ဇွန်လ ၃၀ ရက်နေ့မှာကျရောက်ခဲ့တဲ့၃၅ နှစ်ပြည့်မွေးနေ့မှာ ချစ်သူကို လူသိရှင်ကြားပြောပြခဲ့သူကတော့ မိတ်ကပ်ညီညီမောင် ( စမ်းချောင်း ) ပဲဖြစ်ပါတယ်။ အစကတော့ ဒီနှစ်ထဲမှာပဲ မင်္ဂလာပွဲကျင်းပဖို့ပြင်ဆင်ထားပေမဲ့ လက်ရှိမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အစအဆုံးပြုပြင်ပြီး နောက်နှစ် ၈လပိုင်းနောက်ပိုင်းမှာမှ ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ် ကျင်းပပြုလုပ်သွားမယ်လို့ဖွင့်ဟလာပြန်ပါတယ်။ လက်ရှိမှာချစ်သူဟာ ဒီဇိုင်နာသင်တန်းတက်ရောက်နေပြီး သူမထက် ငယ်သေးတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုလဲရှိနေပြီမို့ နောင်နှစ်မှစီစဉ်တော့မဲ့ မင်္ဂလာပွဲအကြောင်းနဲ့ဇွန်လသုံးဆယ်ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ၃၅ နှစ်ပြည့်မွေးနေ့အကြောင်းကိုပြောပြလာတဲ့အခါ

-၃၀ ရက်ညက လုပ်ဖြစ်ခဲ့တဲ့ မွေးနေ့ပွဲအကြောင်းလေးကို အရင်ပြောပြပေးပါဦး။

မွေးနေ့က ညီညီမောင်ရဲ့ အသက် ၃၅ နှစ်ပြည့်မွေးနေ့ပါ။ မွေးနေ့ပွဲလုပ်ဖြစ်ခဲ့တာကတော့ ကိုယ့်ရဲ့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ပျော်ချင်လို့တော်ဝင်ဂါးဒင်းဟိုတယ်မှာလုပ်ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ အသက် ၂၈ ၊ ၂၉ လောက်တုန်းက ယုဇနဂါးဒင်းမှာတစ်ခါလုပ်ဖူးတယ်။ ဒီဟာက ဒုတိယအကြိမ်မြောက်လုပ်ဖြစ်ခဲ့တဲ့ပွဲလေးပါ။

-အသက်တစ်နှစ်ကြီးသွားတဲ့အပေါ်မှာရော ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးရှိမလား။

ညီညီမောင်အသက် ၁၈ ၊ ၁၉ လောက်ကတည်းက ဒီအနုပညာအလုပ်ကို လုပ်ခဲ့တယ်။ တကယ်တမ်းပြောရရင် အခုအသက်သာ ၃၅ နှစ်ပြည့်တာ စိတ်ကနုတယ်။ အိမ်မှာတောင်အသက် ၂၃ ၊ ၂၄ ညီမတွေနဲ့ပြိုင်ပြီးစိတ်ကောက်လို့ကောင်းတုန်းဆိုတော့ ကိုယ်ကတော့ကိုယ့်ကိုကိုယ်ကလေးလို့ပဲထင်တာပေါ့နော်။ အသက်ကတော့ကြီးသွားတာပဲ။ ဒါပေမဲ့ စိတ်ကတော့ မနက်မိုးလင်းရင်တောင်ကျောင်းသွားမယ်လို့ထင်နေရတုန်းပါ။

-မွေးနေ့နဲ့ပတ်သက်ပြီး အလှူအတန်းရော လုပ်ဖြစ်သေးလား။

အလှူအတန်းကတော့ မွေးနေ့မှမဟုတ်ဘူး။ အမြဲတမ်းလှူဖြစ်တယ်။ ဒီနှစ်တော့ မွေးနေ့မတိုင်ခင် ၆လပိုင်း တစ်လလုံးကို အလှူအတန်းတော်တော်လေးလုပ်ဖြစ်တယ်။ မိဘမဲ့ဂေဟာမှာလဲလှူဖြစ်တယ်။ နောက် HIV ဖြစ်နေတဲ့ကလေးတွေကိုလဲသွားလှူဖြစ်တယ်။

-မွေးနေ့မတိုင်ခင် ညမှာရော ထူးထူးခြားခြား Surprise လုပ်ခံရတာမျိုးရှိမလား။

၃၀ ရက်နေ့မှာမွေးနေ့လုပ်ဖို့အတွက်အကုန်စီစဉ်ထားတယ်။ အဲ့ဒီအတွက် ၂၉ ရက်နေ့ညမှာလူကပင်ပန်းနေပြီ။ တစ်ဆိုင်လုံးကလူတွေလဲပင်ပန်းနေတော့ ကိုယ့်ကထင်လဲမထင်ထားဘူး။ ၁၂ ကျော်လောက်ကျတော့ အိပ်တော့မယ်ဆိုပြီး လှဲလိုက်တဲ့အချိန်မှာ မီးကပျက်သွားတယ်။ ညီညီမောင်အခန်းကနေ အပြင်ကိုဆို မှန်လေးနဲ့ကာထားတဲ့အတွက်သူတို့ကကိတ်ကို မီးထွန်းပြီးယူလာတာကို ကိုယ်ကအထဲကနေ အပြင်မှာမီးလောင်နေတယ်ထင်ပြီး ငါကတော့ သွားပြီ။ စည်းစိမ်တော့ပြုတ်ပါပြီဆိုပြီး အခန်းပြင်ကို ပြေးအထွက် သူတို့ကအခန်းဝမှာ ကိတ်မုန့်ကြီးနဲ့ ဖောင်းဒိုင်းတွေလဲဖောက် ကိုယ်ကလဲ လန့်ပြီး မျက်ရည်တွေကလဲကျလာတယ်။ 

ကိုယ့်ရဲ့ ဆိုင်ကတပည့်တွေက ကိုယ့်အတွက် Surprise Birthday ပေါ့။ အမှန်မှန်က သူတို့ကလဲ ကိုယ့်ကို အချစ်စမ်းတဲ့ပွဲဖြစ်သွားတယ်။ ချစ်သူက အရုပ်ကြီးနဲ့ပန်းစည်းနဲ့လာပေးမှာကို တပည့်တွေကသိပြီး သူနဲ့ဆိုင်ကတပည့်တွေနဲ့တိုင်ပင်ပြီးလုပ်ပေးကြတာပေါ့။ သူကကားနောက်ကြီးမှာကွယ်ပြီးရပ်နေတယ်။ ကိုယ်က အရုပ်ကြီးကိုပိုက်ပြီး လမ်းမကြီး မှာသူ့ကိုဖက်ပြီးငိုရသေးတယ်။ ၀မ်းလဲသာတယ်။ သူရောက်လာတော့လေ အဲ့ဒီ ခံစားမှုကတော့ ဘယ်ဟာနဲ့မှလဲလို့မရဘူး။ တစ်ခါမှလဲမခံစားဖူးဘူး။ ကိုယ့်ကိုလဲတစ်ခါမှဘယ်သူမှမလုပ်ပေးဖူးဘူးလေ။ ၃၀အကူးကတော့ ညီညီမောင်အတွက်အမှတ်တရပါပဲ။ တစ်ညလုံးအိပ်လို့လဲမရဘူး။

-မွေးနေ့ညမှာတုန်းက ချစ်သူကိုပွဲထုတ်တာမျိုးလဲတွေ့ရတယ်နော်။

တစ်ယောက်နဲ့တစ်ယောက်ကတော့ ၆လလဲကျော်လာပြီဆိုတော့ နားလည်မှုလဲရှိလာပြီ။ သူအသိုင်းအ၀ိုင်းကိုယ့်အသိုင်းအ၀ိုင်းလဲရှိသလို သူကညီမောင့်ထက်လဲအသက်ငယ်တယ်။ အဲ့ဒီတော့ပုံတင်တာတွေပါတွေလဲမလုပ်ဖြစ်ဘူး။ အခုနောက်ပိုင်းပုံတင်ဖြစ်တယ်ဆိုတာကလဲကိုယ့်ရဲ့အသိမိတ်ဆွေတွေကို သိစေချင်တဲ့သဘောပါ။ ကျန်တာကတော့ ဘာသဘောမှမဟုတ်ပါဘူး။

-ညီညီမောင့်ရဲ့ ချစ်သူ အကြောင်းလေးနည်းနည်းလောက်ပြောပြပေးပါဦး။

သူကလက်ရှိ ဦးပြည်စိုးဆီမှာ ဒီဇိုင်နာသင်တန်းတက်နေပါတယ်။ နောက်ဆယ်တန်းတွေကိုလဲ Guide သင်ပါတယ်။ အဲ့ဒါကြောင့်သူ့ကိုသိပ်မပြီးမဖော်ပြချင်ဘူးဆိုတာ သူ့တပည့်တွေသူ့ကိုမလေးစားမှာစိုးလို့ပါ။ အဲ့ဒါလေးပါပဲ။ ကျန်တာကတော့ ဘာအခက်အခဲမှမရှိပါဘူး။ အမှန်အတိုင်းပြောရရင် မကြီးစိုးနဲ့ဦးပြည်စိုးအောင်လဲအရမ်းသဘောကျတယ်လေ။

-ဟိုတလောက မင်္ဂလာဆောင်တော့မယ်ဆိုပြီးသတင်းထွက်လိုက်သေးတယ်နော်။

တကယ်တမ်း အခု ညီညီမောင်က ဘန်ကောက်က ရန်ဟီးဆေးရုံမှာ Sex ချိန်းဖို့အထိလုပ်ထားတယ်။ ဒီနှစ်ထဲမှာ အသံခွဲမယ်။ ရင်သားခွဲမယ်။ မျက်နှာကိုနည်းနည်းပြန်ပြင်မယ်။ နောက် ၂၀၁၆ ရှစ်လပိုင်းမှာတော့ Sex ချိန်းဖို့ရှိပါတယ်။ အစကတော့ မင်္ဂလာပွဲကို လောလော လောလောစီစဉ်မို့ပဲ။ ဒါပေမဲ့ အခုကျတော့ တစ်ယောက်နဲ့တစ်ယောက်က အရမ်းရင်းနှီးမှုလဲရသွားပြီ။ နားလည်မှုလဲရသွားပြီဆိုတော့ သူ့ကိုလဲစိတ်ချသွားပြီ။ အဲ့ဒါကြောင့် ၂၀၁၇ ရှစ်လပိုင်း Sex ချိန်းပြီးတဲ့အချိန် ညီညီမောင်လဲ ကျန်းမာရေးပြန်ကောင်းသွားတဲ့အချိန်မှာတော့ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား လုပ်ပါမယ်။

-ချစ်သူကို ကိုယ့်မွေးနေ့မှာ အတိအလင်း ချပြခွင့်ရတဲ့ စိတ်ခံစားမှု ကရော ဘယ်လိုရှိလဲ။

စိတ်ခံစားချက်ကတော့ ညီညီမောင်တို့ကတော့ လင်မယားလဲ မဟုတ်သေးဘူး။ ချစ်သူပေါ့။ အဲ့ဒီတော့ သူလဲကိုယ့်ကို လက်ခံနိုင်သလို ကိုယ်လဲသူ့ကိုလက်ခံနိုင်တယ်။ အဲ့ဒီတော့ ညီညီမောင်တို့ကပေါ်ပေါ်တင်တင် နေလို့လဲဘာမှမဖြစ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ အားလုံးလဲသိတယ်။ နောက်ပိုင်းမှာသူက ဒီဇိုင်နာလုပ်တော့မှာဆိုတော့ အားလုံးနဲ့ရင်းနှီးစေချင်တဲ့သဘောတစ်ခုနဲ့ပါပဲ။ ကိုယ့်ကိုခင်သလို သူ့ကိုလဲ ခင်စေချင်ပါတယ်။

-ချစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုကို ပြောပြပါဆိုရင်။

သူနဲ့ကိုယ်နဲ့က ရန်အရမ်းဖြစ်တယ်။ သူကဖြစ်တာမဟုတ်ဘူး။ ကိုယ်ကအတင်းလိုက်ဖြစ်တာဆိုတော့ သူကတောင်ကိုယ့်ကို ကွိုင်ကွိုင်လို့နာမည်ပေးထားတယ်။ ကိုယ်ကသူ့ထက်အသက်ကြီးတာကတစ်ကြောင်းသူ့ကိုချစ်တာကတစ်ကြောင်းသ၀န်တိုတာပေါ့။ အဲ့ဒီတော့ အမြဲတမ်းပြသနာကဖြစ်နေတာ သူကအေးဆေး ကိုယ့်ကမငြိမ်တာ။ တစ်ချိန်လုံးချစ်လွန်းအားကြီးတဲ့အတွက်သ၀န်တွေတိုနေရတယ်။ အဲ့ဒါလေးကတော့ အမှတ်တရပါပဲ။

-မွေးနေ့မနက်ပိုင်းမှာရော ထူးထူးခြားခြားဘာတွေလုပ်ဖြစ်သေးလဲ။

မနက်ပိုင်း ဘုရားတက်ဖြစ်တယ်။ ပြီးတော့ ငှက်လွှတ်တယ်။ ငါးစာကျွေးတယ်။ အလှူအတန်းလေးတွေလုပ်ဖြစ်တယ်။ နောက်မွေးနေ့အခမ်းအနားပြင်ဆင်တာတွေကိုလိုက်ကူညီပေးတယ်။

-မတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်ပါသလဲ။

တချို့ကျတော့လဲ ညီညီမောင်တို့ကို ကောင်းတဲ့ဖက်ကမြင်ပေးတယ်။ လူတစ်ယောက်ဖြစ်ချင်တဲ့ဘ၀ကို ရောက်စေချင်ကြတယ်။ တချို့ကျတော့လဲ ဒီအခြောက်တွေကလဲ ဘာတွေလျှောက်လုပ်နေတာလဲ ခွဲစိတ်ပြုပြင်လို့ကုန်တဲ့ပိုက်ဆံကိုလှူလိုက်ပါလားဆိုတော့ ညီညီမောင်တို့က အလှူအတန်းမလုပ်တာမဟုတ်ဘူး။ တပည့်တွေဆိုလဲပံ့ပိုးပေးတယ်။ အလှူအတန်းတွေလဲပုံမှန်လုပ်တယ်။ ဒါပေမဲ့ညီမောင်တို့အတွက်စိတ်ထွက်ပေါက်ကျတော့ ဒါလေးပဲရှိတာ ကိုယ်ဖြစ်ချင်တဲ့ဘ၀လေးတစ်ခုကို လူတစ်ယောက်ကတော့ သွားပိုင်ခွင့်ရှိတယ်လို့ညီမောင်တော့ထင်တယ်။ 

လွတ်လွတ်လပ်လပ် နဲ့ကိုယ်ဖြစ်ချင်တဲ့ဘ၀လေးကိုသွားမယ်။ အိမ်ထောင်ပြုကြတာကတော့ လူတိုင်းပါပဲ။ ဂေးရယ်၊ ယောကျာ်းရယ်၊ မိန်းမရယ်ဆိုပြီးခွဲခြားမထားဘူး။ လူပျိုကြီးအပျိုကြီးဆိုတာ မရလို့ဖြစ်တာပဲနေမှာ လူတိုင်းကတော့ ဘ၀မှာကိုယ့်လက်တွဲဖော်နဲ့ကိုယ်ဖြတ်သန်းချင်တာပဲ။ ညီညီမောင်တို့ယူမယ်ဆိုတာကလဲ ပုံမှန်သွားနေတဲ့အတိုင်းသွားတာပါ။ ကောင်းတာပြောတဲ့သူရှိသလို ဆိုးတာပြောတဲ့သူလဲရှိမယ်။ တတ်နိုင်သမျှ ကိုယ့်ရဲ့ညီအစ်ကိုမောင်နှမလိုပဲမျက်လုံးထဲမှာမြင်ပေးပါ။ ဒါဆိုညီညီမောင်တို့အပေါ်ကို အကောင်းဆုံးတွေပဲမြင်မှာပါလို့ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက် – Trend Myanmar