ကြက်တူရွေး

လွန်ခဲ့သော သုံးနှစ်ခန့်က ကျွန်တော့်အဖေ လေဖြတ် သည်။ စစဖြစ်ချင်းတုန်းက စကားပင် မပြောနိုင်တော့။ ခြေတစ်ဖက် တရွတ်ဆွဲသွားသည်။ လက်တစ်ဖက် တွဲလောင်းခိုသွားသည်။ နောက်ပိုင်း စကားတော့ ပြန်ပြောနိုင်ခဲ့ပါသည်။ ခြေတစ်ဖက်နှင့် လက်တစ်ဖက်ကတော့ အကောင်းပကတိ မဆိုထားဘိ၊ လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့သလို လက်တစ်ဖက်သည်လည်း ဘာမျှထိန်းချုပ်မှုမရတော့ဘဲ ကြိုးနှင့်သာ သိုင်းထားရပါတော့သည်။

ကျွန်တော် ပြောချင်သည့် အကြောင်းအရာက အဖေ့လေ ဖြတ်ရောဂါအကြောင်း မဟုတ် ပါ။ အဖေလေဖြတ်နေစဉ် ကြုံ တွေ့ရသည့် အကြောင်းအရာ လေးတွေအကြောင်း ဖြစ်ပါသည်။ ကျွန်တော့် အဖေသာ မဟုတ်၊ လေဖြတ်သူတိုင်း ကြုံတွေ့ဖူးမှာ သေချာပါသည်။

အခြားမဟုတ်ပါ။ မိမိတို့သိ သမျှ သမားတော်များကို အား တက်သရော လမ်းညွှန်လေ့ရှိခြင်း ပင်ဖြစ်သည်။ ဟိုဆရာက ဘယ် လိုကောင်းသည်၊ ဒီဆရာကဘယ်လောက်ကောင်းသည်။ ဟိုဆရာကုလိုက်တာ ချက်ချင်းလမ်းလျှောက်နိုင်သည်၊ ဒီဆရာ ကုလိုက်တာ ချက်ချင်း စကားပြောနိုင်သည်၊ စသဖြင့် အလွန်အမင်း အမွှမ်းတင် ညွှန်းတတ်ကြသည်။ မြန်မာဆေးဆရာ၊ တရုတ် ဆေး ဆရာ၊ အင်္ဂလိပ်ဆေးဆရာ ဆရာ အမျိုးပေါင်းကို စုံနေတော့သည်။ ညွှန်းတဲ့သူက ညွှန်းပြီဆိုတော့အညွှန်းခံရသူကလည်း ဝမ်းသာအားရ ဖြစ်သွားတော့သည်။ ရေနစ်နေချိန်တွင်ကောက်ရိုးတစ်မျှင်ပင်လျှင် ဖမ်းဆုပ်မှီတွယ်ရာ မဟုတ်လား။

ကျွန်တော့်အဖေခမျာ ဆရာ ပေါင်းအတော် စုံဖူးလိုက်သည်။ သည်တော့ ဆရာတွေက ဟိုလူ တွေညွှန်းသလို စွမ်းပါသတဲ့လား။ ဟုတ်ကဲ့ …မစွမ်းကြလို့ပဲ ထိုသို့ ဆရာပေါင်းစုံခဲ့ရတာပေါ့ ခင်ဗျာ။

ထိုကိစ္စကို ကြည့်၍ ကျွန် တော်ကလေးဘဝ အညာမှာနေခဲ့ တုန်းက အလားတူ အဖြစ်အပျက် မျိုးကို သွားသတိရသည်။ အဲဒီ တုန်းက ကျွန်တော်တို့ ကြက်တူ ရွေးကို အတော်စိတ်ဝင်စားကြ သည်။

ရိုးရိုးကြက်တူရွေးမဟုတ်။ စကားပြောသော ကြက်တူရွေး။ ဘယ်အိမ်က ကြက်တူရွေးက တော့ သခင့်နာမည်ခေါ်တတ် သည်၊ ဘယ်သူ့ကြက်တူရွေးက တော့ ဧည့်သည်လာရင် ဧည့်ခံ စကားပြောပေးသည် စသည်ဖြင့် လူတွေက သူတို့ပဲ ကိုယ်တိုင်မြင် ခဲ့သယောင် ဖောက်သည်ချသည်။ ကျွန်တော်တို့လည်း လက်လှမ်းမီ သည့်နေရာဆိုလျှင် ရောက်အောင် သွားကြည့်ကြသည်။ ကြက်တူ ရွေး အတော်များများဆီ အလည် ရောက်ခဲ့ရပါသည်။ ထိုအခါ တ ကယ်ပဲ စကားပြောကြပါသလား။ စကားပြောဖို့ဝေးစွ၊ သူ့ဇာတိရုပ်အမှန် ကြက်တူရွေးအသံကိုပင် မဝရေစာသာ ကြားခဲ့ရပါသည်။

အထက်ပါ အဖြစ်အပျက် နှစ်ခုကိုကြည့်၍ လူ့သဘာဝကို ကျွန်တော် စဉ်းစားခန်းထုတ်မိ သည်။ ဘာကြောင့် ဒီလို တစ် စိတ်ကိုတစ်အိတ် လုပ်ချင်ကြပါ သလဲ၊ ဘာကြောင့် ချဲ့ကားပြော ချင်ကြသလဲ။

လေဖြတ်ကု အကြောင်း အ ရာနှင့် ပတ်သက်၍ ‘သြော်… လူ နာတကယ်ပျောက်သွားရင် မျက် နှာရအောင် ထင်ပါရဲ့’ဟု စဉ်းစားမိသည်။ သို့သော် ကြက်တူရွေးကိစ္စနဲ့ ချိန်ထိုး စဉ်းစားမိပြန်တော့ ထိုသို့လည်းမဟုတ်တန်ရာ။ ကြက်တူရွေးကိစ္စတွင် မှန်လည်းမမှန်ဘဲ ချဲ့ကားပြောလိုက်ရလို့ ဘာအကျိုးမျှမရှိ။

တန်တော့ ‘သဘာဝဟာ သဘာဝပါ’ဆိုတဲ့စကားသာ အကောင်းဆုံး အဖြေဖြစ်မည်ထင်ပါသည်။ စဉ်းစားကြည့်တော့ ကလေးဘဝအရွယ်က အကျင့် မပျောက်ခြင်းပင်။ ကလေးတုန်း က အထူးအဆန်းကိစ္စ အရင်ဆုံး သိရလျှင် ထိုကိစ္စနှင့်ပတ်သက်၍ မိမိသိသမျှ ရှင်းပြ၊ ပြောပြဦးဆောင်ခေါ်သွားပြီး လိုက်ပြရနှင့် မိမိ၏ အရေးပါအရာရောက်မှုကို ကျေနပ်ဂုဏ်ယူသည့် ခံစားမှုကို ရသည်။ လူဆိုသည်မှာ ဘယ် အရွယ်ရောက်ရောက် အရေးပါ သည့်လူ ဖြစ်ချင်ကြသည်ချည်း ဖြစ်သည်။ ထို့ကြောင့်လည်း တစ် စုံတစ်ယောက် စိတ်ပါဝင်စားနေ သော ကိစ္စတွင် မိမိသိသမျှနှင့် ဝင်ရောက်ခြယ်လှယ်ကြခြင်း ဖြစ် သည်။ သမားတော် တကယ်စွမ်း၊ မစွမ်း ကိုယ်တွေ့ကြုံဖူးခြင်းလည်း မဟုတ်၊ စကားတတ်သော ကြက် တူရွေးကို ကိုယ်တိုင်မြင်ခဲ့ရခြင်း လည်းမဟုတ်ဘဲ တစ်ဆင့်စကား တစ်ဆင့်နား ကြားဖူးသမျှကို ဖောက်သည်ချကာ မိမိ၏ အရေး ပါမှုကို မသိစိတ်က ခံစားကြခြင်း ဖြစ်ပုံရပါသည်။

ထိုကိစ္စမျိုး ခုခေတ်မှာ နေ ရာတိုင်း တွေ့နိုင်သည်။ မီးလောင် သည့်နေရာ၊ ကားတိုက်မှု ဖြစ် သည့်နေရာ၊ ရေနစ်သည့်နေရာ၊ ဖုန်းဓာတ်ပုံသမားများ။ နေရာ တိုင်းတွင် တာဝန်ရှိသူတွေ လုပ်ရ ကိုင်ရခက်အောင် လောက်ပင် ဖုန်းကိုယ်စီထုတ်ကာ ဓာတ်ပုံ ရိုက် သတင်းယူနေကြသည်။ ပြီး လျှင် ထိုသတင်းဦးကြီးကို နီးစပ် ရာလူ ပြမည်၊ အင်တာနက်ပေါ် တင်မည်။ တကယ်တော့ ယနေ့ ခေတ်တွင် သတင်းဦး သတင်း ထူးဆိုပြီး ဘာမှ အံ့သြစရာမရှိ တော့။ စက္ကန့်ပိုင်းတွင် လူပေါင်း များစွာတင်သည့် သတင်းပေါင်း များစွာကို အင်တာနက်ပေါ်တွင် ချက်ချင်းရနိုင်သည်။ သတင်း ထူး သတင်းဦး ပေးနိုင်သူအဖြစ် ဘယ်သူကမှ အံ့သြ အရေးထား နေမှာ မဟုတ်တော့။

သို့သော် ‘သဘာဝဟာ သဘာဝ’ပဲမို့ နားလည်မပေးနိုင် စရာတော့ မရှိပါ။ ပြီးတော့ မည် သူ့ကိုမျှ ထိခိုက်အကျိုးယုတ်စေ သည့်ကိစ္စလည်း မဟုတ်သဖြင့် အနေသာချည်းပါဟု ဆိုနိုင်ပါသည်။ ဒါပေမဲ့ အခြေအနေနှင့် အချိန်အခါအလိုက် လုပ်သင့်လုပ်ထိုက်တာနှင့် မလုပ်သင့်မလုပ်ထိုက်တာကို သိဖို့တော့ လိုအပ်သည်။ ဟိုတစ်လောက အသက်မပြည့်သေးသော ကလေးလေးတွေကို မီးရထား သံလမ်းဘေးတွင် မတော်မတရားပြုနေသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့သည်။ မည်မျှ အရုပ်ဆိုးလိုက်ပါသနည်း။ မဖြစ်သင့်သောကိစ္စ မဖြစ်အောင်တားရကောင်းမှန်းမသိဘဲ သတင်းထူးတစ်ခုရဖို့ ဗီဒီယို ထိုင်ရိုက်နေနိုင်သည်။ တကယ်ဆို ဝင်ရောက်တားဆီးရမည်။ ဥပဒေနှင့်ငြိစွန်းသော ဒီ ကိစ္စပြုမူနေသူကို မတားရဲစရာ မရှိချေ။ ကာယကံရှင်အဖို့ ပြန် လည်ရန်ပြုဖို့ မဆိုထားနှင့် မျက် နှာပင် အမြင်ခံရဲမည်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ မတား ရဲဖူးပဲ ထားလိုက်ပါဦး။ စိမ်ပြေ နပြေဗီဒီယိုရိုက်နေသင့်ပါသလား။ တာဝန်ရှိသူများ၊ အခြားလူများကို ပြောကို ပြောမည်။ အခု တော့ တလွဲဆံပင်ကောင်းနေခဲ့ သည်။

ကမ္ဘာကျော်ခဲ့သည့် အလား တူအဖြစ်မျိုး ရှိခဲ့ဖူးသည်။ လူ အတော်များများ သိကြမည်ထင် ပါသည်။ ၁၉၉၄ တွင် ပူလစ်ဇာဆု ရခဲ့သည့် ဓာတ်ပုံသတင်းထောက် Kevin Carter ၏ ဆူဒန်ကလေး ငယ်တစ်ဦးကို လင်းတတစ် ကောင်က စားဖို့စောင့်နေသည့် ဓာတ်ပုံပင်ဖြစ်သည်။ ငတ်မွတ်မှု ကြောင့် အရိုးပြိုင်းပြိုင်းနှင့်ကလေး ငယ်သည် ကုလသမဂ္ဂ စားနပ် ရိက္ခာပေးဝေသည့် နေရာသို့ တွား သွားနေသည်။ လင်းတတစ်ကောင်က ထိုကလေး သေသွားလျှင် စားဖို့ နောက်က တကောက်ကောက် လိုက်နေသည်။ ထိုမြင်ကွင်းကို Kevin Carter ကဓာတ်ပုံ ရိုက်ယူ ထားလိုက်သည်။ သို့သော်ဓာတ်ပုံသာ ရိုက်ပြီး ကလေးကို တစ်စုံတစ်ရာ မကူညီခဲ့။ ဒီအ တိုင်းထားပစ်ခဲ့သည်။ ထိုဓာတ်ပုံ ပူလစ်ဇာဆုရခဲ့ပါသည်။ သို့သော် တစ်ကမ္ဘာလုံး က ဓာတ်ပုံဆရာကို မေးခွန်းထုတ်ခဲ့ကြသည်။ ဘာ ကြောင့် ဒီအတိုင်းထားပစ်ခဲ့ရ သလဲ။ ကလေး ဘာဖြစ်သွားသည် ဆိုတာကို တစ်ကမ္ဘာလုံး မသိခဲ့ရ ချေ။ သူ့ အမှားကြောင့်ပင် Kevin Carter လည်း စိတ်ဖိစီးမှု ဝေဒနာကို အကြီးအကျယ် ခံစားရကာ ဆုရပြီး ရက်သတ္တပတ်အနည်း ငယ် အကြာမှာပင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည်။

ကျွန်တော်တို့သည် အ ကြောင်းပြချက် မည်မည်ရရ၊ အကျိုးတစ်စုံတစ်ရာ မရှိပါဘဲနှင့် သတင်းဦး သတင်းထူးပေးသူ လုပ်ရသည်ကို ပျော်မွေ့ကြသည်။ အင်တာနက်တွင် သတင်းမျိုးစုံ ကြားဖူးပါလိမ့်မည်။ မသန်စွမ်း သည့်ကလေးက ရေမန်းနှင့်ပက် လိုက်တာနှင့် ရောဂါချက်ချင်း သက်သာသည်ဆိုသောသတင်း၊ အထက်ကလာတဲ့ အဘဆရာက လက်နဲ့သပ်ချလိုက်သည်နှင့် ဝေဒနာချက်ချင်း သက်သာသည်ဆို သည့် သတင်း၊ လူပေါင်းရာ ထောင်မက တသောသော သွား ကုနေကြသည်မှာ ပျောက်သည် ဟုမမြင်ဖူး။ ပျောက်သည်ဆိုသည့် သတင်းကတော့ ကြီးသထက်ကြီး ကာ နောက်ဆုံး လူလိမ်ဆိုသည့် ဇာတ်နဲ့ပဲ စခန်းသိမ်းကြသည် ချည်းပင်။

Kevin Carter ဆိုလျှင် သတင်းထောက်ဖြစ်သော သူ့ အလုပ်လည်းဖြစ်၊ သူ့အတွက် အကျိုးကျေးဇူးလည်း အများကြီး ရှိနိုင်သော ကိစ္စကို လုပ်ခဲ့ခြင်းဖြစ် သည်။ သို့သော် တကယ်လုပ်သင့် သည့်ကိစ္စကိုတော့ မလုပ်မိခဲ့။ ထို့ ကြောင့်ပင် ထိုဓာတ်ပုံဖြင့် အောင် မြင်မှုရခဲ့သော်လည်း ထိုဓာတ်ပုံ ကြောင့်ပင် အသက်ငယ်ငယ်(၃၃) နှစ်အရွယ်တွင် လူ့လောကကို ရှောင်ပြေးခဲ့ရသည်။

အထက်တွင် ပြောခဲ့သည် များမှာ သတင်းနှင့် ပတ်သက် သည့်အကြောင်းများ ဖြစ်သော် လည်း ဤကိစ္စတွင်သာမဟုတ်ဘဲ မည်သည့်နေရာတွင်မဆို အကျိုး ရှိတာနှင့် အကျိုးမဲ့တာ၊ ဆိုးကျိုး ဖြစ်စေတာနှင့် ကောင်းကျိုးဖြစ်စေ တာ စသည်ကို ခွဲခြားသိမြင်ဉာဏ် နှင့်ယှဉ်လုပ်ကိုင်စေလိုခြင်း အဓိ ကရည်ရွယ်ပါသည်။ ။

Credit:7Day