ရဟန္တာ ဖြစ်သွားတဲ့ အရှင်တစ်ပါး ရှိပါတယ်။ ယင်း ရဟန်းသာ ဟာ ရှေးဘဝ အဆက်ဆက်က နှုတ်ကြမ်းခဲ့တာကြောင့် နှုတ်ရဲ့ ရိုင်းစိုင်းမှုကို မပြင်နိုင်ပါဘူး။ လူတွေနဲ့ စကားပြောတာပဲ ဖြစ်ဖြစ် ရဟန္တာနဲ့ တပည့်တပန်းများကို ပြောတဲ့အခါမှာပဲ ဖြစ်ဖြစ် ဟဲ့ လူယုတ်မာလို့ ယောင်ယောင်ပြီးတော့ ထွက်နေတတ်မြဲ ဖြစ်ပါတယ်။ ရဟန္တာ ဖြစ်သော်ငြားလည်း အကျင့်ဗီဇကို ဖျောက်ရန် ခက်ခဲပါတယ်။ အတုမရှိ ဂေါတမ မြတ်စွာဘုရားရှင်တော့ အကျင့်တွေကို ပယ်ဖြတ်နိုင်ခဲ့ ပါတယ်။

ဒီတော့ ယင်း ရဟန္တာ တစ်နေ့တော့ ဆွမ်းခံဖို့ လမ်းခရီးတစ်ခုဖြတ်သွားနေတုန်း ကုန်သည် တစ်ဦးနဲ့ တွေ့ပါတယ်။

ကုန်သည်ရဲ့ လှည်းပေါ်မှာ ကုန်ပစ္စည်း အိုးတွေတွေ့တာကြောင့် ဘာလဲလို့ လှမ်းမေးပါတယ်။ မေးပုံကတော့ “ဟဲ့ လူယုတ်မာ.. ဘာတွေ သယ်လာတာလဲ”

ဒီတော့ လူယုတ်မာလို့ အခေါ်ခံရတဲ့ လှည်းကုန်သည်ဟာ မာနကို ထိခိုက်တာကြောင့် ဘုန်းကြီးလည်း ဖြစ်နေတော့ ဒေါသကို ထိန်းပြီး ပြန်ဖြေပါတယ်။ “နွားချေးတွေပါ ဘုရား”

တကယ်တန်း သူသယ်လာတာက ဇီးသီးတွေဖြစ်ပါတယ်။ အခြား တစ်ရွာမှာ ရောင်းချဖို့ ဇီးသီးတွေ သယ်လာခြင်း ဖြစ်ပါတယ်။

ဒီတော့ ရဟန္တာ နဲ့လည်း လမ်းခွဲပြီး တစ်ရွာရောက်တော့ ဇီးသီးရောင်းဖို့ ကြည့်အိုးကို ဖွင့်ကြည့်လိုက်တဲ့အခါ ဇီးသီးတွေ မဟုတ်တော့ပဲ တကယ့် နွားချေးတွေ ဖြစ်သွားပါတယ်။

ဒီတော့ ကုန်သည်ဟာ တွေ့ခဲ့တဲ့ ရဟန်းကို ရဟန္တာ လို့ မသိပဲ ဘုန်းကြီးတစ်ပါး အဖြစ်သာ သိရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဇီးသီးဟာ တကယ်ပဲ နွားချေး ဖြစ်သွားတာကြောင့် ရဟန္တာ မှန်း သိရပြီး အမြန်ပြန်ပြေးရှာလို့ ရှိခိုးတောင်းပန် ပါတယ်။ အဲ့ဒီတော့မှ နွားချွေးဖြစ်သွားတဲ့ သူ့ဇီးသီးတွေဟာ သူ့နဂိုအတိုင်း ပြန်ဖြစ်သွား ပါတယ်။

ကိုးကား – ဓမ္မပဒ

သင်ခန်းစာ –

လောကမှာ လူမျိုးပေါင်းစုံ အထွေထွေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတာချင်း၊ စရိုက်ခြင်း မတူပါဘူး။ ရိုင်းတိုင်းလည်း ရိုင်းဖို့ အမြဲ ရည်ရွယ်နေတာ မဟုတ်သလို ယဉ်ယဉ်ကျေးကျေးပြောတိုင်းလည်း မိမိအပေါ် ကောင်းလိမ့်မယ်လို့ အမြဲမှတ်ယူလို့မရပါဘူး။

တစ်ဖက်က ပြောလိုက်တဲ့ စကားတိုင်းကို ငါ့မာန၊ ငါ့ဒေါသကို ထိခိုက်နေပါလားလို့ မြင်မှတ်မယ့်အစား အနည်းဆုံးကတော့ ငါ့ကို တိုးတက်အောင် ငါအားနည်းချက်တွေကို အကြံဥာဏ်ပေးနေပါလားလို့ ထင်မြင်ယူဆရင် မိမိအတွက် ကောင်းကျိုး ရစေမှာ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)