ယခုရက်ပိုင်း အတွင်း အွန်လိုင်း ပေါ်တွင် ပျံ့နှံ့နေသည့် ကြံ့ခိုင်ရေး ပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းကို ကျောင်းသူလေး တစ်ဦးက ယပ်ခတ် နေသည့် ပုံနှင့် ပတ်သက်ပြီး ပြည်သူများ အထင်အမြင် လွဲမှားနေ ခြင်းသာ ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူ တစ်ဦးက ပြန် လည် ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၉ ရက်က တောင်တွင်းကြီး မြို့တွင် ကျင်းပသည့် ဆုပေးပွဲ တစ်ခုတွင် ဦးအောင်သောင်းကို ၈ တန်း ကျောင်းသူလေး တစ်ဦးက ယပ်ခပ် ပေးနေသည့်ပုံ လူမှုကွန်ယက် ပေါ်တွင် ပျံ့နှံ့ခဲ့ရာ အွန်လိုင်း အသုံးပြုသူ များက ပြင်းပြင်းထန်ထန် ဝေဖန်မှု ပြုလုပ်ခဲ့ ကြသည်။ သို့သော် အဆိုပါ ဓာတ်ပုံမှာ အထင်အမြင် လွဲမှားခြင်းသာ ဖြစ်ကြောင်း၊ ယပ်ခပ် ပေးခဲ့ သည့် မိန်းကလေးမှာ လူသား အစစ် မဟုတ်ဘဲ လူတူစက်ရုပ် မလေး တစ်ရုပ်သာ ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အဘ ဦးအောင်သောင်း စက်မှု(၁) ၀န်ကြီး ဘ၀တုန်းက မြန်မာ နိုင်ငံရဲ့ နည်းပညာ အဆင့် အတန်းဟာ အရမ်း မြင့်ခဲ့ပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် လူအစစ်နဲ့ ခွဲမရအောင် တူတဲ့ လူတူစက်ရုပ် တွေကိုတောင် စက်မှု(၁) ၀န်ကြီးဌာနက တီထွင်ဖန်တီး နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုပွဲမှာ အဘက သူဝန်ကြီး ဘ၀က အောင်မြင်ခဲ့တဲ့ ပရောဂျက် တစ်ခုကို လူထုထံ ချပြတာ ဖြစ်ပါတယ်”ဟု ကြံ့ခိုင်ရေး ပါတီ၏ ပြောရေး ဆိုခွင့်ရှီသူ တစ်ဦးက New Lie of Myanmar သတင်းစာသို့ ပြောကြား ခဲ့သည်။

ကျောင်းသူ တစ်ဦးကို ထိုသို့ သားသမီးချင်း မစာမနာ ယပ်ခပ် ခိုင်းစရာ အကြောင်း မရှိကြောင်း၊ ပန်ကာများ၊ အဲယားကွန်းများ ပေါများနေ သည့် ယခုခေတ်တွင် ပဒေသရာဇ် ခေတ်က ကဲ့သို့ ယပ်တော် သွင်းသည့် လုပ်ရပ်မျိုး မလိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“သူ့ကို ယပ်ခပ်ပေးတဲ့ မိန်းကလေး ဆိုတာ တကယ်တော့ လူနဲ့ ခွဲမရအောင် တူတဲ့ လူတူစက်ရုပ် Arbin 969 ဖြစ်ပါတယ်။ ဒီစက်ရုပ်က ယပ်ခပ်ပေးဖို့ အထူး ပရိုဂရမ် ဆွဲထားတဲ့ လူတူစက်ရုပ် လေးပါ။ အဘလို လူမျိုးက လူအစစ်ကို ဒီလိုမျိုး ခိုင်းရက် မလားဗျာ။ စဉ်းစားကြည့်ပေါ့”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဦးအောင်သောင်းသည် ၁၉၉၇ မှ ၂၀၁၀ အထိ ၁၃ နှစ်ကြာ စက်မှု(၁)၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သို့သော် ဦးအောင်သောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ပ ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး Office of Foreign Assets Control –OFAC ၏ တသီး ပုဂ္ဂလ နာမည်ပျက်စာရင်း သွင်းမှုကို ခံခဲ့ရသည်။

The Ginger