အပြင်ကနေ တံခါးကို တဝုန်းဝုန်း ထုနေတာကြောင့် ကိုမြခင် နိုးလာတယ်..။
(တောက်.. ဒီကောင်တွေ လာပြန်ပြီလား..)
အိပ်ယာကနေ ဆတ်ကနဲ ထထိုင်တော့ မလေးနွယ် အတင်းဆွဲထားပြီး…
(ကိုမြခင်.. ရှင်အသာနေပါ… အချိန်တန်ရင် ဒင်းတို့ ပြန်သွားပါလိမ့်မယ်…ဘာမှန်းသိတာမဟုတ်ပဲ..)
ဇနီးဖြစ်သူ တားနေတာမို့သာ ကိုမြခင် ပြန်အိပ်လိုက်ရတာ၊ တကယ်ဆိုရင် အပြင်ကို ငှက်ကြီးတောင်ဓားကိုဆွဲပြီး ထွက်ချဲလိုက်ချင်တာ…။ အံတကြိတ်ကြိတ် ဖြစ်နေတဲ့ ကိုမြခင်ကို မလေးနွယ်ကလဲ အလွတ်မပေးရဲသလို အတင်း လက်ကို ဖက်ထားပြီး ပြန်အိပ်ဖို့ ချော့ပြောရတယ်..။ ဒီလိုနဲ့ တဝုန်းဝုန်း လာထုလိုက် ပျောက်သွားလိုက်နဲ့ ညနက်ရဲ့ ငရဲတွင်းမှာ ကိုမြခင်တို့ ပြန်ပြီး အိပ်မောကျသွားခဲ့တယ်..။
မနက်လင်းတော့ မနေနိုင်စွာပဲ အိမ်ရှေ့ကိုထွက်ကြည့်တော့ အိမ်ရှေ့မှာ ခြေရာတွေ ရှုပ်ပွနေတာကို တွေ့လိုက်ရတယ်.။ ဒီတစ်ခါ ခြေရာကိုပါမြင်ရတာ ပထမဆုံးပါ..။
(မလေးရေ.. မလေး… လာပါဦးဟ…)
ကိုမြခင်ရဲ့ အလန့်တကြားအော်သံအဆုံးမှာ မလေးနွယ်တစ်ယောက် အူယားဖားယား အပြေးလေးရောက်လာတယ်..။
(ဟင်…………………….. ခြေရာတွေ မနည်းပါလား…)
(အေး ဟုတ်တယ် မလေး…။ ငါတော့ ရွာထဲကိုသွားပြီး ကာလသားတွေ သွားခေါ်မှ ဖြစ်တော့မယ်ထင်တယ်…)
ဒီတစ်ခါ ကိုမြခင်ရဲ့စကားကို မလေးနွယ်တစ်ယောက် မပယ်ရှားတော့ဘူး..။
(အင်း ကျွန်မလဲ လိုက်ခဲ့မယ်..။ ဒီမှာတော့ တစ်ယောက်ထဲ မနေရဲတော့ဘူး..)
သိပ်မကြာလိုက်ပါဘူး..။ မနက်စာ စားသောက်ပြီးတာနဲ့ ကိုမြခင်တို့လင်မယား ရွာဘက်ကို ထွက်သွားလိုက်တယ်..။

××××××××××××××××××××××××××××××××××××××××××

ကိုမြခင်နဲ့ မလေးနွယ်ဆိုတာက ရွာမှာ အချမ်းသာဆုံးလင်မယား.. တောသူဌေးတွေလို့ ပြောရမယ်..။
ရွာအနီးအနားတစ်ဝိုက်က ရှိသမျှ လယ်တွေရဲ့ တစ်ဝက်ကို သူတို့လင်မယားပိုင်တယ်..။ နှစ်ဘက်မိဘဘိုးဘွားပိုင်မြေတွေဖြစ်တဲ့အပြင် သူတို့နှစ်ယောက်ဟာလဲ တစ်ဦးတည်းသော အမွေဆက်ခဲ့သူတွေကိုး…။ ဒါပေမယ့် ရွာထဲမှာ ခန့်ခန့်ထည်ထည် ထိုင်မနေပဲ လယ်ကွင်းတွေရဲ့အလယ်မှာ လယ်စောင့်တဲကိုထိုးပြီး လင်မယားနှစ်ယောက် မကြာမကြာလာနေလေ့ရှိတယ်..။ တောသူဌေးဆိုပေမယ့် သူတို့လင်မယားဟာ သူတစ်ပါးကို နိုင်ထက်စီးနင်းလုပ်လေ့မရှိတာမို့ လူချစ်လူခင်ပေါတယ်..။


ဒါပေမယ့် မကြာသေးခင် တစ်ပတ်နှစ်ပတ်လောက်ကစပြီး သူတို့ လာလာနေတဲ့ လယ်စောင့်တဲအိမ်နားတစ်ဝိုက်ကို လူတအားကပ်တယ်..။ လယ်စောင့်တဲဆိုပေမယ့် အမှန်က ပျဉ်ထောင် တစ်ထပ်အိမ်ငယ်လေးပါ..။ သစ်ကောင်းဝါးကောင်းတွေနဲ့ သေချာ ဆောက်ထားတဲ့ အိမ်ငယ်လေးပါ..။ ဒါကြောင့်လဲ နှစ်ယောက်ထဲ မကြောက်မရွံ့သွားသွားနေတာပေါ့..။ အခုတော့ ရွာထဲက ကာလသားတွေကို ပထမဆုံး ခေါ်ရတော့မယ် အဖြစ်..။

××××××××××××××××××××××××××××××××××××××××××××

စောစောစီးစီး ရွာထဲကို ဝင်လာကြတဲ့ ကိုမြခင်တို့ လင်မယားကိုမြင်တော့ ရွာသားတွေ အံ့အားသင့်ကုန်တယ်.။ သူတို့လင်မယားက အေးအေးလူလူ နေစောင်းမှ ရွာထဲ ပြန်ဝင်တတ်တဲ့သူတွှေမလား..။ ဒါတောင် စိတ်ကူးပေါက်မှ ရွာမှာ ပြန်လာနေတာ…။ အခုတော့ သုတ်သီးသုတ်ပြာနဲ့ ရွာသူကြီးအိမ်ဘက်ကို တန်းတက်သွားတာမို့ ရွာသူရွာသားတို့ ထုံးစံအတိုင်း နောက်ကနေ စုစု စုစုနဲ့ လိုက်သွားကြတယ်..။ ရွာသူကြီးအိမ်ရောက်တော့ ကိုမြခင်တို့ စကားဝိုင်းက စနေပြီ..။


(အင်း.. မြခင်ပြောသလိုဆိုရင်တော့ ငါတို့ ရွာနဲ့ လယ်နားကို လူစိမ်းတွေ ကပ်တာ ဖြစ်ဖို့များနေပြီ..။ ခြေရာတွေလဲ ပွထနေတယ်ဆိုတော့ သတိတော့ထားရမယ်..)
သူကြီးစကားအဆုံးမှာ ကာလသားခေါင်း ကိုအောင်ဘုက ထပြောတယ်..။
(အိုဗျာ..။ ဘယ်ရွာက ကောင်တွေဖြစ်ဖြစ် ကျုပ်တို့ရဲ့ ကိုမြခင် လင်မယားကို ထိရင် မီးပွင့်သွားမယ်.။ ကျုပ်တို့အပေါ် ကိုမြခင်တို့လင်မယား ကျေးဇူးတွေ အများကြီးရှိတယ်.။ ကျုပ်ကတော့ ဒီည ဓါးဆွဲပြီး ကင်းလိုက်စောင့်ပေးမယ်ဗျာ..။ )

ကာလသားခေါင်း ကြိမ်းပြီဆိုတော့ ကျန်တဲ့ ကာလသားတွေလဲ တက်ညီလက်ညီ ပါပြီလေ..။ အဲလိုနဲ့ စိတ်သိပ်မကြီးပဲ သေချာ စဉ်းစားတတ်တဲ့ လက်ရွေးစင် ကာလသား ခြောက်ယောက်နဲ့အတူ ကိုမြခင်တို့ လယ်စောင့်တဲကို ပြန်လာခဲ့ကြတယ်.။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

ကိုမြခင်တို့ပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ပြီး ကိုအောင်ဘုတို့ ကာလသားတစ်သိုက် ညကျရင် ဘယ်လို ကင်းစောင့်မယ် ဘယ်သူက ဘာလုပ်မယ် စသဖြင့် တာဝန်တွေ ခွဲကြတယ်.။ ပြီးတော့ ကိုမြခင်တို့ လင်မယားကို ညအိပ်ယာဝင်ခိုင်းလိုက်ပြီးတော့ လယ်တောထဲမှာ အမှောင်ခိုပြီး စောင့်နေကြတယ်..။ လယ်တဲထဲမှာ လူတွေ များနေတာကို သိသွားလို့လားတော့မသိ တော်တော်ညနက်တဲ့အထိကို ဘာမှ မထူးခြားလာဘူး..။ လင်းကြက်တွန်ဖို့ အချိန် နီးလာလေ ကိုအောင်ဘုတို့ကာလသားတစ်သိုက် ငိုမြည်းစပြုလာလေပေါ့..။ ရုတ်တရက် မှေးကနဲ ဖြစ်သွားကြချိန်မှာ
(ဝုန်း .. ဝုန်း.. ဝုန်း..)
ကျယ်လောင်တဲ့ တံခါးထုသံကြောင့် ကိုအောင်ဘုတို့ လန့်နိုးသွားတယ်..။
(ဘယ်ကောင်လဲကွ.. ဘယ်သူလဲ အပြင်က…)
ကိုအောင်ဘုအသံကြီးက ဟိန်းထွက်လာတယ်.။ ဒါပေမယ့် တံခါးထုတာ ရပ်မသွားတဲ့အပြင် နံရံတွေကိုပါ တဘုန်းဘုန်းနဲ့ ပုတ်တော့တာ..။ ကိုအောင်ဘု တော်တော်လေးကို တင်းသွားတယ်.။ ဒါပေမယ့် ခေါင်းအေးအေးထားတတ်သူပီပီ အသံတွေကို သေချာ နားစွင့်ပြီး


(လူလေးယောက်ထဲ မပိုဘူး အပြင်မှာ…ငါတို့ တံခါးကို ရုတ်တရက်ဖွင့်ပြီး တစ်စုထဲထွက်မယ်…)
ပြောပြီးတာနဲ့ ကိုအောင်ဘုတို့ ဓါးကိုယ်စီဆွဲပြီး ရင်ဘောင်တန်းလို့ အိမ်ရှေ့တံခါးမကို ဆွဲဖွင့်လိုက်တယ်..။
တံခါးပွင့်သွားတာနဲ့ ရိုက်နေထုနေတာတွေ ချက်ချင်း ရပ်သွားတယ်..။ တဲအိမ်အပြင်ဘက် တစ်ခြမ်းပဲ့လရဲ့ အလင်းအောက်မှာ လူသူကင်းမဲ့နေတာကို ကိုအောင်ဘုတို့ တွေ့လိုက်ရတယ်.။

(ဘယ်သူတွေလဲဟေ့… )
ပြောပြောဆိုဆို အိပ်မှုန်စုံမွှားနဲ့ သူတို့နောက်ကနေ ကိုမြခင် ငှက်ကြီးတောင်ဓါးကြီးဆွဲပြီး ထွက်လာတယ်.။ အပြင်ဘက်မှာတော့ ပကတိ ငြိမ်သက်လို့..။ တဲပတ်ပတ်လည်မှာတော့ ကျိုးကြေနေတဲ့ မြက်ခင်းပြင်ကြီး..။ မြက်စိမ်းနံ့တွေတောင် လေထဲမှာ ပျံ့လို့..။ အဲဒီအချိန်မှာပဲ…
(အား.. ကိုမြခင်.. လုပ်ပါဦးတော့…)
တဲထဲက မလေးနွယ်အသံကြီး ထွက်လာတယ်..။ ကိုမြခင်တို့ တစ်အုပ်လုံး တဲထဲကို ပြေးဝင်သွားလိုက်တယ်.။ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အားလုံး မှင်သက်သွားတယ်..။ ဘယ့်နှယ်.. မလေးနွယ်က တစ်ယောက်ယောက် ကိုင်မြောက်ထားသလိုမျိုး လေထဲမှာကြီး မြောက်တက်နေတာ..။ မျက်လုံးတွေကလဲ ပြူးထွက်လို့..။ ထိပ်ဆုံးသတိဝင်လာတာ ကိုအောင်ဘု..။ အသင့်အနေအထားနဲ့ မလေးနွယ်ရှိရာကို ပြေးဝင်သွားတယ်.။ ဒါပေမယ့် တစ်ခုခုနဲ့ အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသလိုဖြစ်ပြီး ကိုအောင်ဘုတစ်ယောက် တဲနံရံဘက်ကို လွင့်သွားပြီး နံရံနဲ့ ခေါင်းနဲ့ပြေးမိတ်ဆက်တယ်..။ ကျန်တဲ့ ကာလသားတွေ တင်းသွားတယ်.။ ကိုအောင်ဘုဆိုတာ သူတို့ရဲ့ ဆရာမလား..။ သံပြိုင်အော်ပြီး ပြေးဝင်မလို့လုပ်နေတုန်း..

(ဟိတ်.. နေကြဦး….)

အောင်မြင်ခံ့ညားတဲ့ အသံဝါကြီးကို ကြားလိုက်ရတယ်..။ လှည့်မကြည့်လဲ သိလိုက်ပြီ…။ ရွာဦးဘုန်းဘုန်း..။
ကပျာကယာ ဘုန်းဘုန်း ဝင်သာနိုင်အောင် လမ်းဖယ်ပေးရင်း ကိုမြခင်တို့ ဘုန်းဘုန်းကို ဦးတိုက်တယ်.။
(အရှင်ဘုရား.. တပည့်တော်ရဲ့ မိန်းမကို ကယ်ပါဦးဘုရား…)
(အေး … စိတ်မပူနဲ့ မြခင်.. ။ ငါလုပ်ပေးမယ်.. )
ဒါပေမယ့် ဘုန်းဘုန်း ဘာမှ လုပ်စရာမလိုပါဘူး.. ဘယ်ကနေ ဘယ်လိုလုပ်ပြီး မလေးနွယ် အောက်ပြန်ရောက်နေလဲမသိဘူး..။ ဘုန်းဘုန်းကတော့ အခန်းထဲကို ဝေ့ကြည့်ပြီး
(မြခင်.. တယ်လဲ မိုက်သကိုး.. ဘယ်မှာလဲ မင့်ဘုရားစင်)
(ဗျာ.. တင်ပါ့ဘုရား.. တပည့်တော် တပည့်တော် ဘုရားစင် မလုပ်ထားဘူးဘုရား..)
(အေး.. အဲဒါပဲကွယ့်…။ ဘုရားစင်မလုပ်တဲ့အပြင် ဘာလို့ သူများနေရာဌာနကို သွားဖျက်ရသေးတာတုန်း..)
(ဗျာ.. တပည့်တော် ဘယ်သူ့ကိုမှ မကောင်းတာ မကြံစည်ပါဘူးဘုရား…)
(အေး.. ဒါဆိုရင် တကာကြီး သုံးနေတဲ့ ဟောဟိုက သစ်လုံးခုံလေးက နဂိုကတည်းကရှိတာလား..)
ဘုန်းဘုန်း ညွှန်ပြရာကို ကြည့်မှ ကိုမြခင် အဲဒီခုံကို သတိရသွားတယ်.။
(အဲဒါ ရွာထဲကနေဖြတ်လာတဲ့ ဧည့်သည်တစ်ယောက်က တပည့်တော် ကြိုက်မှန်းသိလို့ ရောင်းသွားတာပါဘုရား)
(အင်း.. ပြဿနာကို ဝယ်လိုက်တာကိုး..။ အဲဒီ ခုံက ခုနက တကာမကြီးကို လာပြီး ချုပ်ထားတဲ့ အကောင်တွေရဲ့ နေရာ…)
(ဗျာ… တင်ပါ့ဘုရား.. တပည့်တော်မှ မသိတာဘုရား..)
(အေး…. အဲဒါပဲ… လူစိမ်းဆီက သစ်ဝါးပစ္စည်း တော်ယုံမဝယ်လေနဲ့..။ အဲဒီခုံက အဲဒီ ဗိဗ္မာန်နဲ့ လုပ်ထားတာဖြစ်တဲ့အပြင် သက်ပျောက်ဘီလူးအင်းပါ မြုပ်ထားသေးတာ..)
အားလုံး မျက်လုံးတွေ ပြူးထွက်ကုန်တယ်.။ သက်ပျောက်ဘီလူးအင်းဆိုတော့ နာမည်ကြားတာနဲ့တင် လန့်ကုန်ပြီလေ..။
(တပည့်တော် နားမရှင်းဘူးဘုရာ့)
(အေး အဲဒီခုံ သွားယူလာ)
ကိုမြခင်တစ်ယောက် ဘုန်းဘုန်း မိန့်တဲ့အတိုင်း ခုံကို သွားယူပေးလိုက်တယ်.။ မလေးနွယ်ကတော့ သတိကောင်းကောင်း ပြန်ရနေပြီမို့ ကိုမြခင်ဘေးကနေ မခွာတမ်းကို ကပ်နေတော့တာ..။
(ကဲ.. ခုံအောက်ကို လှန်ကြည့်လိုက်…)
ဘုန်းဘုန်းပြောတဲ့အတိုင်း လှန်ကြည့်လိုက်တော့ ခုန်ရဲ့ အောက်ခြေမှာ သတ္တုချပ်လေးလို လေးထောင့်အချပ်လေးကို တွေ့လိုက်ရတယ်..။
(ဟင်…)
(အေး.. အဲဒါ သက်ပျောက် ဘီလူးအင်းပဲ…)
(တင်ပါ့… )
(အေး.. ပေးပေး အဲဒီခုံကို ငါယူသွားလိုက်မယ်… )
ကိုမြခင်တစ်ယောက် ဘုန်းဘုန်း ယူသွားမယ်ဆိုတာနဲ့ ခုံကို ထိုးပေးလိုက်တော့တာ..။
(ကဲ.. ခုပဲ တစ်ခါတည်း ရွာဦးကျောင်းကို လိုက်ခဲ့ကြ…။ အာရုဏ်ဆွမ်းချိန် နီးနေပြီ…)
ပြောပြောဆိုဆို ဘုန်းဘုန်း ပြန်ကြွတော့ ကိုမြခင်တို့လဲ ဒရောသားပါ ပြေးလိုက်ကြရတယ်..။ နောက်ပိုင်းမှ ဘုန်းဘုန်း ပြန်မိန့်လို့သိရတာက ရုက္ခစိုးတစ်ပါးက ဘုန်းဘုန်းကို အိပ်မက်ပေးလို့တဲ့.။ အိပ်မက်ထဲမှာ နယ်ခြားမြေခြားက မကောင်းဆိုးဝါးတွေနဲ့ အပင်စောင့်နတ်ပေါင်းပြီး လူစောင့်လဲဖို့ ကြံနေတယ်ဆိုပြီး လာသတိပေးတာတဲ့..။ အဲဒါနဲ့ ဘုန်းဘုန်းကလဲ အာရုံခံကြည့်လိုက်တော့ ကိုမြခင်တို့ လင်မယား ဒုက္ခရောက်တော့မှာကို မြင်တာနဲ့ တန်းပြီး ထထွက်လာတာတဲ့..။ 
ဘုန်းဘုန်း အချိန်မှီရောက်လာလို့ပေါ့..။ မဟုတ်ရင် မလေးနွယ်တစ်ယောက် အစောင့်ဖြစ်နေလောက်ပြီ..။ ထွေထွေထူးထူး လုပ်စရာမလိုတာက ဘုန်းဘုန်းဟာ သီလသမာဓိအားကောင်းသူဖြစ်ပြီး ပရိတ်ရည်လဲ ပါလာတာမို့ပါ..။ ဘုန်းဘုန်းဝင်လာတာနဲ့ မကောင်းဆိုးဝါးတွေ ချက်ချင်း ပြန်ပြေးသွားတာပေါ့…. ။ မလေးနွယ်တစ်ယောက် လေထဲမှာ မြောက်တက်နေတာကို မြင်ထားကြသူတွေမို့ ဘုန်းဘုန်းရှင်းပြတာကို ဘယ်သူမှ အတွန့်မတက်ဘူး..။ သေချာတာကတော့ သူတို့ရွာမှာ ပြင်ပက ကြိမ်ခုံ၊ ဘာခုံ ညာခုံ လုပ်ေ၇ာင်းသူတွေ စီးပွားရေးလုပ်လို့မရတော့တာပါပဲ..။ ကိုမြခင်တို့ လင်မယားလဲ လယ်တဲမှာ မနေတော့ပဲ ရွာထဲက အိမ်မှာ ပြန်နေသွားတော့တယ်..။ သင်ခန်းစာကတော့ မသိရင် မဝယ်နဲ့တဲ့..။ ဆွမ်းခံရင်း ငှက်သင့်တတ်တယ်…။

Credit:TaSay Ywar