နီပေါနိုင်ငံအနောက်ပိုင်း တောင်ထူထပ်တဲ့နေရာမှာ ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ပြန်တွေ့ခဲ့ပေမယ့် လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ နီပေါနိုင်ငံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

တာရာပုဂ္ဂလိကလေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ အင်ဂျင်နှစ်လုံးတပ် Twin Otter လေယာဉ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူရဲ့အနောက်ဘက် မိုင် ၈၀ အကွာမှာရှိတဲ့ ပိုခါရာမြို့ကနေ ဂျွမ်ဆမ်မြို့ကို ဦးတည်ပျံသန်းခဲ့ရာမှာ လေယာဉ်ထွက်ခွာပြီး ရှစ်မိနစ်အကြာမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။

ပိုခါရာနဲ့ ဂျွမ်ဆမ်မြို့ကို လေယာဉ်နဲ့သွားရင် မိနစ် ၂၀ ပဲကြာမြင့်ပြီး ခရီးတစ်လျှောက်မှာ တောင်တွေကာရံထားတာကြောင့် လေယာဉ်ငယ်တွေနဲ့ပဲ သွားလို့ရနိုင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။


အဲဒီလေယာဉ်က အသစ်ဖြစ်ပြီး မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ ရာသီဥတုကောင်းနေစဲဖြစ်တဲ့အတွက် တော်တော်အံ့အားသင့်စရာကောင်းတယ်လို့ နီပေါနိုင်ငံမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ အထွေထွေဒါရိုက်တာ ဆန်ဂျစ်ဂူတန်က ပြောပါတယ်။

ဒါပေမဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ရာသီဥတုဆိုးရွားခဲ့တဲ့အတွက် နှောင့်နှေးခဲ့ပြီး လေးနာရီကျော် အကြာမှာ မက်ဂ်ဒီခရိုင်က တောအုပ်ထဲ ပျက်ကျနေတဲ့ လေယာဉ်ကို တွေ့ရှိခဲ့ပါတယ်။ လေယာဉ်ကို တွေ့ရှိချိန်မှာ အပိုင်းပိုင်းအစစဖြစ်နေတယ်လို့ နီပေါနိုင်ငံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
လေယာဉ်ပေါ် လိုက်ပါလာသူ ၂၃ ဦးအနက် နိုင်ငံခြားသား ၂ ဦး၊ ကလေးငယ် ၂ ဦး ပါဝင်ပြီး ၃ဦးကတော့ လေယာဉ်အမှုထမ်းတွေ ဖြစ်တယ်လို့ Hindustantimes သတင်းဌာနက ဖော်ပြပါတယ်။

Ref:Sky & Hindustantimes
Nz (ရိုးရာလေး)