တိုက်ခန်းရဲ့ပထမထပ်မှာ ဇနီးမောင်နှံနှစ်ဦးနေပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝက စည်းကမ်းတကျပါပဲ။ မနက်ဆိုရင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တယ်၊ ညနေဆိုရင် ပန်းခြံသွားလမ်းလျှောက်လေ့ရှိတယ်။ ဘဝကို ရိုးရိုးရှင်းရှင်း သူတို့ဖြတ်ကျော်ကြတယ်။ တိုက်ခန်းက လမ်းဖက်ကိုမျက်နှာမူထားတော့ သူတို့က ဝရံတာတံခါးကို အမြဲဖွင့်ထားပြီး အဲဒီမှာထိုင်ရင်း စာအုပ်ဖတ်တယ်၊ ရေနွေးကြမ်းသောက်တယ်၊ ဒါမှမဟုတ် လမ်းသွားလမ်းလာတွေကို ကြည့်ပါတယ်။

သူတို့ရဲ့တိုက်ခန်းထဲကနေ ဟင်းနံ့တွေ မွှေးမွှေးကြိုင်ကြိုင် ပျံ့လွှင့်လာပြီဆိုရင် ဒါဟာ သူတို့ရဲ့သား အိမ်ပြန်လာပြီဆိုတာကို ကျွန်မသိလိုက်တယ်။ သူတို့ရဲ့သားက ကျောင်းပြီးတာနဲ့ တခြားမြို့မှာ အလုပ်သွားလုပ်နေတာဖြစ်ပြီး အိမ်ပြန်ခဲပါတယ်။ ကြာကြာနေလို့တစ်ခါ သားပြန်လာပြီဆိုရင် သူတို့ဇနီးမောင်နှံ အလုပ်များတော့တာပဲ။ နေ့တိုင်း ဈေးပြေးလိုက် ချက်ပြုတ်လိုက်နဲ့ အကောင်းဆုံး အရသာအရှိဆုံးအစားအစာတွေကို သားအတွက်ပဲ သူတို့ဖြစ်စေချင်ခဲ့တယ်။

အဲဒီလိုအချိန်မျိုးဆိုရင် တိုက်ခန်းထဲကနေ မွှေးကြိုင်တဲ့အနံ့တွေ လွှင့်ထွက်လာတတ်ပါတယ်။ သူတို့တိုက်ခန်းရှေ့ဖြတ်ရင် ကျွန်မက “ဒီကနေ့ကတော့ ငါးဟင်းထင်ပါရဲ့.. အဝေးကနေတောင် အနံ့ရတယ်”လို့ သူတို့ကို စနောက်တတ်တယ်။ အဲဒီအခါကျရင် အိမ်ရှင်မက “ဟုတ်တယ်.. လာစားပါဦးလား.. ငါးတွေက လတ်လတ်ဆတ်ဆတ်ပဲ”လို့ ဆိုတယ်။ ရက်သိပ်မကြာခင် သားပြန်သွားတော့ တိုက်ခန်းထဲကနေ မွှေးကြိုင်တဲ့ဟင်းနံ့ကို မရတတ်တော့ဘူး။ တိုက်ခန်းက နဂိုအတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြန်ပါတယ်။ အရင်လိုပဲ ဇနီးမောင်နှံနှစ်ဦးက ရိုးရှင်းတဲ့နေ့ရက်ကို အေးဆေးတည်ငြိမ်ဖြတ်ကျော်ကြပြန်ပါတယ်။

ချစ်ခြင်းမေတ္တာက အနံ့အသက်ရှိပါတယ်။ ဟင်းကောင်းထမင်းကောင်းတွေ နေရာအနှံ့စားနိုင်ပေမယ့် မိဘကိုယ်တိုင်ချက်ကျွေးတဲ့ ထမင်းဟင်းက သာပြီးအရသာရှိပါတယ်။

ကျွန်မရဲ့မိတ်ဆွေတစ်ဦးက ဆေးလိပ်မကြိုက်ပါဘူး။ ဒါပေမယ့် ရွာက နေအိမ်ဆီပြန်တဲ့အခါ ဈေးပေါတဲ့ဆေးပေါ့လိပ်နံ့ကိုရတိုင်း ဖခင်ဖြစ်သူကို သတိရမိတယ်လို့ဆိုတယ်။

သူငယ်ငယ်တုန်းက အိမ်မှာ စားဝတ်နေရေးကျပ်တည်းခဲ့တယ်။သူကျောင်းနေရဖို့ကိုပဲ ဦးစားပေးတော့ အိမ်အတွက်အသုံးစရိတ်ကို ချွေတာခဲ့ကြတယ်။ သူကျောင်းလခပြန်ယူတိုင်း မိဘနှစ်ပါးခေါင်းခဲခဲ့ရတယ်။ ဒါပေမယ့် သူ့ကို ပညာပဲသင်ယူစေခဲ့တယ်။ မီးရောင်မှိန်မှိန်အောက်မှာ ဖခင်က ဆေးပေါ့လိပ်ကိုဖွာရှိုက်ရင်း သက်ပြင်းတွေ အထပ်ထပ်ချခဲ့တယ်။

“အဖေ.. ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့လား.. ကျန်းမာရေးထိခိုက်နိုင်တယ်။ အိမ်မှာ ဒီလောက်ကျပ်တည်းနေတာ ကျွန်တော်ကျောင်းမနေတော့ဘူး”လို့ သူပြောတိုင်း ဖခင်က “ဆေးလိပ်သောက်တာက သားကို ခြင်မောင်းပေးဖို့ပါ။
ဒီအတွက် ပူပင်သောက မရောက်ပါနဲ့။ စာကိုပဲ ကောင်းကောင်းသင်ယူပါ။ ဘဝဆိုတာ ဒီလိုပါပဲ… ဖြတ်ကျော်လို့မရတဲ့အခက်အခဲဆိုတာ မရှိပါဘူး”

ဖခင်က ဘဝကို ပေါ့ပေါ့ပါးပါးပုံဖော်ခဲ့ပေမယ့် သူ့ခေါင်းအုံးက မျက်ရည်တွေနဲ့ရွဲစိုခဲ့ပါတယ်။

ခက်ခဲတဲ့နေ့ရက်တွေကို ဖခင်က သူ့ပခုံးနဲ့ ကြံ့ကြံ့ခံထမ်းခဲ့ပါတယ်။ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရပေမယ့်လည်း တစ်ချက်မှ မညည်းတွားခဲ့ဘူး။ ဘဝအမောကို ဆေးလိပ်သောက်တာနဲ့ပဲ ဖြေဖျောက်ခဲ့တယ်။ ဖခင်ရဲ့ကိုယ်ပေါ်မှာ ဆေးလိပ်နံ့ပြင်းပြင်းတွေသာ စွဲကျန်ရစ်ခဲ့တယ်။ အဝေးကနေတောင် အဲဒီအနံ့ကို ရတတ်တယ်။ ဆေးလိပ်နံ့ကို သူ မနှစ်သက်ပေမယ့် ဖခင်ကွယ်လွန်ပြီးချိန်ကျမှ အဲဒီအနံ့အသက်က သူ့ရင်ဘတ်နက်နက်တစ်နေရာမှာ ရှိနေခဲ့တယ်ဆိုတာကို သူတအံ့တသြသိလိုက်ရတယ်။

တစ်ခါက ခရီးဝေးသွားဖို့ ကျွန်မရထားစီးဖြစ်ခဲ့တယ်။ ကျွန်မရဲ့မျက်နှာချင်းဆိုင်မှာ အသက်ကြီးကြီးဇနီးမောင်နှံနှစ်ဦး ထိုင်ပါတယ်။ သူတို့က ပလတ်စတစ်အထုပ်တစ်ထုပ်ကို မလွှတ်တမ်း တင်းတင်းပွေ့ထားပါတယ်။ သူတို့ရဲ့မသကာင်္တဲ့အပြုအမူကို ရထားရဲကသတိထားမိသွားလို့ အထုပ်ကိုဖြည်ခိုင်းခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦးလုံးက အထုပ်ပေးမဖြည်ခဲ့လို့ ရဲက ပိုသံသယဝင်ပြီး အတင်းဖြည်ခိုင်းတော့မှ အထုပ်ထဲကနေ ချဉ်စူးစူးအနံ့တစ်မျိုး ထွက်လာခဲ့ပါတယ်။ တကယ်တော့ အထုပ်ထဲမှာ ထည့်ထားတာက မုန်ညင်းချဉ်တွေပါ။ သူတို့က မြို့တက်ပြီး သားဆီအလည်အပတ်သွားတာပါ။ သားက အိမ်ကလုပ်တဲ့မုန်ညင်းချဉ်ကို ကြိုက်နှစ်သက်လို့ သားအတွက် ယူသွားပေးတာဖြစ်ပါတယ်။ အနံ့ထွက်မှာစိုးလို့ သူတို့က အထပ်ထပ်ထုပ်ပြီး ရင်ခွင်ထဲထည့်ထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာ အဲဒီခရီးလမ်းကရူခင်းတွေကို ကျွန်မ မမှတ်မိတော့ပေမယ့် မုန်ညင်းချဉ်ထုပ်ကို တင်းတင်းပွေ့ဖက်ထားတဲ့ သူတို့ဇနီးမောင်နှံကိုတော့ ကျွန်မအမှတ်ရနေခဲ့ပါတယ်။ အဲဒီ ချဉ်စူးစူးအနံ့မှာ ချစ်ခြင်းမေတ္တာအနံ့အသက်တွေ ပါနေခဲ့လို့ဖြစ်ပါတယ်။

ဘဝကို နှလုံးသားနဲ့ရင်းပြီး ခံစားကြည့်ရင် နေရာတိုင်းမှာ ချစ်ခြင်းရဲ့အနံ့အသက်ကို ရှာဖွေတွေ့ရှိခံစားမိနိုင်ပါတယ်။ အဲဒီအနံ့အသက်က နှစ်လရာသီတွေထဲမှာ လွှင့်ပြန့်မွှေးကြိုင်နေပြီး အေးစက်ညိုမှိုင်းတဲ့လူ့ဘဝကို နွေးထွေးထုံသင်းစေပါတယ်။

မူရင်းရေးသားသူ– Dài lián huá
နိုင်းနိုင်းစနေ(Jan. 18. 2015)