လွန်ခဲ့သော ငါးနှစ်က ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မျှ မဲမထည့်ခဲ့သော အသက်(၂၁) နှစ်စွန်းစွန်းချာတိတ်တစ်ယောက်သည် ရွေးကောက်ပွဲတစ်ကျော့ ပြန်လည်လာချိန်၌မူ ဒုတိယသမ္မတတစ်ဦး၏ ပြိုင်ဘက်ဖြစ်လာခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အသက်အငယ်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများထဲက တစ်ဦး ဖြစ်သည့် သူ့နာမည်က သူရိန်ရွှေ ဖြစ်သည်။ နားကွင်းစွပ်၊ တက်တူးထိုးပြီး တီရှပ်ဝတ်လေ့ရှိသည့် ထိုလူငယ်သည် တိုက်ပုံ၊ ပုဆိုးဖြင့် မြင်ရလေ့ရှိသော ဒုသမ္မတ ဦးဉာဏ်ထွန်း၏ မွေးရပ်မြေဇီးကုန်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရန်ကုန်မြို့နှင့် ၁၂၄ မိုင်ခန့် ကွာဝေးသော ပဲခူးတိုင်းအတွင်းက ဇီးကုန်းမည်သောနယ်မြို့လေးသည် ရွေးကောက်ပွဲလေ့လာသူ တို့ အလေးထားစောင့်ကြည့်ရ မည့်မဲဆန္ဒနယ် တစ်ခုဖြစ်လာသည်။ ဇီးကုန်းပြည်သူများ၏ကိုယ်စားလှယ် ဖြစ်လိုသူများစာရင်းတွင် စာရင်းပိတ်ခါနီးမှ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက အမည်စာရင်း တင်သွင်းခဲ့ရာ ဇီးကုန်းသည် စိတ်ဝင်စားစရာ မဲဆန္ဒနယ်တစ်ခုဖြစ်လာသည်။

နိုင်ငံရေးသိပ္ပံသင်တန်းဆရာပေါက်စ ကိုသူရိန်ရွှေသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲစိန်ခေါ်သူ ဖြစ်လိုခဲ့သူ တစ်ဦးဖြစ်သည်။ ထိုအတွေးကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်သူ ရရှိခဲ့သည်။

‘‘ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်အဖြစ် မူဝါဒရေးရာမေးခွန်းတွေ ထုတ်ချင်တယ်။ ကျွန်တော်တို့ အမေး၊ အဖြေတွေကတစ်ဆင့် လူထု ကို ပွဲကြီးပွဲကောင်းတွေ့စေချင် တယ်’’ဟု ကိုသူရိန်ရွှေက ၎င်း၏ ရည်မှန်းချက်ကို ပြောသည်။

၎င်း၏မေးခွန်းများကို အပြန် အလှန်ဆွေးနွေးငြင်းခုံဖြေကြား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏အရည်အချင်းများကို ပြည်သူများက တွေ့မြင်ခံစားရမည်ဖြစ် ကြောင်း သူယုံကြည်သည်။

‘‘ကျွန်တော်က သူ့ကို လူထုရဲ့နှလုံးသားထဲက ခေါင်းဆောင် အဖြစ်ကနေ လက်တွေ့မှာပါ ဦးဆောင်သွားတဲ့သူတစ်ယောက်အ ဖြစ် မြင်ချင်တာ’’ဟု ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောကြားသည်။

သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၏ ကမ်းလှမ်းမှုက သူ၏ရည်မှန်းချက် လားရာကို ကော့မှူးမှ ဇီးကုန်းသို့ ပြောင်းသွားစေခဲ့သည်။ လူငယ် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တစ် သီးပုဂ္ဂလယှဉ်ပြိုင်ခြင်းထက် မြန် မာ့ နိုင်ငံရေးတွင် အစဉ်အလာရှိ သော ပါတီကြီးတစ်ခုကို သူရွေး ချယ်ခဲ့သည်။ ပါတီတွင်း ဒီမိုကရေစီရှိမှုနှင့် ပြုပြင်ပြောင်းလဲရေးအပေါ် ပါတီ၏ သဘောထားကိုလည်း သူက နှစ်သက်သည်ဟုဆိုသည်။

တစညကို ရွေးချယ်ရခြင်း၏ နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ ပါတီက ဒုသမ္မတနှင့် ယှဉ်ပြိုင်ရန် တာဝန်ပေးခဲ့သော ကြောင့်ပင်ဖြစ်သည်။ ယင်းမှာ ယှဉ်ပြိုင်ဘက်ကောင်းနှင့် ယှဉ်ပြိုင်ရန် သွေးကြွနေသော လူငယ်တစ်ဦးအတွက် အာသာပြေစရာ ဖြစ်ခဲ့သည်။

ဦးဉာဏ်ထွန်းသည် ဇီးကုန်းတွင် ဒုသမ္မတဟူသော အရှိန်အဝါထက် ပိုပါသည်။ သူသည် ဇီးကုန်း၏ လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ရေ)ရာထူးထိ စစ်တပ်တွင် နေရာရခဲ့သူ ဦးဉာဏ်ထွန်းသည် ဇာတိမြို့ကို ပြန်ကြည့်သူ တစ်ဦးလည်းဖြစ်သည်။ တပ်မတော်က တင်မြှောက်သဖြင့် ဒုတိယသမ္မတ ဖြစ်လာခဲ့သော်လည်း ဇီးကုန်းမြို့တွင် သူ့အကြောင်းက ရေပန်းစားလှသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူက ဇီးကုန်းအိုင်ကွန်ဖြစ်သည်။

‘‘သူက ဇီးကုန်းအတွက် အသင့်တော်ဆုံးဖြစ်ရင် ဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကြည့် မယ်ဆိုရင် ကျွန်တော်က သူ့ထက်ပိုသင့်တော်ပါတယ်’’ဟု ကိုသူရိန်ရွှေက ယုံကြည်မှုအပြည့်ဖြင့် ပြော သည်။

အာဏာရပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဉာဏ်ထွန်းအပြင် ကိုသူရိန်ရွှေ နောက်ထပ်ဖြတ်ကျော်ရမည့် လူစာရင်းရှိနေပါသေးသည်။

အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဦးသက်နိုင်ဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးခင်မောင်ဝင်းနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဒေါ်အေးအေးငြိမ်းတို့မှာ လည်း သူ၏ပြိုင်ဘက်များဖြစ်ကြ သည်။ တိုက်ဆိုင်မှုတစ်ခုမှာ ဦးခင်မောင်ဝင်းသည် သူ၏ သင်တန်းသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။

ပြိုင်ဘက်များကို အသာရစေမည့်နည်းလမ်းများ ရှာတွေ့ထား ပြီးပြီဟုလည်း သူက ဆိုသည်။ ဆန်၊ ဆီ၊ ယပ်တောင်ပေးမည့် စည်းရုံးရေးနည်းလမ်း သူ မသုံး။

မဲပေးလျှင် ဘာလုပ်ပေးမည်ဟုလည်း သူပြောမည်မဟုတ်။ သူ ပြောမည့်အရာမှာ ကျွန်တော့်ကို အလုပ်ပေးပါဟုသာ။

‘‘ကျွန်တော် အလုပ်လာ လျှောက်တာပါ။ ခင်ဗျားတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော့် ကို အလုပ်ပေးပါ’’

တစ်အိမ်တက်ဆင်း ပြောဆို စည်းရုံးမည့်စကားကို သူပြောပြ သည်။ မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၂၉ ခုဖြင့် ဖွဲ့စည်းထား သည့်ဇီးကုန်းတွင် ဘယ်သူတွေဆီ က မဲရနိုင်မလဲ၊ မဲဘယ်လောက် ရာခိုင်နှုန်းရလျှင် သူနိုင်မလဲဆို သည်ကိုလည်း သူက သုတေသန လုပ်ထားသည်။ သူမဲမရနိုင်သော ကျေးရွာရပ်ကွက်များအတွက် အ ချိန်ကုန်ခံ စည်းရုံးမည်မဟုတ်ဟု သူက ဆိုသည်။

‘‘အိမ်ခြေတစ်ထောင်ရှိလို့ တစ်ရာလောက်ပဲ မဲရမယ့်နေရာမျိုးတွေကို ကျွန်တော် သွားစည်းရုံးနေမှာ မဟုတ်ဘူး’’ဟု သူက ဆို သည်။

သူ၏ ပထမဆုံးမဲဆွယ်စည်း ရုံးရေးခရီးစဉ်မှာ တစည၏ အမာခံ သင်ကန်ရွာဖြစ်သည်။

ယခုတော့ သူသည် ဇီးကုန်း မြို့နယ် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီရုံးခန်းတွင် အ ခြေချပြီး မဲဆွယ်စည်းရုံးရေးလှုပ် ရှားမှုကို စတင်နေပြီဖြစ်သည်။

နိုင်ငံရေးသိပ္ပံဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ ရွေး ကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဖွဲ့ စည်းပုံကို စနစ်တကျ ဖွဲ့စည်း သည်။

ကိုယ်စားလှယ်လောင်း အပါအဝင် မဟာဗျူဟာအဖွဲ့၊ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးအဖွဲ့၊ အစီအ စဉ်ရေးဆွဲရေးအဖွဲ့၊ သုတေသန နှင့် အထူးကိစ္စရပ်များ လေ့လာရေးအဖွဲ့၊ ကွင်းဆင်းစည်းရုံးရေးအဖွဲ့၊ ရန်ပုံငွေရှာဖွေရေးအဖွဲ့နှင့် ဥပဒေအထောက်အကူပြုအဖွဲ့တို့ဖြစ်သည်။

သို့သော် အောင်နိုင်ရေးအဖွဲ့အင်အားမှာ သူ့မျှော်မှန်းချက်၏ ၂၀ ရာခိုင်နှုန်းခန့်သာ ပြည့်မီသေး ကြောင်း သူက ဝန်ခံသည်။ လူ ငယ်များ၏ ထောက်ခံဝန်းရံမှုကို သာ ရရှိပါက ရွေးကောက်ပွဲအောင်နိုင်ရန် မခက်ခဲကြောင်း သူကပြောသည်။

‘‘ကျွန်တော်တို့ လူငယ်တွေ စိန်ခေါ်နိုင်တယ်၊ လုပ်နိုင်ဖို့ အ ခွင့်အလမ်းတွေ ရှိတယ်ဆိုတာကို မြင်စေချင်တယ်’’ဟု ပြီးခဲ့သော လွတ်လပ်ရေးနေ့တွင် အသက် (၂၆)နှစ်ပြည့်ခဲ့သူ ကိုသူရိန်ရွှေက ပြောသည်။

ရွေးကောက်ပွဲနိုင်ခဲ့လျှင် တောင် သူ၏ အသက်အရွယ် ကြောင့် အစိုးရအဖွဲ့သို့ သွားခွင့် ရမည်မဟုတ်ဘဲ လွှတ်တော်ကိုယ် စားလှယ်အဖြစ်နှင့်သာ ကျေနပ်ရ မည်ဖြစ်သည်။

‘‘တကယ်လို့ လွှတ်တော်ထဲ ရောက်ရင် ဒေသလိုအပ်ချက်တွေ အစိုးရဆီက တောင်းပေးမယ်။ ပြည်သူတွေ လူ့အခွင့်အရေး အ ပြည့်ရမယ့်ဥပဒေတွေ ပြဋ္ဌာန်းနိုင် ဖို့ကြိုးစားမယ်’’ဟု သူကဆိုသည်။

မန္တလေးမြို့တွင် မွေးဖွားပြီး ပြင်ဦးလွင်၌ ကြီးပြင်းခဲ့သူ ကိုသူရိန်ရွှေသည် ပညာလိုလားသူတစ်ဦးလည်းဖြစ်သည်။ မတရားမှုတစ်ခုကို အာခံမှုဖြင့် တက္ကသိုလ်ဝင် တန်းတွင် သူ ကျောင်းထုတ်ခံရ သည်။ ပြင်ဦးလွင်နှင့် မန္တလေးတစ်ဝိုက်တွင် သူ့ကို ဘယ်ကျောင်းကမှ လက်မခံသဖြင့် မန္တလေး၌ ည ကျောင်းတက်ပြီး တက္ကသိုလ်ဝင် တန်းအောင်ခဲ့သည်။

ထို့နောက် ရန်ကုန်ရောက် လာပြီး အင်္ဂလိပ်စာအဓိကဖြင့် ဒဂုံတက္ကသိုလ်မှ ဘွဲ့ရသည်။ စီး ပွားရေးတက္ကသိုလ်တွင် ဘွဲ့လွန် ဆက်တက်ခဲ့ပြီး လက်ရှိလည်း အမ်ဘီအေ မဟာတန်းကျောင်း သားတစ်ဦးဖြစ်သည်။

ပညာလိုလားသူဖြစ်သည့်အ လျောက် ပညာမျှဝေသူလည်း ဖြစ်ခဲ့သည်။ သူ့ကိုယ်သူ Civic Educator အဖြစ်ခံယူပြီး ၂၀၀၉ မှစတင်ကာ သင်တန်းများ ပို့ချပေး ခဲ့သည်။

ကျောင်းပြီးချိန်မှစတင်၍ အမေရိကန်စင်တာနှင့် ဗြိတိသျှ ကောင်စီများသို့ ဝင်ထွက်သွားလာပြီး ပညာရှာမှီးခဲ့သူ လူငယ်တစ်ဦးသည် နိုင်ငံရေးကို စိတ်ဝင်စားမှန်းမသိ စိတ်ဝင်စားခဲ့ပြီး အမြစ်တွယ်မှသာ သိခဲ့လေသည်။

နိုင်ငံရေးမျိုးရိုးမရှိသူ ထိုလူ ငယ်၏ စံပြနိုင်ငံရေးသမားမှာ ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲ လားဟုဆိုသည်။

အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း ရွေးကောက်ပွဲ အနိုင်၊ အရှုံးမှာ ရွေးကောက်ပွဲပြီးမှသာ အဖြေထွက်မည်ဟု သူကဆိုသည်။

သူသည် အနိုင်ရလဒ်ကို မျှော်လင့်ထားသလို ရှုံးလျှင်လည်း ပြောဖို့ စကားရှာထားပြီးပြီဟု ဆိုသည်။

‘‘လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါစေ၊ ရှုံးခဲ့ရင်လည်း ကျေကျေနပ်နပ် လက်ခံပြီး နိုင်တဲ့သူကို ဂုဏ်ပြုစကားပြောသွားမှာပါ’’

7day daily