း၌နေထိုင် သော ပုပုရွရွလူမှန်သမျှနှင့် သက်ဆိုင်သည်။ ဦးတည်ချက်က အမျိုးသားရေးဆိုင်ရာ ယဉ်ကျေးမှုပြယုဂ်…။ သင်္ကြန်ကို လက်ဝါးကြီးအုပ်လို့မရ…။သင်္ကြန်ကို သံဆူး ကြိုးခတ်ကန့်သတ်လို့မရ…။ သင်္ကြန်ကို ဆိုဖာခုံ၊ ဆက်တီ၊ အပူအအေးစားသောက်ဖွယ်ရာနှင့် အခွင့်ထူး ခံလို့မရ…။ 

သင်္ကြန်ကို ကော်ဇောနီခင်း၊ ဝင်ခွင့်လက်မှတ် ဖြင့် ဗီအိုင်ပီသီးသန့်လုပ်လို့မရ…။ သင်္ကြန်ကို စိတ်တော် သိဗောင်းတော်…မူဖြင့် အမှတ်ပေး အကဲဖြတ်လို့မရ…။ သင်္ကြန်ကို ငွေအရင်းအနှီးထုတ် နေရာအပိုင် စားဝယ်…၊ လက်မှတ်ပြန်ရောင်း အမြတ်ထုတ် စီးပွား ဖြစ်လုပ်လို့မရ။ သင်္ကြန်ကို လက်ဝါးရိုက်စည်းဝေးဆုံး ဖြတ် ငွေသိန်းရာချီသုံးပြီး ပျော်တော်ဆက်ခံလို့မရ။ သင်္ကြန်ကို ခေတ်ပေါ်လက်ညှိုးထိုး အဟောင်းနှာခေါင်း ရှုံ့…၊ လူတော်သလင်းပွဲ တရားဝင်ကျင်းပလို့ မရ…။ သင်္ကြန်ကို အစဉ်အလာရွှေမျက်နှာဖုံး စက္ကန့် ၃ဝ စာတီဗွီရိုက် လွှင့်ပြီး..တစ်ချိန်လုံးပျော်သလိုသာနေကိုယ့်လူရေ…ထင်ရာကဲလို့မရ…။

မန္တလေးသည် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်များနှင့်ပတ်သက်၍မူအစဉ်အလာမှတ်တိုင်များကို သမိုင်း တန်ဖိုးရှိရှိစိုက်ထူနိုင်ခဲ့သည်။ ထိုမှတ်တိုင်များက သမိုင်း တန်ဖိုးရှိခဲ့၏။ အမျိုးသားရေးဆိုင်ရာ အမှတ်အသားများ လည်းဖြစ်ခဲ့၏။ ဂုဏ်ပုဒ်ဝိသေသများလည်းဖြစ်ခဲ့၏။သာမန်တစ်ဦးနှင့်တစ်ဦး ရေပက်ကစားကြရာမှ…၁၉၂ဝ ဝန်းကျင်တွင် ကုန်တိုက်၊ ကုမ္ပဏီများသုံးသော ထရပ်ကားကြီးတွေပေါ် ရေစည်ပိုင်း၊ ရေပုံးများတင်ကာ တစ်ပြဝင်၊ တစ်ပြထွက် ရေပက်ကစားကြသည့်အစဉ်အလာတွေ ပေါ်ပေါက်လာသည်။ 

တစ်နှစ်၊ နှစ်နှစ်အတွင်း ထိုရေပက်ခံ ကားကြီးတွေပေါ်မှာ ရေစိုခံတူရိယာပစ္စည်းတွေ ပါဝင်လာကာ တီးမှုတ်သီဆိုဖျော်ဖြေမှုတွေ တိုးလာသည်။ သည်လို ရေပက်ခံကားတွေလာရောက်ရေပက်ကစား သီဆိုတီးမှုတ်ကြလျှင် ရေပက်အဖွဲ့တွေကလည်း ပြန်လည်ဧည့်ခံကြဖို့ ရေပက်မဏ္ဍပ်တွေမှာ တီးဝိုင်းအဖွဲ့တွေပါဝင်လာကြသည်။နောက်တော့ ဝါသနာရှင်အသီးသီး၏ ကိုယ်ပိုင်သီချင်း၊ ကိုယ်ပိုင် တီးလုံးတွေပါလာတာပေါ့။ ကားတွေ၊ မဏ္ဍပ်တွေ အလှဆင်ပသာဒအသွင်ခြယ်မှုန်းဖန်တီးမှုတွေ ပါလာတာပေါ့။

”မိုး…မိုး…မိုးလားမောင်တို့
လေ… လေ… လေလားမောင်တို့
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ…
အမောပြေအောင် သောက်ပါ့ မမ…”
”သူများပျော်လို့ မပျော်နိုင်…ရည်းစားပျောက် လို့မှိုင်…”ဟူသော သမားရိုးကျသံချပ်များအစား အမြင် မတော်တာသရော်သည့် သံချပ်တွေထိုးလာကြသည်။ 

ဤသို့ဖြင့် နိုင်ငံ၏နောက်ခံကားချပ်များက သင်္ကြန်မှာ မဖြစ်မနေ ပုံရိပ်ထင်လာတော့သည်။ လွတ်လပ်ရေး တိုက်ပွဲအရှိန်အဟုန် မြင့်လာသည့် ၁၃ဝဝ ပြည့်နှစ်သင်္ကြန်မှာ မန္တလေးသင်္ကြန်အဖွဲ့ သားများကလည်း ခေတ်ကိုထင်ဟပ်သည့် သင်္ကြန်သီချင်းများ ရေးစပ်လာကြသည်။ အထူးသဖြင့် မျိုးရိုးဇာတိဝံသာနု စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်သတိရစေလိုမှုကို ဦးစား ပေးလာကြ၏။ 
ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ဒဏ်ကြောင့် ပျက်စီးနေသော မန္တလေးမြို့ကြီး၏ ၁၉၄၅ခုနှစ် သင်္ကြန် အကြိုကာလတွင် ”ဖြစ်ဟဲ့ဆို…ဖြစ်ရမယ်တဲ့ တက်ခေတ် လူငယ်များ၊ အားအင်တောင့်တင်းစေ…”ဟု လှုံ့ဆော် ကာ ပြည်တော်ဝင်သင်္ကြန် ဆင်နွှဲခဲ့ကြသည်။ ၁၉၄၇ခုနှစ် မှာတော့ သင်္ကြန်အရှိန်ကို ပြန်လည်မြှင့်တင်ခဲ့ကြသည်။ အသင်းအဖွဲ့များ အားလုံးနီးနီးက လွတ်လပ်ရေးတိုက်ပွဲနှင့် အမျိုးသားနိုင်ငံတော်သစ် ထူထောင်ရေးပြယုဂ်၊ ပုံရိပ်များကို ဦးတည်ခဲ့ကြသည်။ 
ထိုနှစ်မှာပဲ ယခုထက်တိုင် နာမည် ကျော်သင်္ကြန်သီချင်းတစ်ပုဒ်အဖြစ် ခိုင်မာဆဲဖြစ်သည့် ”ရွှေမန်းတောင်ရိပ်ခို”သီချင်းကို ဆရာမြို့မငြိမ်းက ရေးစပ်ကာ မြို့မအလှပြယာဉ်က စတင်သီဆိုခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီးကြောင့်မငြိမ်မသက်ဖြစ်ကာနိုင်ငံထူထောင်ရေးနှောင့်နှေးခဲ့မှုကို ဆရာကြီးသခင် ကိုယ်တော်မှိုင်းဦးဆောင်ပြီး တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ စုစည်း၍ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု အရှိန်အဟုန် ကြီးမားခဲ့သည်။ ထို့ကြောင့် ၁၉၅ဝခုနှစ် (၁၃၁၁ ခုနှစ်မှ ၁၃၁၂ ခုနှစ်အကူး) သင်္ကြန်ကို ‘ငြိမ်းချမ်းရေးသင်္ကြန်’ဟုကမ္ပည်းတင်ကာ မန္တလေးသင်္ကြန်ကို ‘ငြိမ်းချမ်းရေး’သို့ဦး တည်၍ မြို့လုံးကျွတ်ဝှဲချီးကျင်းပခဲ့ကြ၏။

ပိတောက်တွေ ဝေဝေလွင်လွင်…၊
ရွှေစင်အိအိ
ဖူးပွင့်တဲ့… သည်ချိန်တွင်
ဗမာပြည်တစ်ခွင်…ဘေးအပေါင်း
ရန်အပေါင်းလွင့်ပျောက်
ငြိမ်းချမ်းရေး ရွက်သစ်နုတို့လို
ခါတော်ရေစင်မှီးလို့ ဝေစည်လွင်လွင်
ငွေငန်းဆုတောင်း၊
အောင်ကြောင်းကို ဆင်…’ဟုလည်း
မြို့မငြိမ်းက သင်္ကြန်တေးတစ်ပုဒ်ရေးစပ်ခဲ့သည်။ထိုနှစ်ပြီး နောက်နှစ်တွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ဖွဲ့စည်းရယူခဲ့သောလွတ်လပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြယုဂ်အဖြစ်’ပြည်ထောင် စုသင်္ကြန်’ကို မန္တလေးတွင် ခမ်းနားစွာဆင်နွှဲခဲ့ပြန်သည်။

၁၉၅၁ခု (သက္ကရာဇ် ၁၃၁၂ခုမှ ၁၃၁၃ခုနှစ်အကူး) သင်္ကြန်ပွဲတော်ဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ် အပါအဝင် အကြီးအကဲများနှင့် ရာချီ၍ရှိသော အလှပြယာဉ်၊ အလှပြမဏ္ဍပ်၊ သံချပ်အသင်း၊ ရေပက် အသင်းများနှင့် မြို့လုံးကျွတ်ဆင်နွှဲကြသည့် သင်္ကြန်မို့ ပြည်သူ့သင်္ကြန်၊ လူထုသင်္ကြန်အသွင် အပီပြင်ဆုံးဖြစ်ခဲ့ သည်။ သင်္ကြန်၏ ပြယုဂ်များကလည်း ရိုးရာယဉ်ကျေးမှုကို အခြေခံပြီး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲရေး ပြဆိုခဲ့ကြသည်။

 နောက်ပိုင်း မန္တလေးသင်္ကြန်များတွင်တော့ နိုင်ငံရေးကိုနောက်ခံပြုသည့် အထိမ်းအမှတ်များ မရှိခဲ့သော်လည်း အမျိုးသား ယဉ်ကျေးမှု မဏ္ဍိုင်ကိုတော့ ခိုင်ခိုင်ကြီး စိုက်ထူခဲ့ကြသည့် ‘လူထုသင်္ကြန်’များက အများစုဖြစ်ခဲ့သည်။ ရာချီရှိသော အလှပြယာဉ်များ၊ ရာချီရှိသော အလှပြမဏ္ဍပ်များ၊ ပြတိုင်းစေ့၊ ရပ်ကွက်တိုင်းစေ့ ရေပက်မဏ္ဍပ်များ၊ နိုင်ငံရေး သဘောထားခိုင်မာမှုတစ်ခု ဦးတည်သည့် သံချပ်အသင်းများ…စသည်ဖြင့် အယုတ်အလတ် အမြတ်မရွေး ပျော်ရွှင်ကြည်နူးခဲ့ကြသည့် သင်္ကြန်များဖြစ်ပါ၏။ ၁၉၈ဝ ကျော်ကာလများအထိ ဆိုပါတော့ …။ ထိုကာလများ ၏ အသီးအပွင့်အဖြစ် နာမည်ကျော်’သင်္ကြန်မိုး’ရုပ်ရှင် ဇာတ်ကားကြီးက ၁၉၈၄ ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြန်သည်။

၁၉၉ဝကျော်မှ ပြီးခဲ့သည် ၂ဝ၁၄ ခုနှစ်သင်္ကြန်အထိ မြင်ကွင်းများကိုတော့ မပြောပါရစေနှင့်တော့…။မြင်ကြ၊ ကြားကြ၊ သိကြ၊ ကြုံကြ၊ ခံစားခဲ့ကြပြီးဖြစ်ပါသည်။ ကျွန်တော်လည်းအဖန်တလဲလဲ ရေးခဲ့၊ ပြောခဲ့ပြီးပါပြီ။ ‘တန်ဖိုး’ဟူသော စံဖြင့်ပဲ တိုင်းကြရပါမည်။ ဘာတန်ဖိုးလဲ…ငွေကြေး၊ စီးပွားရေး၊ အရေအတွက်မဟုတ်…။ ‘အမျိုးသားရေးတန်ဖိုး’ကို ဆိုလိုပါ သည်။ ကိုင်း…ဒါဖြင့် …မကြာတော့ပါ…။ ၂ဝ၁၅ခုနှစ်(သက္ကရာဇ် ၁၃၇၆မှ ၁၃၇၇ခုအကူး) မဟာသင်္ကြန်ကြီး ရောက်လာပါပြီ။ တိုင်းပြည်၏အဓိကပင်စည် နိုင်ငံရေးကြီးပြောင်းလဲ သွားပြီလား…။ 

အမျိုးသားကြီးပွားတိုးတက်ရေးကို အဓိက အခြေခံသောပြောင်းလဲမှုလား…။ အမျိုးသား နိုင်ငံရေး၊ အမျိုးသားစီးပွားရေး၊ အမျိုးသား ယဉ်ကျေးမှု…အပြောင်းအလဲကရော…။ ကိုင်း…ဒါဖြင့် … အမျိုးသား ပြယုဂ်တစ်ခုအဖြစ် တစ်ချိန်က ထင်ရှားခဲ့တဲ့မန္တလေး သင်္ကြန်ကရော အခါတိုင်းနှစ်တွေလို…နေရာမဲနှိုက်၊ စပွန်ဆာတောင်း၊ လက်မှတ်ရောင်း၊ ကျုံးရေဖြုန်း၊ စလီဘယ်ရီတွေ သိန်းရာချီပေး၊ အများပြည်သူဆိုင်ရာဌာန မဏ္ဍပ်ကြီးတွေက သိန်းထောင်ချီသုံး၊ ပြည်သူဆီက သင်္ကြန် ကြေးဖြတ်…၊ သင်္ကြန်အကြိုနေ့ စက္ကန့်ပိုင်းလေးပဲ
မြူမှောင် ဝေကင်း၊ ငွေအဆင်း စန္ဒာ့…’
ပြီးတာနဲ့ စည်းမရှိ၊ ကမ်း မရှိ…ထင်တိုင်းကျဲကြဦးမယ်ဆိုရင်ဖြင့်…။ ။

ဆူးငှက် – The Mirror Daily