စီးကရက်

ခေတ်မမီတော့သည့် မူဝါဒများ၊ အလွယ်တကူ ၀ယ်ယူရရှိမှု၊ နေရာဒေသ အနှံ့အသုံးပြုနေမှုတို့နှင့်အတူ မြန်မာနိုင်ငံသည် အာဆီယနိုင်ငံများအတွင်း ဆေးရွက် ကြီးထိန်းချုပ်မှု၌ နောက်ဆုံးအဆင့်တွင်ရှိနေကြောင်း လွန်ခဲ့သောအပတ်က ထုတ်ပြန်ခဲ့သော စစ်တမ်းတခုအရ သိရသည်။
အရှေ့တောင်အာရှဆေးရွက်ကြီး ထိန်းချုပ်မှုမဟာမိတ်အဖွဲ့ (SEATCA) သည် ဆေးရွက်ကြီးထိန်းချုပ် ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မူဘောင်အပေါ် အာဆီယံတနိုင်ငံချင်း၏ အရေးယူ ဆောင်ရွက်မှုများကို လေ့လာခဲ့သည်။ ယင်းသို့ လေ့လာရာတွင် မြန်မာနိုင်ငံတွင် အမှတ် ၁၀၀ တွင် ၄၅ ဒသမ ၇ မှတ် သာရပြီး ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံတို့၏နောက်၌ ရောက်ရှိနေသည်။ စင်ကာပူနိုင်ငံ က ၈၀ ဒသမ ၅ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။
မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ် မေ လ ၄ ရက်နေ့တွင် ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းထိန်းချုပ်မှု ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲနေ သောသူများ၏ အရေအတွက်ကို လျှော့ချရန် ရည်ရွယ်၍ ယင်းဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်သည်။ ယင်းဥပဒေတွင် ဆေးရွက်ကြီး ထွက်ကုန်ပစ္စည်းများ ရောင်းချ၊ ထုတ်လုပ်၊ ကြော်ငြာမှုကို ထိန်းချုပ်ရန် လုပ်ထုံးလုပ်နည်းများ၊ ဆေးလိပ်မသောက်ရ ဧရိယာများနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများပါဝင်သည်။
သို့ရာတွင် SEATCA စစ်တမ်းအရ မြန်မာနိုင်ငံသည် အများပြည်သူနေရာများ၏ အမိုးအောက်၊ အရက်ဘားများနှင့် စားသောက်ဆိုင်များအပါအ၀င် လုပ်ငန်းခွင်နေရာများ၏ အမိုးအောက်၌ ဆေးလိပ် သောက်မှုကို ပိတ်ပင်ရာ၌ အခြားနိုင်ငံများ၏နောက်၌ ရောက်ရှိနေသည်။ မြန်မာနိုင်ငံသည် ၎င်း၏ ဆေးရွက်ကြီး ထိန်းချုပ်မှု မူဝါဒနှင့် မဟာဗျူဟာကို ပုံမှန်ခေတ်နှင့်အညီ မွမ်းမံခြင်းမပြုသည့် တခုတည်းသော နိုင်ငံဖြစ်ကြောင်း စစ်တမ်းက ဖော်ပြသည်။
ဆေးရွက်ကြီး၊ဆေးလိပ်အန္တရာယ်နှင့်ပတ်သက်ပြီး ပညာပေးမှုစွမ်းရည်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသည် အလယ်အလတ်အဆင့်၌သာရှိကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။ အစိုးရသည် ကျန်းမာရေးမူဝါဒကို ဆုံးဖြတ်သော အစိုးရကော်မတီများ သို့မဟုတ် အကြံပေးအုပ်စုများတွင် ဆေးရွက်ကြီးစက်မှုလုပ်ငန်းမှ အရာရှိများအား ပါဝင်ခွင့်မပြုကြောင်း၊ သို့သော် အစိုးရသည် ဆေးရွက်ကြီး စက်မှုလုပ်ငန်းအပေါ် ဦးစားပေးဆက်ဆံနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ဖေဖော်ဝါရီလတွင် အစိုးရက လုပ်ထုံးလုပ်နည်းအသစ်များကို ကြေညာသည်။ စက်တင်ဘာ ၁ တွင် စတင် အာဏာသက်ရောက်သော ယင်းလုပ်ထုံးလုပ်နည်း အသစ်များအရ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော စီးကရက်နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းများ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်အားလုံးအပေါ်၌ ဆေးရွက်ကြီးအသုံးပြုခြင်း၏ အန္တရာယ်များကို ဂရပ်ဖစ် ရုပ်ပုံများ၊ ကျန်းမာရေးသတိပေးချက်များဖြင့် ဖော်ပြခြင်းများ ပြုလုပ်ရန်လိုအပ်သည်။
သို့သော် ဆေးရွက်ကြီးကုမ္ပဏီများက ယင်းကိစ္စကို ခြောက်လကြာရွှေ့ဆိုင်းပေးရန် မေတ္တာရပ်ခံသည်။ ကုမ္ပဏီများ၏ မေတ္တာရပ်ခံမှုများကြောင့် လုပ်ထုံးလုပ်နည်းအသစ်များသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ အာဏာသက်ဝင်မည် မဟုတ်ကြောင်း အများပြည်သူ ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။ ဥပဒေ သစ်အပြည့်အ၀ အသက်ဝင်ချိန်တွင် ဂရပ်ဖစ်ရုပ်ပုံသတိပေးချက်ကတ်ပြားမပါဝင်သော ဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သို့မဟုတ် ရောင်းချခြင်း၌ ပါဝင်ပတ်သက်သူမှန်သမျှသည် ပထမအကြိမ် ကျပ်ငွေ ၁၀၀၀၀ နှင့် ၃၀၀၀၀ ကြားဒဏ်ရိုက်ခံရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် စစ်တမ်းတခုအရ မြန်မာနိုင်ငံတွင် အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်းနှင့်အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်းအပါအ၀င် လူဦးရေ၏ ၂၆ ဒသမ ၁ ရာခိုင်နှုန်းသည် ဆေးရွက်ကြီး၊ ဆေးရွက်ကြီးနှင့် ဆက်စပ်သော ထွက်ကုန်ပစ္စည်းများကို အသုံးပြုကြကြောင်းသိရသည်။
SM/Ref; (SEATCA Survey)
Credit: News Watch