မန္တလေးနန်းတွင်း အရှေ့ဘက်မုခ်ဦး (ဓာတ်ပုံ − သီဟ)

နှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်သော အုတ်ရိုးကြီးထက်မှာ ‘‘တပ်နှင့်ပြည်သူ လက်တွဲကူ၊ ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ’’ဆိုတဲ့ အနီရောင်အောက်ခံပေါ်တွင် ဆေးသားအဖြူဖြင့် ရေးထိုးထားသည့် ဘုတ်ပြားတစ်ခုက နေရာယူထားသည်။ ဆောင်ပုဒ်နည်းတူ အုတ်ရိုးကြီးဘေးပတ်ပတ်လည်တွင်လည်း အစိမ်းရင့်ရင့်များကို လက်မောင်းတံဆိပ်များသာ ကွဲပြားသော်လည်း ဟိုတစ်စသည်တစ်စ တွေ့မြင်နေရသည်။

မုခ်ဦးတံခါးလေးပေါက်ရှိသည့်အနက် အရှေ့ဘက်တံခါးပေါက်ကသာ ပြင်ပလူများ ဝင်ထွက်ရန် လွယ်ကူသည်ဟု မြို့ခံများက ဆိုကြသည်။ အုတ်ရိုးကြီးအတွင်း ဝင်ရောက်လေ့လာလိုသည့် နိုင်ငံခြားသားများလည်း ထိုအပေါက်မှပင် ဝင်ထွက်ရလွယ်ကူသည်ဟု ဆိုသည်။ ဒါသည်ပင် အဝရောက်သည်နှင့် ဆိုင်ကယ်ပေါ်မှဆင်း၍ လမ်းလျှောက်ကာ အစစ်အဆေးခံရသည်။ ဆိုင်ကယ်ဆင်းတွန်းရသည်။ တာဝန်ခံ၍ ဝင်မည့်သူတစ်ယောက်က သူ့လိုင်စင်(သို့မဟုတ်) သက်သေခံတစ်ခုခု ထားခဲ့ရသည်။

အချို့လည်း အနောက်နှင့် မြောက်ဘက်တံခါးပေါက်များမှ ဝင်ကြသည်ဟုဆိုသည်။ သို့သော် အရှေ့ပေါက်လောက် လွယ်ကူခြင်းမရှိဟုသိရသည်။ တောင်ဘက်အပေါက်ကတော့ သာမန်အရပ်သားများ လုံးဝဝင်ခွင့်မရှိ။

အထက်ပါအကြောင်းအရာများသည် မြန်မာ့သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်၊ မန္တလေးမြို့ရဲ့ ကျက်သရေဆောင်လည်းဖြစ်သည့် မန္တလေးမြို့ မြနန်းစံကျော်ရွှေနန်းတော်ကြီးသို့ ပြည်သူပြည်သားများ ဝင်ရောက်လေ့လာမည်ဆိုပါက ကြုံတွေ့ရမည့် အရာများပင်။

မုခ်တံခါးက ဝင်သွားပြီးနောက် လမ်းဘေးတစ်ဖက်တစ်ချက်တွင်တော့ စစ်တပ်ပိုင်အဆောက်အအုံများက အများအပြားနေရာယူထားကြသည်။ တိုင်းစစ်ဌာနချုပ်ရုံးမှ အစပြု၍ လေကြောင်းရန်ကာကွယ်ရေး၊ ဆေးတပ် အစရှိသည့် တပ်များက နန်း တွင်းထဲရှိ အုတ်ရိုးကြီး၏အနောက်တွင် လုံခြုံအေးချမ်းစွာ ရှိနေကြသည်။ အရပ်သားပြည်သူများကတော့ နန်းမြို့ရိုးအပြင်ဘက်မှ နန်းတွင်းထဲရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ ရုံးများကို ဝန်းရံကာကွယ်ပေးသကဲ့သို့ ဖြစ်နေလေ၏။

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနှင့် မိဖုရားတို့ဖြစ်သည့် သီပေါဘုရင် နှင့် စုဖုရားလတ်တို့ နေထိုင်ခဲ့ရာ မန္တလေးမြို့နန်းတွင်းသည် ၁၈၈၅ မင်းနှစ်ပါး ပါတော်မူပြီးချိန်မှစ၍ စစ်တပ်များ တပ်စွဲလာခဲ့သည်မှာ ယနေ့ထိတိုင်အောင်ပင် ဖြစ်သည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ကို ကျူးကျော်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာပြည် ပြည်သိမ်းခေါင်းဆောင် အင်္ဂလိပ်စစ်ဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးပရင်ဒါဂတ် လက်ထက်မှစ၍ ယနေ့ထိတိုင် နန်းတွင်းမြေများသည် စစ်ဖိနပ်ရာများဖြင့် ပြည့်သိပ်လျက်ပင်ရှိနေသေးသည်။

ယဉ်ကျေးမှုကြီးမားခဲ့သည့် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေထိုင်ခဲ့ဖူးသည်ဟု သက်သေပြစရာ အဆိုပါ နန်းတွင်းအဆောက်အအုံကို နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုက မောင်ပိုင်စီးထားသည့်သဖွယ်ဖြစ်နေသည်ကို မန္တလေးမြို့ခံများက မချစ်သော်လည်း အောင့်ကာနမ်းနေရသည်ဟု ဆိုကြသည်။

စစ်တပ်ဟူသည်မှာ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရန် မြို့ပြင်များတွင်သာ တည်ဆောက်ရမည်ဟု ကြားဖူးသော်လည်း မန္တလေးကမူ ထိုသို့မဟုတ် မြို့နေပြည်သူများ၏ စောင့်ရှောက်မှုအောက်တွင် သာယာအေးချမ်းလျက်။

မန္တလေး နှစ် ၃၀ စီမံကိန်းတွင် နန်းတွင်းမှ စစ်တပ်များအား အခြားနေရာများတွင် ပြန်လည်နေရာချထားပေးရန် အစီအစဉ်ပါရှိသော်လည်း ယခုအထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟု သိရသည်။

လမ်းမများမှ ကျော်လွန်၍ မြနန်းစံကျော် ရွှေနန်းတော်ကြီးသို့ ရောက်ချိန်တွင်တော့ ရှေးမူမပျက် ပြန်လည်ပြင်ဆင်မွမ်းမံထားသည့် လက်ရာများဖြင့် နန်းဆောင်တွေက ထည်ဝါစွာပင်။

ဝင်ရောက်လေ့လာရန် အခက်အခဲ အတားအဆီးအချို့ ရှိနေသော်လည်း မြို့ခံအချို့နှင့် ဧည့်သည်များကတော့ နန်းဆောင်များအား စိတ်ဝင်တစားကြည့်ရှုလေ့လာနေကြသည်။ ယခင် ရှေးမူမပျက်ဟုဆိုသော်လည်း နန်းဆောင်တစ်ခုတွင် တပ်ဆင်ထားသည့် တံခါးတစ်ခုမှာ စတိန်းလက်စတီးဖြင့် လုပ်ထားသည်ကတော့ နန်းတွင်း၏ ထည်ဝါမှုအား အများကြီးမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်ပြုနေသည်။

မြနန်းစံကျော် ရွှေနန်းတော်ကြီးဟူသော ဆိုင်းဘုတ်ကို လွန်လာသည်နှင့် သီပေါနှင့် စုဖုရားလတ်တို့ ညီလာခံတက်သည့်သဏ္ဌာန် ရုပ်တုများက ထည်ဝါစွာ ကြိုဆိုနေသည်။ ထို့နောက်တွင်မူ မှန်နန်းဆောင်၊ လတ်ဖက်ရည်တော်ဆောင်၊ ရွှေတိုက်ဆောင်၊ လေသာဆောင်၊ ဇေတဝန်ဆောင် စသည့် အဆောင်ဆောင်အခန်းအခန်းတို့က သူ့နေရာနှင့်သူ သပ်ရပ်လှပစွာ ရှိနေကြသည်။

ထိုအဆောင်များအလွန်တွင် တောင်နန်းမတော် မဟေသီဆောင်၊ အလယ်နန်းမတော် မဟေသီဆောင် အစရှိသည့် အဆောင်ရ၊ နန်းရ မိဖုရားတို့၏ အဆောင်တော်များက စီစီရီရီ။ မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း စိုးစံသွားခဲ့သည့် မန္တလေးနန်းတွင်းသည် စစ်ဘေး၊ သဘာဝဘေး အသီးသီးခံခဲ့ရသော်လည်း ပြန်လည်မွမ်းမံမှုများကြောင့် အသက်ဝင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း လှုပ်ရှားမှုအနည်းငယ်ကင်းမဲ့နေသေးသည်ဟု ယူဆနိုင်သည်။

အဆောင်များ၊ နန်းများ၊ ရုပ်တုများဖြင့် တန်ဆာဆင်ထားသည့် သက်ငြိမ်အတုံးအခဲတစ်ခုသာသာပင်။ ထိုအဆောင်များ၊ နန်းများနှင့် အဝင်အဝများတွင် ရှေးခေတ်နန်းတွင်းအဝတ်အစားဝတ် ဝန်ထမ်းများနှင့် သရုပ်ဖော်ထားနိုင်မည်ဆိုပါက ယခုထက်ပို၍ သက်ဝင်လှုပ်ရှားလာနိုင်မည်ဖြစ်သည်။ နေ့စဉ်ရက်ဆက် မလုပ်နိုင်လျှင်တောင် လူစည်ကားရာ ရုံးပိတ်ရက်များတွင် ထိုသို့သော သရုပ်ပြမှုများဖြင့် သက်ဝင်လှုပ်ရှားစေမည်ဆိုပါက ဧည့်သည်များအား ပိုမိုဆွဲဆောင်လာနိုင်မည်။

နန်းဆောင်များ၏ အလွန်တွင်တော့ ရှေးခေတ် နန်းတွင်းသူ နန်းတွင်းသားများ အသုံးပြုခဲ့သည့် ပစ္စည်းများ၊ သမိုင်းအထောက်အထားပစ္စည်းများ ပြသထားရာ နန်းတော်ပြတိုက်တစ်ခုရှိသည်။ သို့သော် ထိုနန်းတော်ပြတိုက်လေးသည် ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းတစ်ခုခု၏ ကျောင်းမုန့်ဈေးတန်းသာသာ အဆောက်အအုံလေးဖြစ်၏။ အထဲတွင် သမိုင်းတန်ဖိုးကြီးမားသည့် ရှေးခေတ်အသုံးဆောင်များရှိသည်။ တကယ်တမ်း ယင်းပြတိုက်သည် နန်းတော်ကြီးတစ်ခုလုံး၏ အနှစ်ချုပ်ပင်ဖြစ်၍ ယခုထက် ပိုပြီးထည်ဝါခံ့ညားမည်ဆိုပါက လာရောက်လေ့လာသူများကို စိတ်ကျေနပ်မှု ပိုမိုပေးစွမ်းနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ သမိုင်းတန်ဖိုးကြီးမားသည့် နန်းတွင်းအဆောက်အအုံများ၊ ရှေးဟောင်းအဆောက်အအုံများသည် နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်းပြယုဂ်တစ်ခုပင်ဖြစ်သည်။ အမြော်အမြင်ရှိသည့် အစိုးရများက အဆိုပါ အဆောက်အအုံများအား သမိုင်းတန်ဖိုးကြီးမားသည်ထက် ကြီးမားလာစေရန် ပြုလုပ်၍ မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကို တစ်ဖက်တစ်လမ်းက မြှင့်တင်လေ့ရှိကြပြီး တစ်ဖက်ကလည်း နိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်ရာနေရာအဖြစ် အသုံးချကာ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း မည်မျှကြီးမားခဲ့သည်ကို ကမ္ဘာက သိလာစေရန်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရန် စနစ်တကျ အသုံးပြုလေ့ရှိပါသည်။ သို့သော် မန္တလေးနန်းတွင်းသည်ကား စစ်စိမ်းတို့၏နွံထဲ၌ ကာလကြာရှည်စွာ နစ်မြုပ်နေဆဲပင်။

သီဟ – 7day daily