အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်များတိုးနေရာ ပခုက္ကူမြို့ အမှတ်၁၄ရပ်ကွက် သီဟိုရှင်ဘုရားကြီးတောင်ဘက်ရှိ စနစ်သစ်ပုထိုးကျောင်းတိုက်အတွင်း အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်များ၊ကျန်းမာရေးချို့တဲ့သူများ နှင့် တစ်နှစ်အောက် ကလေးငယ်များအတွက် အပူရှောင်ကာကွယ်ရေးစခန်း ဖွင့်လှစ်ထားသည်။


ပခုက္ကူ မြို့တွင်အပူချိန်တစ်နေ့တစ်ခြား မြင့်မားလာခြင်းကြောင့် အပူဒဏ်သက်သာစေရန် ထန်းရွက်အမိုး သဲခင်းထားသည့် လူနှစ်ရာနီးပါး တည်းခိုနားနေနိုင်သော အပူရှောင်စခန်းတစ်ခုအား ဧပြီ ၁၀ ရက်မှစ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ အပူရှောင်ကာကွယ်ရေးစခန်း ဖြစ်မြောက်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

‘အရင်နှစ်တွေတုန်းက အပူရှောင်စခန်းဆိုတာမရှိပါဘူး။ဒီနှစ် အလ်နီညိုရာသီဥတုကြောင့် ပခုက္ကူမှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် အထိရှိတယ်။ အပူချိန်မြင့်လာတာ၁၅ရက်နီးပါးရှိပြီ။လောလောဆယ် အပူရှောင်သူ ၂၀ကျော်ရှိတယ်။နံနက်စာ ထမင်းနဲ့ဒေသထွက်ဖျော်ရည်တိုက်တယ်။ကျန်းမာရေးအတွက် ပခုက္ကူဆေးရုံကဆရာဝန်တစ်ဦး သူနာပြုသုံးဦး စောင့်ရှောက်ပေးပါတယ်’ဟု ပခုက္ကူမြို့ အပူရှောင် ကာကွယ်ရေးစခန်း တာဝန်ခံ ဦးသက်ထွန်းဆွေကဧပြီ ၁၁ ရက်တွင်ပြောသည်။

အပူရှောင် စခန်းတွင် အလှူ ခံဋ္ဌာနလည်းဖွင့်လှစ်ထားရာဧပြီ ၁၀ ရက်အထိ့အလှူငွေ ကျပ်ဆယ်သိန်းခန့်ရရှိပြီဖြစ်သည်။ီသင်္ကြန်ကာလဖြစ်၍ သက်ကြီးရွယ်အိုအများစုသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းအတွင်း တရားရိပ်သာများတွင် တရားအားထုတ်ကျင့်ကြံချိန်ဖြစ်သဖြင့် လက်ရှိတွင်စခန်း၌ လူနည်းနေသေးခြင်းဖြစ်ပြီးသင်္ကြန်အပြီး လာရောက်နားခိုသူပိုများလာနိုင်ကြောင်းဦးသက်ထွန်းဆွေကဆိုသည်။

အယ်နီညိုရာသီဥတုကြောင့်ပခုက္ကူမြို့ပေါ်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များ စုပေါင်း၍ အပူရှောင်ကာကွယ်ရေးစခန်းဖွင့်လှစ်ခြင်းရပ်ကွက်ကျေးရွာအလိုက် အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များ အသိပေးနှိုးဆော်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


‘ဆရာတော်မ.တည်အလှူငွေနဲ့အပူရှောင်စခန်းဖွင့်ခဲ့တာ။နောက်ထပ်အလှူငွေပေါ်မူတည်ပြီး ပခုက္ကူမြို့ပေါ်မှာ နှစ်နေရာလောက်ထပ်ဖွင့်ဖို့စီစဉ်ထားတယ်’ဟ ပခုက္ကူမြို့ အပူရှောင်ကာကွယ်ရေးစခန်း ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ပခုက္ကူမြို့တွင် အပူရှောင်လိုသည့် သက်ကြီးရွယ်အိုများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်အကြောင်းကြားပါက အကြို အပို့စီစဉ်ဆောင်ရွက်ပေးသည်။အပူရှောင်စခန်းကိုဇွန်လကုန် အထိဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။

ဓာတ်ပုံ-Ko That Lay / 7day