Aung-San-Suu-Kyi
IS စစ်သွေးကြွ အဖွဲ့၏ ပစ်မှတ်စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အမည် ပါဝင်နေခြင်းကြောင့် လုံခြုံရေး ကဏ္ဍအား အပိုင်း သုံးပိုင်းခွဲ ဆောင်ရွက်သွားမည်ဟု သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သြဂုတ် ၃ ရက်တွင် ပြောကြားသည်။
မလေးရှား ရဲတပ်ဖွဲ့မှ လက်ခံရရှိခဲ့သည့် IS စစ်သွေးကြွ အဖွဲ့၏ ပစ်မှတ်စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်နေကြောင်း မလေးရှား The Star သတင်းဌာနက သြဂုတ် ၂ ရက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း သင်ခန်းစာများအရ အရမ်းကြီး စိုးရိမ်ပူပန်မှုများ ရှိရန် မလိုသလို၊ ပေါ့ပေါ့လည်း တွေး၍ မရကြောင်းနှင့် လုံခြုံရေး ကဏ္ဍအား အပိုင်းသုံးပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“သုံးပိုင်း ရှိပါတယ်။ နံပါတ်တစ် အပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုဆိုင်ရာ သတင်းအချက်အလက်တွေ အဲဒီလို ထွက်ပေါ်လာပြီ ဆိုရင် ကျွန်တော်တို့ တာဝန်ရှိသူတွေ အနေနဲ့ လျှော့တွက်လို့တော့ မရဘူး။ အရမ်းကြီးလည်း စိုးရိမ်ပူပန်စရာ မလိုဘူး။ သို့သော် ဒီထဲကမှ ကျွန်တော်တို့ အလေးအနက်ထားပြီး လုပ်သင့် လုပ်ထိုက်တာ လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်ခဲ့တဲ့ IS တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ရင် သတင်းတွေ ထွက်လာတယ်။ မက်ဆေ့ခ်ျတွေ ပေါ်တတ်တယ်။ ပေါ်တဲ့ အတိုင်းလည်း ဖြစ်တတ်တယ်။ နံပါတ်နှစ် အပိုင်းကတော့ IS ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု သဘောသဘာဝပေါ့။ သူတို့က နိုင်ငံတွေမှာ သွားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖန်တီးတယ်ဆိုရင် အဓိက သူတို့ရဲ့ Home-grown Network တွေ Cells တွေကို အသုံးပြုတယ်။ ဥပမာ ပြင်သစ်ကို တိုက်ခိုက်မယ်ဆိုရင် ပြင်သစ်မှာရှိတဲ့ သူတို့ရဲ့ Home-grown Network တွေ Cells တွေကို အသုံးပြုလေ့ ရှိတယ်။ အလားတူပဲ ကမ္ဘာတစ်ဝန်းမှာလည်း အဲဒီလိုလုပ်လေ့ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ အစွန်းရောက်ဘက်ကို အလေးသာတဲ့ တိမ်းညွတ်တဲ့ Home-grown တွေ ဘယ်လောက်ရှိပြီလဲ ဆိုတာ ဖော်ထုတ်ဖို့ လိုတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာတော့ သိပ်မရှိပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်တွေ ဖလှယ်ပြီး ပူးပေါင်း လုပ်သွားရမှာပါ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆက်လက်ပြီး ဦးဇော်ဌေးက “နံပါတ်သုံး အပိုင်းကတော့ လုံခြုံရေးပါ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေ လုံခြုံရေးယူတဲ့ အခါမှာ လုံခြုံရေး လေးမျိုး ရှိတယ်။ အနီးကပ် လုံခြုံရေး၊ အတွင်းစည်း လုံခြုံရေး၊ အပြင်စည်း လုံခြုံရေးနဲ့ သွားတဲ့လမ်းကြောင်းတစ်လျှောက် လုံခြုံရေးတို့ ရှိတာပါ။ နောက်ပြီး လုံခြုံရေးယူတဲ့ အချိန်ကာလကို မူတည်ပြီးတော့ လုံခြုံရေး ပြင်ဆင်ရတာ ရှိတယ်။ ပထမက သာမန်အချိန်မှာ လုံခြုံရေးယူရတဲ့ ပုံစံ၊ ဒုတိယက သတင်းအချက်အလက်တွေ ထွက်လာတဲ့ အချိန်မှာ ယူရမယ့် လုံခြုံရေး ပုံစံ၊ နောက် တတိယက အရေးပေါ်အချိန် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်တော့မယ်လို့ တိတိကျကျ သေချာတဲ့ အခါမှာ လုံခြုံရေး ယူရမယ့် ပုံစံ။ နောက်ဆုံးကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်သွားတဲ့ အချိန်မှာ လုပ်ရမယ့် ပုံစံ ရှိတယ်။ အခုကတော့ အကြမ်းဖက် တိုက်ခိုက်မှု သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ လုပ်ရမယ့် ပုံစံမျိုး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

The Star သတင်းဖော်ပြချက်တွင် အီရတ်နှင့် ဆီးရီးယားတို့မှ IS စစ်သွေးကြွများ ပစ်မှတ်ထားသည့် ထိပ်တန်းခေါင်းဆောင်များကို ဖော်ပြထားသော ခြိမ်းခြောက်စာအား မလေးရှားနိုင်ငံ Negri Sembilan ရဲဌာနသို့ သြဂုတ် ၁ ရက်တွင် ပေးပို့လာခဲ့ကြောင်းနှင့် စာပေးပို့သူကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၂ ရက်တွင် ပြောကြားသည်ဟု သိရသည်။

IS က ပစ်မှတ်ထားသည့် ထိပ်တန်းခေါင်းဆောင်များ စာရင်းတွင် မလေးရှား ၀န်ကြီးချုပ်နာဂျစ်၊ ဒုတိယ၀န်ကြီးချုပ် Ahmad ZaidHamidi၊ စာရင်းစစ်ချုပ် Tan Sri Moha-med Apandi Ali နှင့် ရဲချုပ် Tan Sri Khalid Abu Bakar တို့အပြင် မလေးရှား ၀န်ကြီး သုံးဦး၊ ဒုတိယ၀န်ကြီး တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

စာမျက်နှာ နှစ်မျက်နှာ ပါဝင်သည့် အဆိုပါ ခြိမ်းခြောက်စာတွင် ပစ်မှတ်ထားသည့် ထိပ်တန်းခေါင်းဆောင်များကို အက္ခရာစဉ်ဖြင့် စီကာ ဓာတ်ပုံများဖြင့် တွဲ၍ ဖော်ပြထားပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

ခြိမ်းခြောက်စာတွင် Negri Sembilan ဒေသ၌ IS စစ်သွေးကြွ ၇၀၀ ခန့်ရှိကြောင်း ဖော်ပြထားခြင်းကိုမူ ရဲတပ်ဖွဲ့က ပယ်ချခဲ့ပြီး အဆိုပါ ရေးသား ဖော်ပြထားမှုသည် စာပေးပို့သူ အနေဖြင့် မလေးရှားတွင် IS အဖွဲ့၏ သြဇာကြီးမားရန် ကြိုးစားခြင်းဟု ရဲတပ်ဖွဲ့က ယူဆထားကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ခြိမ်းခြောက်စာနှင့် ဓာတ်ပုံများကို မှုခင်းဆေးပညာ ဌာနသို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်းနှင့် ပေးပို့သူကို စုံစမ်းဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ ခြိမ်းခြောက်စာနှင့် ပတ်သက်၍ Negri Sembilan ရဲဌာနသည် ယခုရက်ပိုင်းအတွင်း ပုံစံတူ ခြိမ်းခြောက်စာ အနည်းဆုံး လေးစောင်ခန့်ကို လက်ခံ ရရှိခဲ့ကြောင်း၊ မလေးရှား ရဲတပ်ဖွဲ့ အနေဖြင့် ခြိမ်းခြောက်စာ ပေးပို့မှုကို ပေါ့ပေါ့တန်တန် မထားဘဲ ခြိမ်းခြောက်မှု နောက်ကွယ်မှ လူများအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲချုပ် Tan Sri Khalid Abu Bakar က ပြောကြားသည်။

“ဒီခြိမ်းခြောက်စာထဲမှာ ပြည်ပနိုင်ငံတွေက ၀န်ကြီး အများအပြားကို ရည်ညွှန်း ဖော်ပြထားတဲ့အတွက် သူတို့ရဲ့ ရည်ရွယ်ချက်ဟာ မရှင်းလင်းပါဘူး။ ဒီလို ခြိမ်းခြောက်မှုတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ မိမိတာဝန် မိမိ ကျေပွန်ဖို့ ဆောင်ရွက်တဲ့ စိတ်ဓာတ်တွေ ကျဆင်းပြီး စိတ်ပျက်သွားမှာ မဟုတ်ဘူး” ဟု Khalid က ပြောကြားကြောင်း The Star သတင်းတွင် ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှ၌ IS တို့၏ တိုက်ခိုက်မှုများက ထိရောက်မှု မရှိသော်လည်း မွတ်စလင် အများစု နေထိုင်သော အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် တောင်ပိုင်းတွင် ဖြန့်ကြက်နေသော IS တို့၏ ခြိမ်းခြောက်မှုကို အထင်သေး၍ မရကြောင်း၊ ခေါင်းဆောင်မှုနှင့် လေ့ကျင့်သင်ကြားမှုတို့က အကွဲကွဲ ဖြစ်နေပြီး ကျွမ်းကျင်မှုနည်းသော ဒေသတွင်း IS တို့ကို အန္တရာယ်ကြီးသော အင်အားစုအဖြစ် ပြောင်းလဲနိုင်သည်ဟု အကြမ်းဖက်ရေးရာ ကျွမ်းကျင်သူများက သတိပေးထားသည်။

ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေများ ဆုံးရှုံးနေသော်လည်း IS ခေါင်းဆောင် အဘူဘကာအယ်ဘက်ဂဒါဒီက အရှေ့တောင်အာရှတွင် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိပြီး အရှေ့တောင်အာရှ IS အဖွဲ့ခွဲများ တည်ထောင်ရန် ရည်မှန်းချက်များလည်းရှိကြောင်း အရိပ်လက္ခဏာများ ရှိထားသည်။

ဇွန်လက ကွာလာလမ်ပူ အပြင်ဘက်ရှိ ဘားတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မလေးရှားတွင် IS တို့၏ ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ရဲက အတည်ပြုထားသည်။ မလေးရှားသည် ၂၀၁၄ ခုနှစ်မှစပြီး IS တို့နှင့် ဆက်နွှယ်မှုအတွက် လူ ၁၅၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ငြိမ်းကို – eleven news

Comments are closed.