ရွှေသီးရေ…ပြီးခဲ့တဲ့ မေလဒုတိယပတ်ရဲ့တနင်္ဂနွေနေ့က နိုင်ငံတကာအမေများနေ့ကွ။ အဲဒီနေ့တစ်နေ့လုံး အမေ့မေတ္တာဘွဲ့တွေ၊ အ မေ့ကျေးဇူးတော်တွေ၊ အမေ့လွမ်း ချင်းတွေ ဖေ့စ်ဘွတ်ခ်မှာ ပလူပျံ ခဲ့တဲ့နေ့ပေါ့ကွာ။ အဲဒီနေ့မှာပဲ သူ ငယ်ချင်းတစ်ယောက်ဆီက ဖုန်း ဝင်လာတယ်။ အမေများနေ့မှာ အမေတွေရဲ့ကျေးဇူးကို သိတတ်တာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အမေတွေကို အလွန်အကျွံချီး မြှောက်ရင်း အဖေတွေက လူဆိုး ဖြစ်နေတာတွေ ရေးရေးနေတာ တွေ့ရလို့။ အဖေတွေ ဘေး ရောက်နေတာလေး မင်းရေးစမ်း ပါကွာလို့ ပြောတယ်။ 

ငါ့သူငယ် ချင်းလည်း လေးဆယ်ကျော် ငါး ဆယ်တန်းရောက်တော့ သားသမီး တွေကြားမှာ မိန်းမနဲ့အပြိုင် နေရာလုနေရပြီ ထင်တယ်ဆိုတော့ မပြောချင်တော့ပါဘူးကွာလို့ ညည်းညည်းညူညူနဲ့ ဖုန်းချသွားလေရဲ့။ ကဲ ဒီနေ့(ဇွန်လ တတိယပတ်ရဲ့တနင်္ဂနွေ)က နိုင်ငံတကာ အဖေများနေ့ဆိုတော့ ငါ့သူငယ်ချင်းအပါအဝင် ဘေးရောက် ရောက်နေတတ်တဲ့ အဖေများအ တွက် အဖေ့ကျေးဇူးတော်ဘွဲ့ လေး ရေးလိုက်တယ်ဆိုပါတော့။

ရွှေသီးရေ…သားသမီးတွေ အပေါ် အဖေနဲ့ အမေ ဘယ်သူက ပိုချစ်သလဲ ဆိုတာက မေးကောင်း တဲ့ မေးခွန်းမဟုတ်ဘူး။ ဒါပေမဲ့ မေးဖြစ်ရင်လည်း အမေက ပိုချစ် တယ်လို့ တစ်လောကလုံးက ဖြေ ကြလိမ့်မယ်။ အသက်နဲ့ရင်းပြီး လွယ်မွေးခဲ့တဲ့ မိခင်တစ်ယောက် ကိုတော့ သဘာဝတရားအရကို ဖခင်တွေ မယှဉ်နိုင်တာ အမှန်ပါ ပဲ။ ဒါပေမဲ့လည်း လွယ်မမွေးခဲ့တာကလွဲရင် သားသမီးအပေါ်ထားတဲ့ အဖေတစ်ယောက်ရဲ့အချစ်ဟာ အမေတွေထက် မလျော့ပါဘူး။ ချစ်ပုံချစ်နည်းနဲ့ ချစ်တဲ့နေရာတွေ ကွာနေတာလို့ပဲ ငါတော့ ထင် တယ်။

အမေတွေက သားသမီးတွေ နဲ့ နီးနီးကပ်ကပ် နွေးနွေးထွေးထွေး နေပြီး အရိပ်တကြည့်ကြည့်နေ တတ်တဲ့ အချစ်မျိုးနဲ့ ချစ်သလို အဖေတွေကတော့ ပျိုးပင်လေး ရှင်သန်ကြီးထွားလာအောင် လို အပ်တဲ့ အကာအကွယ်ပေးမှုမျိုး၊ ဖြည့်ဆည်းပေးမှုမျိုးနဲ့ ချစ်တာကွ။ သားသမီးတွေ တင့်တောင့်တင့် တယ်နေနိုင်အောင်၊ ဘဝခရီးကို အောင်အောင်မြင်မြင် ဖြတ်သန်း နိုင်ဖို့ ပညာတွေ တတ်အောင် ဝါ ယမစိုက်ထုတ်ရာမှာတော့ ဖခင် တွေက ပိုတောင် ပိုပါလိမ့်ဦးမယ်။ ဒါပေမဲ့လည်း သားသမီးတွေကို ပြောဆိုဆုံးမတဲ့အခါမှာတော့ အမေတွေက ပျော့ပျောင်းမယ်။ မျက်ရည်ခံထိုးမယ်။ အဖေတွေက တော့ ကြမ်းတမ်းမယ်။ ဆူပူကြိမ်း မောင်းမယ်။ ဒီလိုနဲ့ အဖေတွေက အမေ့လောက် မချစ်ကြဘူးလို့ ထင်လာကြတယ်။

ရွှေသီးရေ..အဖေတွေနဲ့ပတ် သက်ပြီး ငါသိပ်ကြိုက်တဲ့ ကဗျာ တစ်ပုဒ်ရှိတယ်။ အဲဒီကဗျာလေး က အဖေတွေရဲ့ချစ်ခြင်းမေတ္တာ ကို ဖော်ပြတဲ့နေရာမှာ တော်တော် ပြည့်စုံတယ်လို့ ထင်တယ်။ ကဲ… မင်း ဖတ်ကြည့်လိုက်ပါဦး။

မေတ္တာကန့်လန့်ကာ နောက်ကွယ်က အဖေ။

သားသမီးတွေ ကကြိုးဆင် အလှ တိုးစေချင်တဲ့အဖေ။

ရုန်းကန်လှုပ်ရှား အပြင်မှာ အနေ များတဲ့ အဖေ။

အိမ်ပြန်မိုးချုပ် အစဉ်သာ အလုပ် ရှုပ်တဲ့ အဖေ။

စီးပွားအသပြာတိုးစေဖို့

သားသမီးတွေ မနိုးခင်

ဘုရားပင် မရှိခိုးနိုင်ဘူး

အရုဏ်ကို အဖော်လုပ် အားထုတ် တဲ့ အဖေ။

ဂုဏ်တော်ကိုးပါး ဦးထိပ်ထားလို့

သွားရင်း ရွတ်ဖတ်

အရဟံ-သမ္မာ-သမ္ဗုဒ္ဓေါ

ဝိဇ္ဇာစရဏ သမ္ပန္တော-သုဂတော

ဟော…အကြီးကောင် ဖိနပ်ဖိုး၊ တိုးလာတဲ့ ဈေးနှုန်း

ဖြုန်းတတ်တဲ့ အလတ်မ၊

လှချင်တဲ့ အငယ်ကောင်

ယောင်တောင်တောင် အထွေးဆုံးအတွေးလုံးတွေ ဝင်ဆောင့်

အောင့်သွားတဲ့ ရင်အစုံကြောင့်

ကိုးပါးဂုဏ်တော် တစ်ခါမှ မပြည့် စုံဘူး

တစ်ခါတလေ သုဂတောမှာ ဆုံး လို့ဆုံး

ရှုံးမဲ့ကုန်အရေးတွေးကာပူ

လောကဝိဒူမှာ ရပ်လို့ရပ်

သတ္တာဒေဝ-မနုဿာနံ-

ရှေ့ဆက်ရန် အစပျောက်

ဘဂဝါထိ မရောက်နိုင်တဲ့ အဖေ

စီးပွားရေးသဘော

လိမ်ပြောညာပြော

ဟုတ်တာလည်းပြော၊

မဟုတ်တာလည်းပြော

ရိတာလည်း ရှိ၊ ငြိတာလည်း ရှိ

မူးတာလည်းပါ၊ မြူးတာလည်းပါ

ပါဏာတိအစ၊ သူရာမေအဆုံး

လုံးလုံးသီလမရှိတဲ့ အဖေ

ညစာကိုအောင့် ဇရပ်ထောင့်မှာ

ဥပုသ်မစောင့်ဘူးတဲ့ အဖေ။

ရွှေသီးရေ…မင်းတော့ ဘယ် လိုနေလဲမသိဘူး။ ငါတော့ ဒီက ဗျာကို ဖတ်နေရင်း ငါ့အဖေကို ပြန်ပြီး မြင်လာတယ်။ စိတ်ထားဖြူရင် ကုသိုလ်ရပါတယ်ကွာဆိုပြီး အခါ ကြီးရက်ကြီးတောင် အလုပ်မနား နိုင်ဘဲ သွားရတဲ့ အဖေ။ မိသားစု အတွက် စီးပွားရှာရင်း ရိုးသားမှု ကနေ ခဏခဏခွာရတဲ့ အဖေ ပေါ့။ အဲဒီရလာတဲ့ ငွေကြေးက သူတစ်ယောက်တည်း သုံးစွဲဖို့ မဟုတ်ဘူး။ သူ့အိမ်အပြန်လာကို စောင့် နေကြတဲ့ မိသားစုအတွက်ပဲလေ။ ငါ ငယ်ငယ်က ဗီဒီယိုတစ်ကား ကြည့်ဖူးတယ်။ 

တစ်သက်လုံး ရိုး သားလွန်းတဲ့ ဖခင်တစ်ယောက် ဟာ သားသမီးအကျပ်အတည်း ဖြစ်နေချိန်မှာ မရိုးသားနိုင်ဘဲ သူ စောင့်နေတဲ့ စက်ရုံက ပစ္စည်းကို ခိုးယူမိပြီး အဖမ်းခံရတာလေ။ များသောအားဖြင့် ဖခင်တွေဟာ သား သမီးတွေအတွက် ရှာဖွေရင်း စာရိတ္တချို့ယွင်းကြတာကွ။ ချမ်း သာတဲ့လူကလည်း ပိုချမ်းသာ အောင်၊ ဆင်းရဲတဲ့လူကလည်း အ ဆင်ပြေအောင် ရှာဖွေရင်း သီလ မဲ့တဲ့ဘဝကို ရောက်ကြရတယ်။

မိသားစုအရေး ကုသိုလ်ဝေးပြီး

အလုပ်မှာ နစ်မျော

ဇောခုနစ်တန် အဖန်ဖန်ပတ်ရစ်

လူ့ဘုံနွံညစ်မှာ

ကိုယ်နစ်တော့ ခြေကန်

ခြေမဟန်တော့ လက်ယက်

လက်ပျက်တော့ ခေါင်းကူ

မငြူမစူ စိတ်မဆိုး

တာဝန်တွေ ကုန်းပိုးပြီး

ဟိုးကမ်းခြေကပ်တဲ့အထိ

ကူးခပ်တဲ့ အဖေ

ဟော… အတောင်အတက်…

အဆောင်အခတ်ရယ် စုံလင်ပါ တော့

တဒင်္ဂအမြင် အတွေးအထင်တွေနဲ့ သားသမီးတွေကို မကြင်နာ

အပြင်မှာ ခင်စရာရှာတဲ့ အဖေတဲ့

မိဘဂုဏ်အင် ဝတ်ငါးအင်

မစုံလင်တဲ့ အဖေတဲ့လေ။

သားသမီးအရေးကြောင့် ကုသိုလ် ဝေးရတဲ့အထဲ ပဉ္စနန္ဒြိယ ကံမိုက် သားသမီးတွေ ထိုက်မှာစိုးလို့

ငါးပါးသီလဂုဏ် မပြည့်စုံလည်း

ကုသိုလ်ပွားများ(ရင်)

အပါယ်မလားပါဘူးကွယ်

မိဘပြစ်မှား ပြောဆိုငြားလည်း

မိဘခွင့်လွှတ်(ရင်)

အပြစ်လွတ်ပါတယ်ကွယ်။

အမြဲမှားခဲ့တဲ့ အဖြေ

တလွဲထားခဲ့ အမွေ

သြော်…ငရဲလားမယ့်အဖေ

ရွှေသီးရေ…ကဗျာက အဲဒါ ပါပဲ။ ကဗျာခေါင်းစဉ်က ‘‘အဖေ့ နေရာ’’တဲ့။ ရေးတဲ့သူက သရုပ် ဆောင် ဆိုးပေ၊ မောင်မဲလို့ တို့သိခဲ့ ကြတဲ့အထဲက ဆိုးပေ။ ခုတော့ ဒါရိုက်တာ စိုးသိမ်းထွဋ်ပေါ့။ ၁၉၉၈ နိုဝင်ဘာထုတ် ရွှေအမြု တေမဂ္ဂဇင်းမှာ ပါလို့ ကြိုက်တာနဲ့စာအုပ်ထဲ အမှတ်တရ ကူးထား တာ။ ဒီကဗျာနဲ့တင် အဖေ့နေရာ ဖွင့်ဆိုချက်က ပြည့်စုံသွားပြီ ထင် တာပဲလေ။

ငါ့မိတ်ဆွေ ဦးကြီးမြင့်ဆိုတဲ့ ဦးလေးတစ်ယောက်က ပြောဖူး တယ်။ ‘‘သားသမီးတွေ ကြီးလာ လို့ အတောင်အလက်စုံလာတော့ အိမ်ကို လာလည်ရင်တောင် အမေ ကောဆိုပြီး သူတို့အမေဆီ ပြေးကပ်ကြတာ၊ အဖေငုတ်တုတ်ကြီး ထိုင်နေရင်တောင် အဖေ နေ ကောင်းလား တစ်ခွန်း မေးမသွားတာမျိုးရှိတယ်။ ပြန်ခါနီးတော့ လည်း အမေ့အတွက်ဆို ငွေသုံး လေးသောင်းကန်တော့၊ ကိုယ်က မနေနိုင်လို့ အဖေ့ကိုကောဆိုမှ သုံးလေးထောင်တောင် ဖြစ်ဖြစ် မည်ဗျာတဲ့။ 

တစ်သက်လုံး လုပ်ကျွေးပြီး အရိပ်တကြည့်ကြည့် စိုးရိမ်ခဲ့ရတာ၊ ပူပန်ခဲ့ရတာတွေ က အလကားလိုပဲ။ သူတို့အမေ တွေကို ချစ်တာ ချစ်ပါ။ အဖေတွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး ဗျာ’’တဲ့။ ရွှေသီးရေ ငါနဲ့စကား ပြောဖူးတဲ့ သူတိုင်းဟာ သားသမီး တွေနဲ့ပတ်သက်လာရင် အဲဒီလို ခံစားနေကြရတဲ့ အဖေမျိုးတွေ များတယ်။ ရှာနိုင်ဖွေနိုင် လုပ်ကိုင်နိုင်ချိန်မှာ ထောင်မကြောက်၊ တန်းမကြောက်၊ နာမည်ပျက်မှာ မ ကြောက်၊ သံသရာကို မကြောက်ဘဲ လုပ်ကိုင်ကျွေးခဲ့ပေမယ့် ကျေးဇူးတရားတွေကို အဖေတစ် ယောက်ရဲ့ ပြင်ပ အခြေအနေ အပြုအမူတွေနဲ့ ချေဖျက်ပစ်တတ် ကြတယ်။

တစ်ခါတလေတော့လည်း သားသမီးတွေ မသိနိုင်တဲ့ အဖေ နဲ့ အမေကြားက ပြဿနာတွေ ရှိနိုင်တာပေါ့။ ဥပမာ-စီးတဲ့ရေ ဆည်တဲ့ကန်သင်းမဖြစ်တာမျိုး၊ မယားဝတ္တရားမှာပါတဲ့ အိမ်တွင်း မှုလုပ်၊ သိမ်းထုပ်သေချာ၊ လျော် အောင်ဖြန့်ချိ၊ မိစ္ဆာကြဉ်ရှောင်၊ ပျင်းရိမမူ၊ ဝတ်ငါးဆူဆိုတဲ့ တာဝန်တွေ ပျက်ယွင်းတဲ့အခါမျိုးမှာ လင် ယောက်ျားတွေဟာ ထွက်ပေါက် အဖြစ် အရက်သောက်တာတွေ၊ အပြင်မှာ အနေများတာတွေ ဖြစ် လာတော့ သားသမီးတွေနဲ့ ပိုဝေး သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချိန်မျိုးမှာ အဖေ့ခံစားချက် တွေကို မသိနိုင်တဲ့ သားသမီးတွေ ဟာ အဖေက ငါတို့အပေါ်မှာ မချစ်ဘူး၊ တာဝန်မကျေဘူးလို့ ယူဆ လိုက်ကြတော့တာပေါ့။

အဖေ အရက်သောက်လို့၊ အပျော်လိုက်စားလို့ဆိုပြီး မိဘ မပီသတဲ့လူ၊ ဝတ္တရားမကျေတဲ့လူ ဆိုတဲ့ စွပ်စွဲချက်တွေဟာ အဖေ တွေရဲ့ နှလုံးသားကို ခြေမွှနေတာ ပဲလို့ ငါတော့ထင်တယ်။ ကဗျာ ထဲမှာ ပါသလိုပဲ အဖေအများစု ဟာ ငရဲလားမယ့် လူတွေပေါ့။ အဲဒီလို ငရဲကျမယ်ဆိုရင်လည်း သူတို့လုပ်တဲ့ အကုသိုလ်က သား သမီးတွေအတွက် ရှာဖွေနေရင်း ကျူးလွန်ခဲ့တာ ဖြစ်မယ်ဆိုတာ အသေအချာပါပဲ ရွှေသီး။

မောင်နံ့သာ – 7day daily