တစ်ခါက ဥပဓိရုပ်လက္ခဏာကောင်းတဲ့ လူကြီးတစ်ဦးဟာ လက်ဆွဲပုံးတစ်ဖက်၊ တံမြက်စည်းတစ်ဖက်နဲ့ ဝေဘူရိပ်သာထဲ သွားနေတာ မြင်ဖန်များလာတော့ ဝေဘူဆရာတော်ဘုရားကြီးက အခေါ်ခိုင်းပြီး မိန့်တော်မူပါတယ်။

“ဒကာကြီး ဘယ်ကလဲ”

“ဒီမြို့ကပါ ဘုရား”

“ဘာအလုပ်လုပ်ပါသလဲ”

“နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပါဘုရား။ အားနေတဲ့အချိန် ကုသိုလ်ရအောင် ကုဋီတွေကို လာပြီး သန့်ရှင်းရေးလုပ်တာပါဘုရား”

“ကောင်းပါတယ် ဒကာကြီး။ တရားရော အားထုတ်ဘူးလား”

“ကျကျနနတော့ အားမထုတ်ဖူးပါဘူး ဘုရား”

“တရားလည်း အားထုတ်ပါဦး”

“နည်းပေးတော်မူပါ ဘုရား”

“ကဲ.. ဒါဆို အခုပဲ ရှုမှတ်ရအောင်”
ဆိုပြီး နာရီဝက်ခန့် တရားရှုမှတ်ပါတယ်။ တရားရှုမှတ်ပြီးတော့…

“ကဲ… ဒကာကြီး ဘာတွေသိလဲ။ လျှောက်ပါဦး”

“တပည့်တော်နဲ့ ဝိပဿနာတရားနဲ့ မအပ်စပ်ဘူး ဘုရား”

“ဘာလို့တုန်း”

“စိတ်တွေ မငြိမ်ဘူးဘုရား”

“စိတ်မငြိမ်တာ သိလား”

“သိပါတယ် ဘုရား”

“ဘယ်လောက်သိလဲ”

“နာရီဝက်လုံးလုံးပါ ဘုရား”

“အပ်စပ်ပါတယ် ဒကာကြီး။ ဝိပဿနာတရားဆိုတာ.. စိတ်ကို ငြိမ်အောင်လုပ်တာ မဟုတ်ဘူး။ သိအောင်လို့ အားထုတ်တာ။ စိတ်မငြိမ်တာကို မငြိမ်မှန်းသိရင် တရားဖြစ်နေပြီပဲ။ ဆက်သာ အားထုတ်ပါ” လို့ မိန့်တော်မူပါတယ်။

တရားအားထုတ်နေကြသော ယောဂီများအတွက် တန်ဖိုးရှိ၍ အားတက်စရာကောင်းသော ဝေဘူဆရာတော်ဘုရားကြီး၏ အဖိုးမဖြတ်နိုင်သော နိဗ္ဗာန်တိုင်အောင် ဆုံးမတော်မူချက်ပေတည်း။

“ဆရာတော်ဘုရားကြီး၏ ဂုဏ်တော် မေတ္တာတော် ကျေးဇူးတော် အနန္တတို့အား အစဉ်ဦးခိုက် နှလုံးမူလျက်…”

“သင်ဆရာ မြင်ဆရာ ကြားဆရာ အရိယာ သူတော်စင်, သူတော်ကောင်း အပေါင်းတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို အစဉ်နှလုံးမူလျက်..”

Dhamma Share