၂၀၁၅ ရွေးကောက်ပွဲကို ပိုမို စိတ်ဝင်စားနေတဲ့ ချစ်သုဝေက လက်ရှိလုပ်လက်စအခွေကို ၂၀၁၆ နှစ်စပိုင်းမှာ ထွက်ဖို့ရှိပြီး အောက်တိုဘာလတွင်လဲ မေမြို့သို့တက်ကာ ဟာသရုပ်ရှင်ကားကြီး တစ်ကားကိုလက်ခံရိုက်ကူးတော့မှာဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကိုပဲ မဲပေးမယ်လို့ ပွင့်လင်းစွာပြောပြ လာတာကြောင့် သူမနဲ့တွေ့ဆုံခိုက်

-မမကို အခုနောက်ပိုင်း ကားရိုက်ပိုင်းထက် လူမှုရေး လုပ်ငန်းတွေမှာ ပိုမိုတွေ့လာရတယ်။ အဲ့ဒီအပိုင်းလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

အဓိကက မမကို ကားရိုက်ပိုင်းမှာ မတွေ့ရဘူးဆိုတာက သမီးရယ်။ ဗီဒီယိုဈေးကွက်ကလဲ ပျက်၊ ပရိုဂျူဆာတွေကလဲ Marketing သဘောအရ မမတို့ကို မသုံးကြတော့ဘူးပေါ့ကွယ်။ နည်းနည်း ဈေးလေးတွေ အဆင်ပြေမဲ့ သူတွေလောက်ပဲ ခေါ်ရိုက်ကြတော့တယ်။ ဈေးကွက်ကိုကလဲ မင်းသားနဲ့သွားတာဆိုတော့ မမလဲ ဒီလောကထဲမှာ ရပ်တည်နေတုန်းကလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တာဆိုတော့ သဘောသဘာဝလေးတွေကလဲ မတူတော့ဘူးဆိုတော့ ကားရိုက်လေးတွေကတော့ နည်းနည်းပါးသွားတယ်။ ကားရိုက်ပါးလာတဲ့အချိန်မှာ မမက ဒီဖက်မှာ အခွေလေးတွေ လုပ်ဖြစ်တယ်။ 

ကားရိုက်က မရှိဘူးမဟုတ်ဘူး။ ကိုယ့်ဆီလာတဲ့အခါမှာလဲ ဇာတ်လမ်းလေးတွေက ထူးမခြားနားလေးတွေဖြစ်လာတယ်။ ဘာမှလဲ မယ်မယ်ရရ မဟုတ်လောက်တဲ့ ဇာတ်တွေဆိုတာ့ အရိုးသားဆုံးပြောရရင် ဗီဒီယိုရိုက်ခြင်းက ၀င်ငွေရှာတဲ့ အလုပ်တစ်ခုလိုဖြစ်လာတယ်။ အဲ့ဒါ ကားရိုက်နည်းသွားတဲ့အကြောင်းအရင်းပေါ့။ ဒီဖက်က လူမှုရေးအလုပ်များလာတဲ့အကြောင်းအရင်းက လူမှုရေးကို အရင်ကတည်းကလုပ်တယ်။ မမနဲ့တူတူတွဲလုပ်တဲ့ လူမှုရေးဂေဟာက လူတွေတော့ သိတာပေါ့။ 
ဒါပေမဲ့ အခုနောက်ပိုင်းမှာမှ မမလုပ်တာကို ဘာ့ကြောင့်သိကြလဲဆိုတော့ အခုခေတ်က ပရဟိတဟာ အရမ်းပေါ်ပြူလာဖြစ်လာတဲ့သဘောပေါ့။ ပရဟိတကို အားလုံး လုပ်လာကြတယ်။ ဒီပရဟိတ လုပ်ခြင်းအပေါ်မှီပြီးတော့လဲ Image ကောင်းတွေ ယူလာကြတယ်။ မီဒီယာကနေလဲ အကျယ်တ၀င့်တွေရေးသားလာကြတယ်။ အဲ့ဒီအခါမှာ Celebrity တွေကလဲ လုပ်ဖို့စိတ်ဝင်စားလာပြီးတော့ ပါဝင်လာကြတယ်။ Popularity ဖြစ်လာတဲ့အခါ မမလုပ်တာကို လူသိသွားတယ်။ ဒါပါပဲ။ အရင်ကတည်းက လုပ်ခဲ့တယ်။ အခုလဲလုပ်နေဆဲပဲ။ 
ကိုယ့်ရဲ့ ရှေ့ဆက်လျှောက်မဲ့ အနာဂတ်ဆိုရင်လဲ မမရဲ့ဘ၀ကို အေးအေးချမ်းချမ်းပဲသွားချင်တဲ့လူမျိုးပေါ့။ မမက သာမန်ပုထုဇဉ်ဆိုတော့ ကျော်ကြားမှုကို မမက်မောတာတို့၊ အောင်မြင်မှုကို မမက်မောတာတို့ငွေကြေးကို မမက်မောတာတို့တော့မမ မပြောချင်ဘူး။ အတန်အသင့်ရှိရင် ရပြီ။ မမက အဲ့ဒီဟာရဲ့နောက်ကို လိုက်ပြီးတော့ မမရဲ့ရပ်တည်မှု၊ မမရဲ့ Image ၊ မမရဲ့တန်ဖိုးကို လဲလှယ်ပစ်ရလောက်တဲ့အထိတော့ Stupid မဖြစ်ဘူး။ အခြေအနေအကြောင်းအရာတွေ ဘယ်လိုပဲပြောင်းလဲပြောင်းလဲ မမရပ်တည်မှု၊ မမရဲ့ခံယူချက်တွေဟာ ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး။ မမသည် ကလေးဘ၀ကတည်းက အိပ်မက်တွေလဲ ဆယ်ကျော်သက်ဘ၀မှာ ရှင်သန်ခဲ့တယ်။ ဒီလိုပဲ လူကြီးဘ၀မှာလဲ မမသည်မမပဲ။ ဘယ်အရာမှ မမကို လွှမ်းမိုးလို့မရဘူး။ 
ဥပမာကွာ လောကတစ်ခုမှာ ရပ်တည်နေလို့ဒီလောကမှာ ရှင်သန်လှုပ်ရှားနေတဲ့ လူအများစုက ဒီလိုနည်းနဲ့သွားနေကြတယ်။ ဒီလိုနည်းနဲ့ မှ မင်းရှင်သန်မယ်ဆိုရင် အဲ့ဒီအကြောင်းအချက်သည် မမရဲ့ရပ်တည်မှု၊ မမရဲ့ခံယူချက်နဲ့ဆန့်ကျင်နေရင် ငွေကြေးအတွက်၊ ကျော်ကြားမှုအတွက်၊ အောင်မြင်မှုအတွက် မမလိုက်လျောဖြစ်မှာ မဟုတ်ဘူး။ မမသည် အဲ့ဒီလိုသမားမျိုး။ ရှေ့ဆက်လျှောက်မဲ့ ဘ၀က ကိုယ့်မိသားစုနဲ့အတူ လူမှုရေး အလုပ်လေးတွေလုပ်မယ်။ ကိုယ့်ရဲ့အနုပညာအလုပ်ဆိုရင်တောင် အနုပညာအလုပ်လုပ်ရင်းနဲ့လူမှုရေးအလုပ်လေးတွေကို Related ဖြစ်ပြီး လုပ်သွားချင်တဲ့သူမျိုးဆိုတော့ အခု ဘ၀လေးကိုတော့မမကျေနပ်တယ်။ မမပြန်သုံးသပ်ကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ ၃ နှစ်၊ လေးနှစ်လောက်ကပေါ့။ 
မမကားတွေတောက်လျှောက်ရိုက်တဲ့အခါမှာ ဘာမှပြန်မလုပ်နိုင်ဘူး။ ကိုယ့်အတွက် Self Learning ဘာမှကိုကောင်းကောင်းမလုပ်နိုင်ဘူး။ တစ်နေ့တစ်နေ့က ကားရိုက်နဲ့ပဲကုန်ဆုံးနေတယ်။ ကြာလာတော့ မမအဲ့ဒီအထဲကနေ ရုန်းထွက်ချင်လာတယ်။ အဲ့ဒီတော့ ဒီအချိန်အပိုင်းအခြားလေးဟာ မမကို ရုန်းထွက်ဖို့အတွက် Favour ပေးနေတဲ့အချိန်လေးပေါ့။ ကားရိုက်တွေလဲ အရမ်းမများတော့ဘူး။ အဲ့ဒီအတွက်မမရဲ့ ကိုယ်ပိုင်အချိန်လေးတွေရှိလာတယ်။ အဲ့ဒီရဲ့ ကိုယ့်ပိုင်အချိန်လေးတွေကို မမဟာမမကြိုက်သလို Management လုပ်လာတယ်။ မမရဲ့ အခွင့်အရေးအကောင်းဆုံး အချိန်ကာလလေးတစ်ခုပေါ့။ 
မမကြော်ငြာ ရိုက်တယ်။ သီချင်းတွေဆိုတယ်။ အခုလာမဲ့ အောက်တိုဘာလထဲမှာ ကားကြီးရိုက်မယ်။ ဒါရိုက်တာ (ဦးဇော်) နဲ့ပါ။ နေမင်း၊ကိုဝေဠု ၊ မခိုင်လေး၊ မဂွမ်း၊ ကိုခင်လှိုင်တို့နဲ့ Comic လေးပါပဲ။ မမအလုပ်လေးတွေ လုပ်မယ်။ မမရဲ့ Family Life လေးလဲ မမမှာ ရှိနေတယ်။ ကိုယ်ပိုင်အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့ ကိုယ်ပိုင်အချိန်လေးတွေလဲ ရှိနေတယ်။ မမရဲ့ ကိုယ်ပိုင် အိပ်မက်လေးတွေကို အကောင်အထည်ဖော်ဖို့အတွက် မမကြိုးစားနေတယ်။ အဲ့ဒီလိုသဘောမျိုးလေးပါပဲ။

-ဂီတပိုင်းကျတော့ အခုလက်ရှိမှာ ဘယ်လိုဆက်လုပ်ဖြစ်နေလဲ။

တကယ်တမ်းပြောရရင် မမအခွေက သုံးပုံ နှစ်ပုံလောက်ပြီးနေပြီ။ ဒါပေမဲ့ အခုအချိန်မှာလေ မမအာရုံကျနေတာက ရွေးကောက်ပွဲ အတွက်နဲ့မမတို့တိုင်းပြည်အပြောင်းအလဲကို မမစိတ်ဝင်စားတယ်။ မမရွေးကောက်ပွဲကို စိတ်ဝင်စားတယ်။ ပြည်သူတွေကိုလဲ အဲ့ဒီအပေါ်ကို စိတ်ဝင်စားစေချင်တယ်။ ပြည်သူတွေအားလုံးလဲ အဲ့ဒီအပေါ်မှာပဲ အာရုံကျနေလိမ့်မယ်လို့မမထင်တယ်။ အင်တာတိန်းမန့်ဖက်ကို ရှေ့နှစ်လောက်မှ သွားမလားပေါ့။ 

မမအခွေလေးကို အပြီးသတ်ပြီး လုပ်ဖြစ်မယ်ဆိုရင်တောင်ရှေ့နှစ် မတ်၊ ဧပြီလောက်မှဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲရှိတယ်။ ဒီဇင်ဘာရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိသေးဘူး။ အဲ့ဒီအတွက်ကြောင့်မို့လို့ပြုပြင်ပြောင်းလဲနေတဲ့ ကာလပေါ့။ ဒီပြုပြင်ပြောင်းလဲရေး ကာလကြီးမှာ စိတ်ဝင်တစားနဲ့Enjoy လုပ်ချင်တယ်။ 
ဘာဖြစ်လို့လဲဆိုတော့ မမတို့တစ်သက်လုံးမှာ အခွင့်ကောင်းလေး တစ်ခုရှိတယ်။ အဲ့ဒီအခွင့်ကောင်းလေးကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို မမအရမ်းစိတ်ဝင်တစားနဲ့ Enjoy လုပ်ချင်တယ်။ ပြည်သူတွေကိုလဲ အဲ့ဒီလိုပဲ Enjoy လုပ်စေချင်တယ်။ အဲ့ဒါကြောင့်မို့ အခြား Way တွေကို အာရုံတွေပြန့်နေတာမျိုးကို ကိုယ်ကိုတိုင်လဲ မလုပ်ချင်ဘူး။ ရှေ့နှစ် မတ်၊ ဧပြီလောက်မှပဲ ထွက်ဖြစ်ပါမယ်။

-အခုလက်ရှိမှာက မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရယ်လေးလဲကြုံတွေ့နေရတော့ ရွေးကောက်ပွဲထက် ရေဘေးကို ပိုမိုအာရုံစိုက်နေကြတာကိုတွေ့ရတယ်။ မမရဲ့ အမြင်ကရော ဘယ်လိုရှိလဲ။

မမရဲ့အမြင်ပေါ့နော်။ မမရဲ့အမြင်က အရမ်းသေးငယ်ပါတယ်။ ကိုယ်နဲ့ပဲနှိုင်းစာပြီးပြောလိုက်တာပေါ့နော်။ မမတို့တွေက အေးအေးဆေးဆေး မပူမပင် မကြောင့်မကျနဲ့ အာမခံချက်တွေရှိတဲ့ဘ၀မျိုးမှာ နေခဲ့ရတာမဟုတ်ဘူး။ မမတို့က စားဝတ်နေရေးအတွက် အမြဲတမ်းရုန်းကန်နေရတယ်။ တစ်ခုခုဖြစ်ပြီဆို အရှည်မတွေးနိုင်ဘူး။ ရွေးကောက်ပွဲနဲ့ ရေဘေးနဲ့ဘယ်ဟာအရေးကြီးလဲဆို နှစ်ခုစလုံးအရေးကြီးတယ်။ ဒါပေမဲ့ အမှန်တရားကို လက်ခံနိုင်ရမယ်။ ရွေးကောက်ပွဲက အရှည်အတွက် စဉ်းစားမယ်ဆို ပိုအရေးကြီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရယ်ဆိုတာ အခု တစ်ခုတည်းဖြစ်မှာမဟုတ်ဘူး။ 

အခုဖြစ်နေတဲ့ ရေဘေးနဲ့ပတ်သက်ပြီး မမနေရာစုံအောင် သွားခဲ့တယ်။ လူအားငွေအားနဲ့လဲကူညီခဲ့တယ်။ လူအားနဲ့လဲ သွားအားပေးတယ်။ မမတို့တတ်ကျွမ်းတဲ့ ကျန်းမာရေးအသိတွေနဲ့လဲ သွားအားပေးဖြစ်တယ်။ မမတတ်နိုင်သမျှ မမလုပ်ပေးတယ်။ ဒီအပိုင်းကိုလဲ ကိုယ်ချင်းမစာလို့ပြောနေတာမဟုတ်ဘူး။ ကိုယ်ချင်းလဲစာတယ်။ အိမ်မှာနေမထိထိုင်မသာဖြစ်တဲ့ အထိကိုပဲ။ မမအလုပ်တွေ တစ်လလောက်ဖြတ်ပြီးကို ရေဘေးအတွက် အချိန်ပေးဖြစ်တယ်။ မမသည် အရေးအရာကို စိတ်ဝင်စားတယ်။ သဘာဝဘေးအန္တရယ်ကို ဖြေရှင်းရမယ်။ အဲ့ဒီလိုပဲ မမတို့ဆီမှာ သယံဇာတတွေကပြုတ်ပြုတ်ပြုန်း၊ တောတောင်တွေကပြုတ်ပြုတ်ပြုန်း အဲ့ဒီအတွက် သဘာဝဘေးအန္တရယ်ဆိုတာ လက်ယပ်ခေါ်နေတာ လာဦးမှာ သမီးထပ်ပြီးကြုံရဦးမှာ။ ထပ်ပြီးကြုံရတဲ့အခါတွေမှာ ဘာတွေပြင်ဆင်ထားမလဲဆိုတဲ့ အပိုင်းမှာ မမတို့နိုင်ငံက ဒုံရင်းဒုံရင်းဖြစ်နေလို့မရဘူး။ 
မမတို့နိုင်ငံ တိုးတက်မှ၊ပြင်ပအကူအညီတွေကိုယူနိုင်မှ ဒီဖက်မှာ တကယ့်ကို emergency တစ်ခုဖြစ်လာတဲ့အခါကျရင် ဘယ်လိုလုပ်မယ်။ ဘယ်လိုသွားမယ်ဆိုတဲ့ အစီအစဉ်တွေကို ကောင်းကောင်းရေးဆွဲနိုင်တဲ့ အစိုးရတက်မှအဆင်ပြေမယ်။ မမပြောတဲ့ သဘောလေး ပရိသတ်ကြီးနားလည်မှာပါ။ ရွေးကောက်ပွဲသည် ရေရှည်အတွက် အရေးပိုကြီးတယ်။ မမတို့သည် နှစ်ခုလုံး စိတ်ဝင်စားရမှာမှန်ပေမဲ့ တစ်ခုကို စိတ်ဝင်စားပြီး တစ်ခုကို careless ဖြစ်နေရမယ်လို့မဟုတ်ဘူးလေ။ ဒါပေမဲ့ မမ အပါအ၀င် မမတို့ပြည်သူတွေက အရမ်းကို နေသားကျနေပြီ။ အခုဖြစ်မှ အခုရှင်းတာကိုနေသားလဲ ကျနေပြီ။ အခုဖြစ် အခုရှင်းတာတောင် သူတို့မှာအနိုင်နိုင် ဟုတ်ပြီ။ ရေဘေးသည်လဲ အရေးကြီးတယ်။ 
ဒါပေမဲ့ ဒီလိုမျိုး ထပ်ဖြစ်တဲ့အခါမှာ တကယ့်ကို အားကိုးလို့ရတဲ့ တကယ့် အစိုးရတစ်ရပ် သမ္မတ လိုအပ်တယ်။ မမတို့ခေါင်းဆောင်လိုအပ်တယ်။ ဒီ ခေါင်းဆောင်ကို မမတို့ပြည်သူတွေက ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန်နဲ့ ကိုယ့်ရဲ့ Right ကို အယူနိုင်ဆုံးက မဲပေးခြင်းအပေါ် မူတည်တယ်။ မမတို့က မဲလေးပဲပေးပိုင်ခွင့်ရှိတာ။ မဲလေးပေးပိုင်ခွင့်သည် ကိုယ့်ရဲ့ ဘ၀ပြောင်းလဲခြင်းနဲ့နည်းတူ ကိုယ်မွေးလာမဲ့ သားသမီးတွေ ကိုယ်ကဲ့သို့မခံစားရအောင်ပြောင်းလဲပေးလိုက်နိုင်ခြင်းပဲ။ ဒီ Vote သည် အရမ်းကို အရေးကြီးပါတယ်။ ဒီ မဲပေးရမဲ့ ဒီရွေးကောက်ပွဲသည်လဲ သိပ်အရေးကြီးတယ်။ ဒါကတော့ မမရဲ့ အမြင်ပေါ့။

-တချို့ကျတော့လဲ ဘယ်မဲကို ထည့်ရမှန်းမသိတွေဝေနေတာမျိုးတွေလဲရှိတယ်။ အဲ့ဒီအပေါ်ကိုရော ဘယ်လိုမြင်မိလဲ။

လူတိုင်းကတွေဝေမှုတွေ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ မမတို့က တွေဝေမှုတွေ၊ ကြောက်ရွံမှုတွေ၊ စိုးရွံ့မှုတွေနဲ့ရှင်သန်နေရတာ မမတို့ဘ၀ရဲ့ သုံးပုံ ၁ပုံကျော်စာလောက်တောင်ပြီးနေပြီ။ ဒါဟာဖြစ်သင့် တယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာပါပဲ။ တွေဝေတဲ့အခါမှာ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်တွေကို စဉ်းစားရမယ်။ ဥပမာအေ၊ ဘီ၊စီ၊ ဒီ ရှိမယ်ဆိုပါစို့။ ဘီ၊စီ၊ဒီ ရဲ့စနစ်တွေကို ကိုယ်ကြုံခဲ့ဖူးပြီးသားဖြစ်မယ်။ သူတို့တွေရဲ့ ခေါင်းဆောင်တွေ အကြောင်းကိုလဲ ကိုယ်လေ့လာ သင့်သလောက်လေ့လာပြီးသားဖြစ်မယ်။ အဲ့ဒီဟာမှာ ကိုယ်ကကောင်းကျိုးချမ်းသာတွေ ခံစားနေရတယ်ထင်လား။ ထင်ရင် ဆက်လုပ်လေ။

ဒါပေမဲ့ ဖြစ်လာတဲ့ မီးပျက်တယ်။ ရေမရဘူး။ လယ်တွေ သိမ်းသွားတယ်။ တရားဥပဒေ စိုးမိုးရေးမရှိဘူး။ ပညာရေးမှာကောင်းကောင်း သင်ကြားခွင့်မရဘူး။ ဘတ်စ်ကားတွေကြပ်တယ်။ ရထားလမ်းတွေလဲ မကောင်းဘူး။ ဘာတစ်ခုမှ မညည်းနဲ့။ ဖြစ်လာတဲ့ ဟာ အကုန်ခံလေ။ ဘာလို့လဲဆိုတော့ ကိုယ်ကြုံတွေ့ဖူးပြီးသားဖြစ်နေတာကိုး။ နောက် ကိုယ်မစမ်းသပ်ဖူးတဲ့ ရွေးချယ်မှုကို မမတို့က လုပ်ရတော့မယ်ဆိုရင် ဖြစ်လာနိုင်မဲ့ အကျိုးဆက်တွေကို စဉ်းစားရမယ်။ စိုးရိမ်ရမယ်။ ကြောက်ရွံ့ရမယ်။ မှန်ပါတယ်။ ဒါဟာဖြစ်ကိုဖြစ်ရမဲ့အရာပါ။ အဲ့ဒီအခါမှာကြည့်လေ။ ခေါင်းဆောင်သည် ဘယ်သူလဲ။ ခေါင်းဆောင်ကို ဘယ်လောက်ယုံကြည်ရမလဲ။ ဒီခေါင်းဆောင်ရဲ့ သမိုင်းဟာ ဘယ်လိုလဲ။ ဒီခေါင်းဆောင်ဟာ ငါတို့အတွက် ဘယ်လောက်ပေးဆပ်ခဲ့တာလဲ။ ပေးဆပ်မှုခြင်းတူ သလား။ တန်ဖိုးချင်းတူသလား။ လူချင်းတူသလား။ 
ဒါတွေကိုမမတို့ကစဉ်းစားရတော့မယ်။ အဲ့ဒီလိုစဉ်းစားပြီးတော့ အကောင်းဆုံးကိုပဲရွေးချယ်ရတော့မှာပဲ။ မမရဲ့ခုနက စဉ်းစားနည်းလေးနဲ့ဆို အဖြေပေါ်နေပြီ။ အခု အမေဆိုရင် အသက်၇၀ကျော်ပြီ။ သမီး မိန်းမတစ်ယောက်က မိသားစုပစ်၊ ကိုယ့်အတ္တထက်၊ ကိုယ့်မိသားစုထက်ကျော်လွန်ပြီးတော့ပြည်သူတွေကို ချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မြင့်မြတ်မှု စိတ်ဓာတ်ခိုင်မာမှု ဘာနဲ့မှ အစားထိုးလို့မရဘူး။ အဲ့ဒီလိုလူကိုမှ မယုံကြည်ရင် ပြည်သူတွေက ဘယ်သူ့ကို သွားအားကိုးပြီးယုံကြည်ရမလဲ။ အဲ့ဒီလိုတွေ စဉ်းစားစရာရှိတယ်။ ဒါကတော့ မမအမြင်ပေါ့နော်။ ပြီးတော့ ကမ္ဘာအလယ်မှာ တင့်တယ်တယ်သမီး။ ကမ္ဘာမှာ မမတို့မြန်မာတွေသွားရင် ဘယ်နေရာမှာများ မျက်နှာမော့သလဲသမီး။ မမတို့ဘန်ကောက်၊ မလေးရှားသွားတဲ့အခါ အိမ်သာ ထဲဝင်လိုက်ရင် သန့်ရှင်းရေးလုပ်တဲ့သူတွေက မမတို့မြန်မာတွေပဲ သမီး။ မမတို့အဲ့ဒီလိုမြင်ရတဲ့အခါ ရင်ထဲမှာနင့်နေအောင် ခံစားရတယ်။ 
အဲ့ဒါကြောင့် မမကပြောင်းလဲခြင်းကိုလိုလားတယ်။ မမရဲ့ တိုင်းသူပြည်သားတွေကို လူ့ဘ၀ကို လူ့ဘ၀လို မတောင့်မတ၊ မကြောင့်မကျနဲ့ရှင်သန်နေထိုင်ရတဲ့ လူတွေဖြစ်စေချင်တယ်။ မျက်နှာငယ်၊ အောက်ကျို့ပြီးနေရတဲ့ ဘ၀မဖြစ်စေချင်ဘူး။ အဲ့ဒီတော့ မမတို့ဒီခေါင်းဆောင်သည် မမတို့ကမ္ဘာတစ်ဝှမ်းလုံး ကလေးစား ရတဲ့ မမတို့ကမ္ဘာတစ်ဝှမ်းလုံးကတောင်ထိတွေ့ဆက်ဆံဖူးခြင်းမရှိပေမဲ့ လေးစားပြီး အလှမ်းဝေးပေမဲ့ ဦးညွှတ်လေးစားရတဲ့သူမျိုးလေ။ အဲ့ဒီလိုလူမျိုးကို မမတို့တိုင်းပြည်ခေါင်းဆောင်မမြှောက်ရင် ဘယ်သူ့ကိုမြှောက်မှာလဲ။ 
တခါတလေ ကျ မမစဉ်းစားလို့တောင်မရဘူး။ ဘာတွေကိုမယုံကြည်တာလဲ။ ဘာတွေကို မယုံတာလဲ။ စဉ်းစားလို့တောင်မရဘူး ညီမရယ်။ အဓိကက မမတို့မှိုင်းတိုက်မခံမိဖို့ပဲ။ သူများရဲ့လှုံ့ဆော်မှုတွေပါတဲ့ ဆုံးဖြတ်ချက်ကို ချမိရင် အဲ့ဒါတွေရဲ့အကျိုးဆက်က ကိုယ်ပဲခံစားရမှာနော်။ လူဆိုတာ ကိုယ်ပိုင်ချတဲ့ ဆုံးဖြတ်ချက်ဆိုရင် ကိုယ်ဘာဖြစ်ဖြစ် ခံနိုင်တဲ့စွမ်းရည်ရှိတယ်။ နောင်တလဲနည်းတယ်။

-မမ မဲပေးမဲ့ ပါတီကို Confirm လုပ်ပေးလို့ရမလား။

NLD ကိုပဲ မဲပေးမှာပါ။ ရုပ်ရှင်ထဲမှာလဲပြောပါတယ်။ သီချင်းထဲမှာလဲပြောပါတယ်။ အပြင်မှာလဲပြောပါတယ်။ ဒါမမတို့ပြည်သူတွေရဲ့ရပိုင်ခွင့်ပဲ။ ကြိုက်တာပြောပိုင်ခွင့်ရှိတယ်။ မမတို့တိုင်းပြည်က အခုအစိုးရအဖွဲ့ဆိုရင်လဲ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်နေပါတယ်ဆိုပြီး ဟစ်ကြွေးထားတဲ့ Current situation ။မမတို့ ပြည်သူတွေကလဲ ဒီမိုကရေစီလမ်းကြောင်းကိုဦးတည်နေတဲ့ အတွက်ကိုယ်ပိုင်ရွေးချယ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ကိုယ်ပိုင်ပြောခွင့်ရှိတယ်။ မမသည် NLD ကိုရွေးမှာပါ။

-၂၀၁၅ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ မမရဲ့ ဆန္ဒလေး။

လွတ်လပ်စေချင်တယ်။ တရားမျှတစေချင်တယ်။ လွတ်လပ်မှုတရားမျှတမှု မရှိဘူးဆိုရင် လဲ မမတို့တိုင်းပြည်ဟာ သူမတူတဲ့ မငြိမ်သက်မှုတွေဖြစ်ပြီးတော့ ကစဉ့်ကလျားဖြစ်မယ်လို့မမ ရင်လေးနေမိတယ်။

ခင်ဆွေသက် – Trend Myanmar