ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံလုံခြုံအောင်၊ မခိုးမ၀ှက်ခြင်အောင် လမ်းညွှန်သင်ကြားပေးတဲ့ ဗုဒ္ဓဘာသာ ထွန်းကားတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အမှောင်ခေတ်တလျှောက်လုံး ဟိုး ခေါင်ဖျားက အုပ်ချုပ်သူ အစိုးရမင်းဆိုသူတွေကိုယ်တိုင်က အကျင့်သီလတွေဆုတ်ယုတ်၊ သူခိုးဓားပြအလုပ် လုပ်ခဲ့ကြတော့ အာဏာရှင်၊ ၀န်ကြီး ဒုဝန်ကြီးကနေ စာရေးစာချီ၊ ရုံးဝန်ထမ်း၊ ပြာတာတင်မက အောက်ခြေနင်းပြား အသည်သားတွေအထိ တတိုင်းတပြည်လုံး ၀ရုန်းသုံးကားနဲ့ မိုးခါးရေတွေသောက်သုံးလို့ ပွဲတော်ကြီးတမျှ ဗွက်ထအောင် နေ့ခင်းကြောင်တောင် ခိုးကြ၀ှက်ကြ အကျင့်ပျက်ခြစားခဲ့ကြတာဟာ ၁၉၆၂ ခုနှစ်ကနေ ခုချိန်ထိတိုင်အောင်ပါဘဲ။

ဒါကြောင့်လည်း တချိန်တခါတုန်းက မြန်မာဘုရင်လက်ထက် ကုန်းဘောင်ခေတ် ရတနာပုံ မန္တလေးခေတ်မှာ ကမ္ဘာမှာသူခိုးမရှိသော နိုင်ငံလို့လူမျိုးခြားတွေက တလေးတစား အသိအမှတ်ပြု ခံခဲ့ရတဲ့တိုင်းပြည်ဟာ အခုတော့စာရိတ္တတွေ ဘုံးဘုံးလဲကျနေတဲ့ စောရပြည်အဖြစ် ချုံးချုံးမွဲတဲ့ဘ၀ ရောက်ခဲ့ရတာ မဟုတ်လား။

အစိုးရ၀န်ကြီးဌာနတွေကနေ သတင်းစာထဲထည့်ကောင်းရုံ တိုင်းသူပြည်သားတွေရဲ့ နေ့စဉ်လူမှုဘ၀တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပိုမိုသက်သာချောင်ချိလာဖို အကြောင်းပြပြီး စီးပွားရေးစီမံကိန်းတွေ မစားရ၀ခမန်း ရေးဆွဲ၊ ပြီးရင်နိုင်ငံပိုင် ပြည်သူပိုင်ဘဏ္ဍာငွေကြေးတွေကနေ ဘတ်ဂျက်တွေ တပျော်တပါး ထုတ်ယူကြတယ်လေ။
ပြီးတော့ အမွှေရသလို၊ တိုက်ရာပါ၊ ခိုးရာပါပစ္စည်းခွဲခြမ်းသလို ညွှန်မှူး၊ ညွှန်ချုပ်၊ ဒုဝန်ကြီး၊ ၀န်ကြီးအထိ ဝေစုခွဲဖို့ ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်ယူလိုက်ကြသတဲ့။ ထိပ်ပိုင်းက လူကြီးတွေအလှည့်ပြီးတော့ အလယ်တန်းလူကြီးတွေ ဖြစ်တဲ့ စက်ရုံမှူး၊ ဌာနမှူး၊ အင်ဂျင်နီယာချုပ်၊ အကြီးတန်းအင်ဂျင်နီယာတွေဝေစုခွဲပြန်ဖို့ ၁၀ ရာခိုင်နှုန်း ထပ်ဖြတ် လိုက်ကြပြန်သတဲ့။

အလယ်တန်းလူတွေပြီးပြန်တော့ အငယ်တန်းလူကြီးတွေဖြစ်တဲ့ အငယ်တန်းအင်ဂျင်နီယာ (JE)၊ အလုပ်ကြပ် (Supervisor) တွေရဲ့ဝေစုက ၅ ရာခိုင်နှုန်းပေါ့။ နောက်တဆင့်ကတော့ ဖိုမင်တို့အောက်ခြေ၀န်ထမ်း၊ အလုပ်သမားတွေက ၃ ရာခိုင်နှုန်းလောက် ခိုးကြမှာပေါ့။ နောက်ဆုံးအဆင့် ကန်ထရိုက်တာတွေလက်ထဲရောက်ပြီး ပစ္စည်းခို၊ အချိန်ခို အရည်အသွေးခိုပြီးလို့ ပြည်သူလက်ထဲရောက်တဲ့အချိန်မှာ ဘတ်ဂျက်ရဲ့ တ၀က်သုံးနိုင်ရင် ကံကောင်းတယ်လို့သာ မှတ်ရမယ့် အခြေအနေမျိုး မဟုတ်လား။

ဒါကြောင့်လည်း စစ်ဗိုလ်ချုပ်တွေဘီလျှံနာဖြစ်၊ ပင်လယ်ရပ်ခြားမှာအကောင့်ပုန်းတွေဖွင့်၊ သားသမီးတွေ ကမ္ဘာပတ်ရှော့ပင်ထွက် ဆောက်လုပ်ရေးတပ်၊ ထောက်ပို့တပ်က ဗိုလ်မှူးအဆင့် မပြောနဲ့ အရာခံဗိုလ်အဆင့်လောက်ကို သိန်းသောင်းချီချမ်းသာပြီး ရမ်းဖို့တုတ်တွေရ၊ စက်ရုံတွေပိုင်၊ ရေသန့်စက်တွေထောင်၊ ပါဂျယ်ရိုးတွေစီး အငယ်အမြှောင်တွေပွေ့၊ ခွေးဘုရားပွဲ တွေ့သလို ကောင်းစားနေကြတာ မဟုတ်လား။

တကယ်တော့ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေ လိမ်းကျံပေရေလို့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အရပ်ဌာနတွေဆိုတာ အနိဌာရုံတွေတင်းကြမ်း ပြည့်လျှံလို့ ရုပ်ပိုင်းစိတ်ပိုင်း နှစ်မျိုးလုံးမှာ အသရေယုတ်ပြီး မသတီစရာအမှိုက်ထုတ်ကြီးတွေနဲ့ တူလှပါတယ်။


ဒါကြောင့်လည်း စောရပြည်ဘ၀ သက်ဆင်းခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဘယ်မှာကြည့်ကြည့်၊ ဘယ်မြို့ဘယ်ရွာမှာမဆို အမှိုက်ပုံကြီးတွေဟီးထလို့လူ့ဂျပိုး လူ့အမှိုက်တွေက ထိပ်ပိုင်းနေရာတွေရ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖဖြစ်လိုဖြစ် ဘူးတောင်းနစ်လို့ ဇေါင်းချမ်းပေါ် အမြင်မတော်တဲ့ခေတ် ရောက်ခဲ့ရတာမဟုတ်လား။

စနစ်ကမှား၊ လူလည်းမမှန်ဆိုတော့ အုပ်ချုပ်ပုံတွေတလွဲဖြစ်၊ စီမံပုံတွေ ကဘောက်တိ ကဘောက်ချာ၊ မိုးခါးရေသောက်လိုက်ကြတာများ အူးယားဖားယား မဟားဒယား မဟုတ်လား။ တိုးတက်တယ်ဆိုတာနတ္ထိ ကိုယ့်နောက်ကို ပြန်လှည့်ကြည့်တော့ ဘယ်နိုင်ငံမှ မရှိတော့ လောက်အောင် နောက်ကျကျန်ရစ်ခဲ့တာဆိုတော့ တွေးမိတိုင်းရင်မချိစရာပါ။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ အဂတိလိုက်စားမှု အညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အဆင့် ၁၅၆ နေရာမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ အတူ ပူးတွဲရပ်တည်နေတယ်လို့ သိထားရပါတယ်။


ပြီးတော့ ဒီကနေ့ ဒီဇင်ဘာ ၉ ရက် သတင်းထဲမှာလည်း မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်းကို ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှု အဆိုးဆုံးနမူနာပြယုဂ်တွေထဲက တခုအပါအ၀င်အဖြစ် အဆိုပါအဖွဲ့ကြီးက ရွေးချယ်ဖော်ပြလိုက်ပြန်ပါတယ်။

အဲ့ဒီလို မြန်မာသိ ကမ္ဘာသိ သူခိုးတွေရှိနေတဲ့တိုင်းပြည်၊ ကိုယ်ကျင့်သီလတွေ ချွတ်ခြုံကျလို့ အဖက်ဖက်မှာ အောက်ကျနောက်ကျကျန်ရစ်တဲ့ တိုင်းပြည်၊ နှစ်ပရိစ္ဆေဒကြာညောင်းစွာ လူ့ဂျပိုး စစ်ဂျပိုးတွေရဲ့ အကုသိုလ် ဒုစရိုက်တွေလိမ်းကျံပေရေလို့ ညစ်နွမ်းနေတဲ့စောရပြည်ကို ပြန်လည်ဆေးကြောသန့်စင် သုတ်သင်ရှင်းလင်းရအောင် ပြောင်းလဲချိန်တန်ပြီဆိုတဲ ကြွေးကြော်သံနဲ့ တနိုင်ငံလုံးက ပြည်သူတွေရဲ့နှလုံးသားတွေကို သိမ်းကျုံးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာအထွေထွေ ရွေးကောက်ပွဲကြီးမှာ မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တာ မဟုတ်လား။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံကို လက်တွေ့အသက်ဝင်စေဖို့ ရွေးကောက်ပွဲမှာ အနိုင်ရလို့မှ အစိုးရတောင်မဖွဲ့ရသေးခင်၊ အချိန်မဆိုင်းဘဲ နိုင်ငံနဲ့ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ စနစ်ဟောင်း၊ လူဟောင်း၊ အကျင့်ဟောင်းတွေနဲ့ ဂျွတ်တက်နေလို့ ခေတ်ဟောင်း အမှိုက်ပုံကြီးနဲ့ တူတဲ့ တိုင်းပြည်ကို စနစ်သစ်၊ လူသစ်၊ အကျင့်သစ်တွေနဲ့ ပဉ္စမမြန်မာ နိုင်ငံတော်သစ်ကို တည်နိုင်အောင် လွှတ်တော်အမတ် တွေကိုလည်းအမှိုက်ကောက်ခိုင်း၊ သူမကိုယ်တိုင်လည်း ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကော့မှူးမြို့နယ်ဆီပြန်ပြီး အမှိုက်ကောက်မယ်ဆိုတဲ့ သတင်းတွေ ဖတ်ရပါတယ်။

ခေါင်မိုးမလုံခဲ့လို့ တပြည်လုံး မိုးခါးရေတွေရွှဲရွှဲဆိုခဲ့ရတာကို ရှင်းရှင်းလင်းလင်းမြင်တာမို့ ပေါက်ပြဲစုတ်ပြတ်နေတဲ့ ခေါင်ကိုဖာထေးဖို့ သူမပါးစပ်က ဟခါရှိသေးတယ်… ဟောအခု ပါတီဝင်တွေသာမက အောက်ခြေပြည်သူတွေ၊ အနုပညာရှင်တွေ၊ ၀န်ထမ်းစည်ပင်ဌာနတွေပါ မကျန် တရုန်းရုန်း တပြုံးပြုံး ချွေးတလုံးလုံးနဲ့ သန့်ရှင်းရေးလုပ် နေကြတာကို ဆရာခရမ်းပြာထက်လူ တင်စားလိုက်ပုံက “နတ်သမီးအာငွေ့” ပါတဲ့ … ကောင်းချက်ကမကျန် ပေါင်ဗျာ။

အာဏာရှင်စနစ်ဆိုးရဲ့ အညစ်ကြေးတွေစုပြုံလို့ အမှိုက်ပုံလိုဖြစ်နေတဲ့ စောရပြည်ကို သတ္တိကောင်းပြီး လှပကျော့ရှင်း သန့်ပြန့်တဲ့ ဒေါင်းမျိုးဆက်တို့ပျော်စံရာ မောရပြည်အဖြစ် ပြောင်းလဲပစ်ဖို့ဆိုရင် အမှိုက်ကောက် ခြင်းနဲ့စတင်ခြင်းဟာ သဘာဝအကျဆုံးနဲ့ လက်တွေ့ အကျဆုံးအလုပ် မဟုတ်လား။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ဗွီအိုအေရဲ့ မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာ့အရေးသုံးသပ်သူ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်ရဲ့ တခြမ်းပဲ့ ဒီမိုကရေစီ ခေါင်းစဉ်နဲ့ အမေးအဖြေ လုပ်ရာမှာ ပြောခဲ့တာတွေထဲက အောက်ပါစကားရပ်ကို ကောက်နှုတ်ဖော်ပြ ဆွေးနွေးချင်ပါတယ်။
“ဒီအထဲမှာ ပြဿနာတခုက ဘာလဲဆိုတော့ ဗမာနိုင်ငံရေးမှာ လူပုဂ္ဂိုလ်ကို အဓိကထားတဲ့ နိုင်ငံရေးဖြစ်တယ်။


အရပ်သားဘက်ကလည်း အရပ်သားမှာ ဒေါ်အောင်ဆန်းစုကြည်က သူတယောက်တည်းပဲ She’s calling all the shots တယောက်တည်း လုပ်နေတဲ့ Autocrat ပေါ့ဗျာ။ အရပ်သားဘက်ကလဲ အရပ်သား Autocract ပေါ်လာတယ်ဆိုတော့ အပေးအယူ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျနော် မြင်ပါတယ် ” လို့ဆရာကပြောသွားပါတယ်။


ဆရာဒေါက်တာအောင်ခင်ပြောသွားတဲ့ အရပ်သားတွေဘက်မှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း လုပ်နေတဲ့ Autocrat လို့ ဆိုသွားတဲ့အချက်ကို ငြင်းခုံစရာအကြောင်း မရှိပါဘူး။

ဒါပေမဲ့ စာရေးသူဆွေးနွေးခြင်တဲ့အချက်က စိတ်ပိုင်း၊ ရုပ်ပိုင်းအားလုံး အပျက်အပျက်နဲ့ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကို အခြေခံအုတ်မြစ်ကစလို့ ပြင်ဆင်တည်ဆောက်ရမဲ့ အခြေအနေဆိုးကြီးမှာ လူထုအကျိုးအတွက် ရိုးသားတဲ့စိတ်အရင်းခံ၊ ထက်မြက်တဲ့ပညာဥာဏ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်လမ်းညွှန်မယ့် ပြည်သူ့အာဏာရှင် မရှိမဖြစ်လိုအပ်နေတယ်ဆိုတဲ့ အချက်ပါဘဲ။

အဲ့ဒီအချက်ကို ထင်ရှားစေအောင် နိုင်ငံစုံကော်ပိုရေးရှင်းတွေ၊ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေ တင်မက ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အလေးထားအသုံးပြုနေကြတဲ့ ပရောဂျက်စီမံခန့်ခွဲမှု ဆိုင်ရာပညာရပ် (Project Management) ဆိုင်ရာရှုထောင့်ကနေ ဆွေးနွေးခြင်ပါတယ်။

မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး သမိုင်းဝန်တာကြီးကို ပရောဂျက်စီမံကိန်းတခု အနေနဲ့ စဉ်းစားကြည့်ရအောင်။

ပရောဂျက်တခုမှာအရေးအကြီးဆုံးက အဲ့ဒီပရောဂျက်ကို အသက်ဝင်စေမဲ့ ပရောဂျက်ချာတာ (Project Charter) ပါဘဲ။ ပရောဂျက်ချာတာဆိုတာက အကောင်အထည်ဖော်လုပ်ဆောင်ရမဲ့ စီမံကိန်းရဲ့ လိုအပ်ချက် အနှစ်ချုပ်နဲ့ ပရောဂျက်ကို တာဝန်ခံမောင်းနှင်မဲ့ ပရောဂျက်မန်နေဂျာကို တာဝန်ပေးကြောင်း သဘောတူညီချက် စာချွန်လွှာပါ။

မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး ပရောဂျက်ချာတာကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူလူထုအများစုကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပရောဂျက်မန်နေဂျာအဖြစ်ရွေးချယ် မန်ဒိတ်ပေးလို့တရားဝင် မှတ်တမ်းတင်ခဲ့ပြီးပါပြီ။


ဆိုတော့… အထက်မှာရေးခဲ့တဲ့ ပြည်သူ့အာဏာရှင် (သို့) ပရောဂျက်မန်နေဂျာရဲ့ ခေါင်းဆောင်မှုစတိုင် အကြောင်းဆက်ရေးပြချင်ပါတယ်။

ပရောဂျက်စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ၁၉၆၅ ခုနှစ်မှာ ဒေါက်တာဘရုစ်တပ်ခ်မဲန် (Dr. Bruce Tuckman) က ပရောဂျက်အကောင်အထည်ဖော်မှုအဆင့်တိုင်းကို အဆင့်လေးဆင့်ခွဲခြားပြီး အဆင့်တိုင်းမှာ ပရောဂျက်မန်နေဂျာကျင့်သုံးအပ်တဲ့ ခေါင်းဆောင်မှုစတိုင်လ်ကို ခွဲခြားသတ်မှတ်ပြခဲ့တာ အလွန်စနစ်ကျတဲ့အပြင် လက်တွေ့လည်းကျလှပါတယ်။


Tuckman Model လို့ Project Management လောကမှာ နာမည်ကြီးတဲ့ ဒေါက်တာတပ်ခ်မဲန် ပြောတဲ့ Four Stages of Project Team Development ပရောဂျက်အသင်းဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်လေးဆင့်ကတော့ ( ဖွဲ့စည်းမှုအဆင့် (Forming Stage)၊ အုတ်မြစ်ချအခြေတည်တဲ့အဆင့် (Storming Stage)၊ အခြေခိုင်တဲ့အဆင့် (Norming Stage)၊ အမှီခိုကင်းစွာ ထမ်းဆောင်တဲ့အဆင့် (Performing Stage)၊ တို့ဘဲဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ တာဝန်အသစ်အတွက် ခွဲခွာခြင်းအဆင့် (Adjourning Stage) တခုထပ်ဖြည့်ခဲ့ပါတယ်။

အဓိကပြောခြင်တာက အဆင့်လေးဆင့်စလုံးမှာ ပရောဂျက်မန်နေဂျာကျင့်သုံးအပ်တဲ့ ခေါင်းဆောင်မှုစတိုင်လ် ဟာ တဆင့်နဲ့တဆင့်မတူဘူး ဆိုတာရယ်၊ ဖွဲ့စည်းမှုအဆင့် (Forming Stage) မှာ တိုက်ရိုက်အမိန့်ပေး ညွှန်ကြားဦးဆောင်မှု (Directive Leadership Style) နဲ့ အုတ်မြစ်ချအခြေတည်တဲ့အဆင့် (Storming Stage) မှာ ကြပ်မတ်သင်ကြားဦးဆောင်မှု (Coaching Leadership Style) တို့ဟာ အသင့်တော်ဆုံး အကိုက်ညီဆုံး ခေါင်းဆောင်မှုစတိုင်လ်တွေဘဲဆိုတာ ထင်ရှားစေလိုရင်းပါ။

လက်ရှိမြန်မာနိုင်ငံရောက်ရှိနေတဲ့ အခြေအနေအဆင့်က အပြောင်းအလဲအတွက် ဖွဲ့စည်းမှုအဆင့် (Forming Stage) နဲ့ အုတ်မြစ်ချအခြေတည်တဲ့အဆင့် (Storming Stage) ကြားမှာ ရောက်နေတယ်လို့ ပြောရင်မမှားနိုင် လောက်ပါဘူး။


နှစ်ပေါင်း ၅၀ ကျော် စိတ်ဓာတ်နဲ့အကျင့်သီလတွေ ချုံးချုံးကျပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အလွန်အမင်း နောက်ကျကျန်ရစ်တဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တခုကို ပြုပြင်ပြောင်းလဲဖို့အရှိန်စယူရတဲ့ အဆင့်မှာ ပရောဂျက်မန်နေဂျာ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်အမိန့်ပေး ညွှန်ကြားဦးဆောင်မှု (Directive Leadership Style) နဲ့ ကြပ်မတ်သင်ကြားဦးဆောင်မှု (Coaching Leadership Style) စတဲ့ ခေါင်းဆောင် တဦးတည်းရဲ့ အမိန့်အာဏာ (Authoritarian leadership) နဲ့ဦးဆောင်လမ်းပြခေါ်ဆောင်နေတာဟာ အလိုအပ်ဆုံးနဲ့ အသင့်တော်ဆုံးလို့ ပြောရမှာပါ။

အဲ့ဒီအဆိုကို သက်သေပြနိုင်တဲ့ ရှေ့သွားဥပမာတခုကတော့ စင်ကာပူနိုင်ငံတည်ထောင်သူ ဖခင်ကြီးလို့ တင်စားကြရတဲ့ လီကွမ်ယူးရဲ့ ခေါင်းဆောင်မှုစတိုင်လ်ပါဘဲ။ စင်ကာပူနိုင်ငံကို စတင်တည်ထောင်စဉ် ၁၉၆၀ ၀န်းကျင် ကာလတွေမှာ လူမိုက်ဂိုဏ်းတွေ၊ မလေးလူမျိုး၊ တရုပ်လူမျိုး အစွန်းရောက်သမားတွေနဲ့ ကိုယ်ကျင့်တရားနဲ့အသိပညာ အလွန်နိမ့်ကျနေဆဲ လူ့အဖွဲ့အစည်းကို အုပ်ချုပ်ပြုပြင်တဲ့အခါ အာဏာစက်၊ ပြင်းပြင်းသုံးရတဲ့ ခေါင်းဆောင်တဦးတည်းရဲ့ အမိန့်အာဏာ (Authoritarian leadership) နဲ့ခပ်ကြမ်းကြမ်း ကိုင်ကွယ်ခဲ့ရတာပါ။ သူကိုယ်တိုင်လည်း အမှိုက်ကောက်ပြ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ သူတွေကိုလည်း တင်းတင်းကျပ်ကျပ် အပြစ်ပေးခဲ့လို့ ကမ္ဘာမှာ အသန့်အရှင်းဆုံးနိုင်ငံတွေထဲမှာ ထိပ်တန်းကရပ်တည်နိုင်ခဲ့တာ မဟုတ်လား။

ဒီလိုပြောတော့ လီကွမ်ယူးလို့လိုက်လုပ်ရင် လီကွမ်ယူးလို တပါတီအာဏာရှင်ဖြစ်မှာပေါ့လို့ တချို့က ဆိုခြင်မယ်။ မတူပါဘူး၊ အခြေအနေခြင်းမတူသလို၊ ခေတ်ကာလခြင်းလည်းမတူ၊ အရွယ်ခြင်းလည်းမတူ လူခြင်းလည်းမတူပါဘူး။ လီကွမ်ယူးရဲ့အောင်မြင်မှုရတဲ့အချိန်တွေမှာ သူ့ရဲ့အရွယ်ဟာ နုပျိုသေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပွဲစပြီးဆိုကထဲက သူမရဲ့အမတ်တွေကို မှာပုံက လုပ်ပိုင်ခွင့် အာဏာသုံးပြီး ဆွေမျိုးတွေကိုအခွင့်အရေးပေးရင်၊ ကူညီရင်ထောင်ချပစ်မတဲ့၊ ဒီ့ထက်ရှင်း တာတောင် ဒီလောက်ရှင်းမယ် မထင်ပါဘူး။ အခုဆိုရင် ပရောဂျက်မန်နေဂျာကောင်းပီသစွာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပရောဂျက် အောင်မြင်ရေးမှာ အရေးပါတဲ့သူတွေ (Main Stakeholders) မှန်သမျှနဲ့တွေ့ဆုံနေတာ ခရီးတောင်အတော် ပေါက်နေပါပြီ။

ဒါကြောင့် စိတ်အညစ်အကြေးတွေစွန်းထင်းပေကျံလို့ အကျင့်ဆိုး၊ အကျင့်ဟောင်းတွေနဲ့ ဂျွတ်ထရွတ်တွနေတဲ့ စောရပြည်ညစ်ကို ထက်မြက်တဲ့ဗီဇသဘာဝ၊ ဂုဏ်ရည်အစွမ်းအစ၊ ကြီးမြတ်တဲ့ သမိုင်းအစဉ်အလာကောင်းတွေ ၀တ်ဆင်လို့ ကျက်သရေရှိလှတဲ့ လူထုချစ်သော ပြည်သူ့အာဏာရှင် ဒေါင်းဘုရင်မ ဦးဆောင်ချီနေတဲ့ မောရပြည်သစ် ပဉ္စမမြန်မာနိုင်ငံ တည်ထောင်ရေးမှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ နိုင်ရာဝန်ထမ်းကြဖို့ မြန်မာနိုင်ငံသားတိုင်းကို အလေးအမြတ် မေတ္တာရပ်ခံတိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက်ပါတယ်။

မင်းကောင်းချစ် / DVB
ဒီဇင်ဘာလ (၁၂) ရက်နေ့ ၂၀၁၅ ခုနှစ်