School-classroom-
“မင်းတို့ ဘာဖြစ်လို့ ပညာ သင်ကြသလဲ။ ဘာဖြစ်လို့ ကျောင်းတက်ကြတာလဲ”
“ပညာတတ်ချင်လို့ပါ” ၊ “ပညာတတ်ချင်လို့ပါ”
“ဟုတ်ရဲ့လား၊ သေချာထပ်စဉ်းစားကြစမ်း”
“ဟုတ်ပါတယ်” ၊ “ဟုတ်ပါတယ်”
“သေချာထပ်စဉ်းစားကြစမ်း၊ ဘာဖြစ်လို့ ကျောင်းလာတတ်ကြတာလဲ။ ဘာဖြစ်လို့ ကျူရှင်တွေ တက်နေကြတာလဲ”
“စာမေးပွဲအောင်ချင်လို့ပါ”
“အေး-ဟုတ်ပြီ။ ဘာဖြစ်လို့ စာမေးပွဲအောင်ချင်ကြသလဲ”
“အလုပ်ရအောင်လို့ပါ” ၊ “အသက်မွေးဝမ်းကျောင်းလုပ်နိုင်ဖို့ပါ” ၊ “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ပါ”
“ကောင်းပြီ။ မင်းတို့ စဉ်းစားနိုင်အောင် ငါ ပြောပြမယ်။ ငါလဲ ငါ့ကိုယ်ငါ ငယ်စဉ်ဘ၀ကို ပြန်စဉ်းစားကြည့်ခဲ့မိဖူးပါတယ်။ ကျောင်းသွားတာကိုက မိဘတွေက အသွားခိုင်းလို့ သွားလိုက်ရတာပဲ။ ဘာရယ်လို့ကို မတွေးခဲ့မိဘူး။ ကျောင်းရောက်ပြန်တော့လဲ ဆရာက ဒီစာကို ကျက်ဆိုလို့ ကျက်လိုက်ရတာပဲ။ ဘာရယ်လို့ မည်မည်ရရ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ အရေးကြီးတာက စာမေးပွဲအောင်ဖို့၊ ဆရာကျေနပ်ဖို့၊ အရိုက်ခံမထိဖို့လောက်ကိုသာ ဦးစားပေးပြီး စဉ်းစားခဲ့တာပါပဲ။ အခု ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ လူလားမမြောက်သေးတဲ့ ကလေးပေါက်စ အတွေးသက်သက်ပဲ ဖြစ်နေတာကိုတွေ့နေရတယ်။ ဒီတော့ မင်းတို့ကိုလဲ ဘာမှ အပြစ်မပြောလိုပါဘူး။ မကြာသေမီက စာတစ်အုပ်ကို ဖတ်လိုက်ရပါတယ်။ ဒါထက် ပြောလိုက်ရဦးမယ်။ ဟွန်ဒါမော်တော်ကား၊ ဟွန်ဒါဆိုင်ကယ်၊ ဆူပါကတ်ဆိုင်ကယ် ဆိုတာတွေကို သိကြမှာပေါ့”
“သိပါတယ်” ၊ “သိပါတယ်”
“အေး-အဲဒါတွေကို တီထွင်လပ်ောဆင်ခဲ့တဲ့သူက ဂျပန်လူမျိုး ဟွန်ဒါဆိုးအိချိရော တဲ့။ အခုတော့ဖြင့် ကွယ်လွန်သွားတာ ဆယ်နှစ်လောက်ရှိသွားပါပြီ။ သူ့ဘ၀ဇာတ်ကြောင်း ကြိုးပမ်းခဲ့ရပုံတွေ၊ အရေးမလှဖြစ်ခဲ့ရတာတွေ၊ အောင်မြင်မှုရခဲ့တာတွေကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် ရေးခဲ့တယ်။ တခြားလုပ်ဖေါ်ကိုင်ဖက်တွေကလဲ ဖြည့်စွက်ရေးသားတယ်။ အဲဒီ ဒီစာအုပ်ကို နန်းမြကေခိုင် ဆိုတဲ့ မြန်မာမကလေးတစ်ယောက်က ဂျပန်ဘာသာကနေပြီး မြန်မာလို ပြန်ဆိုခဲ့ပါတယ်။ နန်းမြကေခိုင်ရဲ့ဖခင်က ဂျပန်ပြည်မှာပဲ ဧည့်ပါမောက္ခအဖြစ် အမှုထမ်းရလေတော့ ဒီကလေးမကလဲ ဂျပန်ပြည်မှာပဲ ပညာသင်ခဲ့ရတာပေါ့လေ။ ဒီတော့ကာ ဂျပန်ဘာသာစကား၊ ဂျပန်ယဉ်ကျေးမှု လူနေမှုတွေကို ဂျပန်မလေးတစ်ယောက်လို ကျွမ်းဝင်ရင်းနှီးနေတော့တာပေါ့။ ဒါကြောင့် ဒီလိုစာအုပ်မျိုးကို ပိုင်ပိုင်နိုင်နိုင် မြန်မာပြန်ဆိုနိုင်တာပေါ့။ စာအုပ်နာမည်က အိပ်မက်ခွန်အားဖြင့် ကမ္ဘာကျော်သူ တဲ့”
“ထားလိုက်ပါတော့ကွာ၊ ငါပြောချင်တာက အဲဒီ မစ္စတာဟွန်ဒါရဲ့ စကားတစ်ခွန်းကို မင်းတို့ သိကြစေချင်တာပါ။ သူက ကလေးဘ၀ကတည်းက စက်ပစ္စည်းကို ၀ါသနာပါတယ်။ စွဲစွဲမက်မက် ၀ါသနာကြီးတယ်။ စက်ပစ္စည်းတွေကို ကိုယ်တိုင်လုပ်ချင်တယ်။ ကောင်းသည်ထက် ကောင်းအောင်၊ မြန်သည်ထက် မြန်အောင် ထုတ်လုပ်ချင်တယ်။ အဲဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှ အင်ဂျင်အတွက် ပစ္စတန်ကွင်း(Piston ring)ကို ထုတ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ အရည်အသွေး မမီဘူး။ နောက်ဆုံးမှာတော့ သူဟာ သတ္တုဗေဒပညာအခြေံမရှိလို့ မအောင်မြင်တာပဲ ဆိုတာကို သိလာရတယ်။
ဒီတော့မှ ဟာမာမတ်ဆု စက်မှုသိပ္ပံသင်တန်းကျောင်း ကိုသွားတယ်။ ကျောင်းအုပ်ကြီးဆီမှာ အပြင်ကျောင်းသားအဖြစ် တက်ခွင်ပေးဖို့ ခွင့်တောင်းတယ်။ ဒါနဲ့ပဲ တက်ခွင်ရတယ်ဆိုကြပါစို့ကွယ်။ သူ့တီထွင်မှု အလုပ်ရုံဟာလဲ တစ်ဖက်ဆိုတော့ ရသမျှ အချိန်ကလေးမှာ လုပြေးပြီး ကျောင်းတက်ရတာပေါ့။ တစ်ခြားကျောင်းသားတွေကတော့ ဆရာပြောသမျှကို လိုက်ပြီး မှတ်စုရေးကြ မှတ်ကြပေါ့။ သူကတော့ သူ့ပစ္စတန်ကွင်းအတွက်ကိုသာ အာရုံစွဲနေတာမို့ လိုအပ်သမျှကို ခေါင်းထဲမှာ စွဲနေအောင် စိတ်နဲ့မှတ်တာပေါ့လေ။ မှတ်စုတွေဘာတွေ လိုက်မရေးတော့ဘူး။”
“အဲ-စာမေးပွဲတွေ စစ်နေပြီဆိုရင် သူက မဖြေတော့ဘူး။ ကျောင်းအားရက်လို့ သဘောထားပြီး၊ သူ့အလုပ်ခွင်မှာပဲ ပြန်လုပ်နေတော့တာပဲ။ နောက်တော့ သူ့ကို ကျောင်းထုတ်ပစ်ပါလေရော။ ဒါနဲ့ သူ့ကိုဘာပြုလို့ ကျောင်းထုတ်တာလဲလို့ ကျောင်းအုပ်ကြီးကို သွားမေးတာပေါ့။ စာမေးပွဲမဖြေတာ၊ ကျောင်းမမှန်တာကြောင့် လို့ပြောတာပေါ့။ ဒါနဲ့ သူက ကျောင်းထုတ်ချင်လဲ ထုတ်ပါ။ ဒါပေမဲ့ လက်ချာကိုတော့ဖြင့် နားထောင်ခွင့်ပြုပါဆိုပြီး ဆက်တက်၊ ဆက်နားထောင်ပြန်တာပဲ။ ဒီမှာပဲ ဆရာကြီးက မင်းက စာမေးပွဲလဲ မဖြေဘူး။ ဒါကြောင့် မင်းကို အောင်လက်မှတ်တော့ မပေးနိုင်ဘူး လို့ ပြောပါလေရော။ အဲ-ငါပြောချင်တဲ့အချက်က အခုမှ ရောက်လာတော့တာ။ (ဟွန်ဒါစံ) မစ္စတာဟွန်ဒါက ဘာပြန်ပြောတယ် မှတ်သလဲ။
” အောင်လက်မှတ် မပေးချင်လဲနေပေါ့။ ခင်ဗျာ့အောင်လက်မှတ်ကြီးက ဘာသုံးလို့ ဖြစ်တာမှတ်လို့။ ရုပ်ရှင်လက်မှတ်ကမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ရုပ်ရှင်ကြည့်လို့ရတယ်” လို့ပြောပစ်ခဲ့တာ။ ကျောင်းအုပ်ကြီးလဲ ဒေါကန်ပြီး ကျန်ရစ်ခဲ့တာပေါ့လေ။”
“ငါပြောချင်တာက ပညာတတ်ချင်တာလား။ စာမေးပွဲအောင်လက်မှတ်ကို လိုချင်တာလား။ မစ္စတာဟွန်ဒါကတော့ ပြတ်သားတယ်။ ရှင်းတယ်။ ပညာသင်တာ ပညာတတ်ချင်လို့။ စာမေးပွဲတွေ အောင်လက်မှတ်တွေကို ထည့်ကို မတွက်တော့ဘူး။”
“သို့သော်လည်း မင်းတို့နဲ့ ဟွန်ဒါစံ မတူတဲ့အချက်တွေကို ငါ သတိရပါတယ်။ သူက သူ့လုပ်ငန်းအတွက် လေ့လာတာ။ မင်းတို့မှာကတော့ မိဘဆရာသမားများက ပြဋ္ဌာန်းထားတဲ့စာတွေကို လေ့လာနေကြရတာ။ စာမေးပွဲအောင်ဖို့ကလဲ လိုသေးတယ် မဟုတ်လား။ စာမေးပွဲ ကျခဲ့ရင် ကိုယ့်အိမ်မှာတောင် ထမင်းစားရတာ မ၀ံ့မရဲဖြစ်နေတော့မှာပေါ့။ ဒီတော့ စာမေးပွဲအောင်ဖို့ကိုလဲ ကြိုးစားကြရမှာပဲ။ ဒါပေမဲ့ တစ်ဘက်က ကြည့်လိုက်ရင်လဲ ပညာကိုလဲ တတ်အောင်ကြိုးစားကြရမှာပဲ။”
“စောစောက ဘာဖြစ်လို့ ပညာသင်ကြသလဲ လို့ ငါမေးခဲ့တော့ ပညာတတ်ချင်လို့ပါ လို့ မင်းတို့ဖြေခဲ့ကြတယ်။ အခုတော့ တကယ်ဟုတ်ရဲ့လား လို့ထပ်မေးရတော့မယ်။ မင်းတို့ အခုဆိုရင် ဆယ်တန်းရောက်လာကြပြီ။ ဆယ်တန်းဆိုလိုက်တော့ ကိုးတန်းအောင်ခဲ့ကြပြီးပြီ။ ကိုးတန်းပြဌာန်းစာတွေကို ကောင်းစွာ နားလည်ခဲ့ကြပြီးပြီပေါ့။ ကိုးတန်း ပညာကို ကောင်းစွာ တတ်ခဲ့ကြပြီးပြီပေါ့။ အောင်မှတ်ဆိုတာက လေးဆယ်ရာခိုင်နှုန်းပေါ့ကွာ။ တကယ်လို့ အဲဒီကိုးတန်းစာတွေကို ထပ်ပြီး စစ်စစ်ပေါက်ပေါက် စာမေးပွဲထပ်ပြီး စစ်ရင် မင်းတို့ အောင်ပါစေမယ်လို့ တာဝန်ယူနိုင်ပါ့မလား”
ထိုအခါတွင်တော့ တစ်တန်းလုံး ငြိမ်ကျသွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်ကို တွေ့လိုက်ရပါတော့သည်။ တချို့ကလည်း ရယ်ရွှန်းရွှန်းလုပ်ပြီး မရတော့ဘူးထင်တယ် ဟုပြောကြပါသည်။
“ငါပြောချင်တာက မြန်မာစာမှာပါတဲ့ ကဗျာတွေဘာတွေကို အလွတ်ရွတ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ မင်းတို့သင်ခဲ့ရတဲ့ သင်္ချာ၊ ရူပ၊ ဓါတု ဆိုတာမျိုးတွေကို ခြေခြေမြစ်မြစ် ပြန်ပြောနိုင်ပါရဲ့လားဆိုတာကို မေးနေတာပါ။ အဲဒီပြဋ္ဌာန်းစာအုပ်ထဲက ပုစ္ဆာတွေကို ပြန်ပြီးတွက်ခိုင်းရင် တွက်နိုင်ကြပါ့မလား။ တခြားလူတယောက်ကို ပြန်သင်ပေးစမ်းပါဆိုရင် သင်ပေးနိုင်မလား ဆိုတာကို မေးနေတာပါ” သူတို့အားလုံး ငိုင်သွားကြသည်။
“ကဲ-ထားလိုက်ကြပါတော့ကွာ။ ပညာ ဘာကြောင့် သင်သလဲဆိုတော့ ပညာတတ်ချင်လို့ပါလို့ မင်းတို့ဖြေခဲ့ကြတယ်နော်။ အဲဒါကို သေသေချာချာ စဉ်းစားပြီး မင်းတို့ကိုယ်မင်းတို့ ပြန်စစ်ဆေးနိုင်အောင်လို့ ငါက ဒီမေးခွန်းတွေကို မေးလိုက်ရတာပါ။ ငါကိုယ်တိုင်ကလဲ သေချာစဉ်းစားခဲ့ဖူးတာ မဟုတ်ပါဘူး။ အခုကျတော့မှ စဉ်းစားမိလာတာတွေပါ။ ငါကိုယ်တိုင် ငယ်ငယ်က မစဉ်းစားမိခဲ့ဖူးသော်လဲ မင်းတို့ကိုတော့ဖြင့် ဒီအရွယ်ကတည်းက စဉ်းစားမိစေချင်တာကြောင့် ဒါတွေကို မေးဖြေဆွေးနွေး လုပ်နေရတာပါ။ နောက်တစ်ပတ် ဆက်ချင်သေးတယ်ကွာ”
(အောင်သင်း)
#သုတဇုန်
Credit:thutazone
www.thutazone.com