coche-hospital

ကိုချေမြို့ရှိ ဆေးဝါးနှင့် ကုသမှုဆိုင်ရာပစ္စည်းများချို့တဲ့နေသည့် ဆေးရုံ
ကာရာကာ့စ် – ပိုက်ပြင် ပိုက်ဆက်ဆရာ ဖရက်ဒီ ဟာရီရာတစ်ယောက် လွန်ခဲ့တဲ့ ကိုးလခန့်က
မော်တော်ဆိုင်ကယ်မှောက်ခဲ့ပြီး ခြေထောက်ရဲ့ လေးနေရာ ကျိုးသွားခဲ့ပြီး ဆေးရုံကို
တက်ရောက်ခဲ့ရပါတယ်။ သူဆေးရုံကို ရောက်တဲ့အချိန်မှာမှ တကယ့်ပြဿနာတွေက
စတင်ခဲ့ပါတယ်။

ညစ်ပတ်နေတဲ့ဆေးရုံမှာပဲ ဆရာဝန်တွေက သူ့ခြေထောက်ရဲ့ ပိုးဝင်နေတဲ့နေရာတွေကို
၁၃ ကြိမ် ခွဲစိတ်ခဲ့ရပါတယ်။ အဖုံးမရှိတဲ့ အမှိုက်ပုံတွေ၊ ဆေးရုံ စင်္ကြံလမ်းတွေမှာ ယင်ကောင်တွေ
တလောင်းလောင်းနဲ့ဖြစ်နေပြီး ရင်ခွဲရုံမှာ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေ စုပုံနေတဲ့ ကာရာကာ့စ်မြို့
ကိုချေခရိုင်က ပြည်သူ့ဆေးရုံကြီးက သည်းထိတ်ရင်ဖို ရုပ်ရှင်ရိုက်ကွင်းနဲ့တောင် တူနေပါသေးတယ်။

ဆေးရုံမှာ လူနာ ၁၅ဝ,ဝဝဝ အတွက် ဆရာဝန် ၁၈ ယောက်ပဲ ရှိပါတယ်။ ရရှိနိုင်တဲ့ ပဋိဇီဝ
ဆေးတချို့ကို ခုခံနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုးမွှားတွေ တိုးပွားလာနေပါတယ်။

”ဒီလောက် အချိန်ကြာကြာ ကုသပြီးမှ ခြေထောက်ကို ရောဂါပိုးဝင်သွားလို့ ကျွန်တော့်ရဲ့
ခြေထောက် ဖြတ်ပစ်ရမယ်လို့ ဆရာဝန်တွေက လာပြောမှာကို စိုးရိမ်မိတယ်” ဟု ဟာရီရာက
ပြောပါတယ်။

”ကျွန်တော် ခွဲစိတ်ခန်းထဲကို နောက်ထပ်မဝင်ချင်တော့ဘူး။ ခွဲစိတ်ခန်းထဲကို ဝင်ပြီးတိုင်း
အခြေအနေ ပိုပိုဆိုးလာတယ်” လို့ သူက ပြောပါတယ်။ ကိုချေ ပြည်သူ့ဆေးရုံဟာ လူနာတွေနဲ့
ပြည့်နှက်နေပြီး ထောက်ပံ့မှု အလွန်အားနည်းတဲ့ ဆေးရုံတစ်ရာကျော်ရှိတဲ့အထဲက တစ်ရုံဖြစ်တယ်။

”ဒူးခေါင်းမှာ သေနတ်ဒဏ်ရာရရှိထားတဲ့ လူငယ်တစ်ဦး ဝေဒနာလူးလှိမ့်ခံစားပြီး
သေဆုံးသွားတာကို ဘာမှမလုပ်ပေးနိုင်ဘဲ ရပ်ကြည့်နေခဲ့ရတယ်”လို့ ထိခိုက်ဒဏ်ရာ
ဆိုင်ရာကုသမှု ဆရာဝန် အက်ဖ်ရန် ဗီးဂက်စ်က ပြောပါတယ်။

”ကျွန်တော့်မှာ ပိုးသတ်ဆေး၊ သွေးအပို နဲ့ မော်ဖင်းမရှိခဲ့ဘူး” လို့ သူကပြောတယ်။

”ကျွန်တော်တို့ဆီက ခွဲစိတ်ခန်းတွေမှာ ပိုးသတ်ဆေး အလုံအလောက်မရှိတဲ့အတွက်
လူနာမျိုးစုံရဲ့ ဒဏ်ရာတွေကိုဖြတ်တောက်ကုသခဲ့ရတယ်” လို့ သူက ပြောပါတယ်။ ညပိုင်းမှာ
ဆေးရုံအရေးပေါ်ခန်းမှာသုံးဖို့ ဆားပျော်ရည် ငါးထုပ်ပဲရှိပါတယ်။ ညဆိုင်းမှာဆိုရင် လူနာ ၂ဝ အထိ
ရောက်လာကြပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ မှီခိုရာ ပို့ကုန် ရေနံစိမ်းဈေးနှုန်းနဲ့အညီ နိုင်ငံရဲ့ စီးပွားရေး ကျဆင်းခဲ့ပါတယ်။
နိုင်ငံရဲ့ဝင်ငွေ ထိုးဆင်းသကဲ့သို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ တင်သွင်းမှုမှာလည်း
ခန်းခြောက်ခဲ့ပါတယ်။

ကိုချေ ဆေးရုံမှာ အောက်ဆီဂျင်ပိုက် တွေနဲ့ တစ်ခါသုံး လျှပ်စစ် ခွဲစိတ်ဓားတွေကို ဆေးကြောပြီး
ပြန်သုံးရတယ်။ ဆေးရုံရဲ့ ခွဲစိတ်ခန်းသုံးခုထဲက တစ်ခုကို ရောဂါပိုးညစ်ညမ်းမှုကြောင့်
ပိတ်ထားခဲ့ရတယ်။

ဆေးရုံရဲ့ ရင်ခွဲရုံဝင်ပေါက်မှာ သွေးစက်တွေ တွေ့မြင်နိုင်တယ်။ ရင်ခွဲရုံရှိ အလောင်း
လေးလောင်းသာ ထားရှိနိုင်တဲ့ အခန်းတစ်ခန်းမှာ အလောင်း ၁၂ လောင်းအထိ ထားနေရတယ်။

”တစ်ခါတလေကျရင် အလောင်းတွေကို သုံးရက်အထိထားထားပြီး ပုပ်ပွနေပါတယ်။ ဆေးရုံက
စစ်ဖြစ်နေတဲ့အချိန်က ပုံစံအတိုင်းပဲ” လို့ ဗီးဂက်စ်က ဆိုပါတယ်။ဆေးရုံမှာ ကူးစက်ရောဂါတွေကို
ကုသဖို့အတွက် အထူးကုဆရာဝန်တွေ မရှိပါဘူး။

ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ ဆေးရုံဌာန ၈ဝ ရာခိုင်နှုန်းအထက်မှာ ခွဲစိတ်ခန်းပစ္စည်းတွေ လိုအပ်လျက်
ရှိကြောင်း ဗင်နီဇွဲလား ကျန်းမာရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့အဆိုအရ သိရတယ်။
ကျန်းမာရေးဌာန ၇၄ ရာခိုင်နှုန်းနဲ့ အထက်ဟာဆေးဝါးနည်းပါးလျက်ရှိပြီး ဆေးရုံခုတင်
၁၅,ဝဝဝ သာရှိပြီး ခုတင် ၁ဝဝ,ဝဝဝ လိုအပ်လျက်ရှိကြောင်း အဆိုပါ စောင့်ကြည့်လေ့လာရေးအဖွဲ့
တွက်ချက်မှုကဆိုတယ်။

ဒီလို ပရမ်းပတာဖြစ်နေတာတွေကိုဆိုရှယ်လစ်သမ္မတ နီကိုလက်စ် မာဒူရိုရဲ့ စီးပွားရေးစီမံခန့်ခွဲမှုကို
နိုင်ငံရေး အတိုက်အခံအဖွဲ့တွေက ပြစ်တင်ရှုတ်ချခဲ့တယ်။

အတိုက်အခံအဖွဲ့တွေက အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ အရည်အချင်းမရှိတာတွေကို
အပြစ်ချခဲ့တယ်။

ဒီလို ဆေးဘက်ဆိုင်ရာပစ္စည်းရှားပါးမှုဟာ ယာယီသာဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ ဆေးဘက်ဆိုင်ရာ
အထောက်အပံ့သွင်းကုန်ပစ္စည်းတွေအစား အမျိုးသား ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း
ထုတ်လုပ်ရေးကို ပြန်လည် စတင်သွားမယ်လို့ သမ္မတမာဒူရိုက ကတိပြုထားပါတယ်။

– အေအက်ဖ်ပီ
Credit:Myanmar Time