Windows Hardware Engineering
Microsoft ၏ Windows Hardware Engineering Community အခမ်းအနားတွင် လာမည့်နှစ်၌ ထိပ်တန်းဖုန်း အများအပြားတွင် တွေ့မြင်ရမည့် Snapdragon 835 processor ကို Windows 10 ထုတ်ကုန်များတွင် ထောက်ပံ့ပေးသွားမည်ဟု Qualcomm က ကြေညာခဲ့သည်။ အဆိုပါချစ်ပ်သည် ဘက်ထရီသက်တမ်း နှစ်ဆနီးပါးပိုမိုစေပြီး အရွယ်သေးငယ်သောထုတ်ကုန်များတွင် ထည့်သွင်းနိုင်မည့် Gigabit LTE ချိတ်ဆက်မှုကို ထောက်ပံ့ပေးနိုင်သည်။

Microsoft ၏ အပြောင်းအလဲသည် ဖုန်းများ၊ tablet များနှင့် ကွန်ပျူတာများအကြားရှိ ကွာဟမှုကို ကျဉ်းမြောင်းရန် ကြိုးပမ်းခြင်းဖြစ်သည်။ Qualcomm ၏ စွမ်းအင်သုံးစွဲမှု သက်သာသော ချစ်ပ်များကို ထောက်ပံ့ခြင်းဖြင့် အနာဂတ် လက်တော့ပ်များကို ဖုန်းကဲ့သို့ အမြဲဖွင့်ထားကာ အင်တာနက်ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အပြင် ပန်ကာမလိုသည့် အရွယ်သေးငယ်သော ဒီဇိုင်းများနှင့် touchscreen လက်တော့ပ်များကိုလည်း တွေ့မြင်ရဖွယ်ရှိသည်။

“Qualcomm Technologies နဲ့အတူ Windows 10 ကို ARM ဂေဟစနစ်ထံ သယ်ဆောင်နိုင်ဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်” ဟု Microsoft ၏ Windows and Devices အဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ တယ်ရီမိုင်ယာဆန်က ပြောကြားခဲ့သည်။

Qualcomm ၏ processor ကို ၂၀၁၇ ခုနှစ်တွင် လက်တော့ပ်ထုတ်လုပ်သူများက အသုံးပြုနိုင်မည်ဖြစ်သော်လည်း Microsoft အနေဖြင့် Intel သို့မဟုတ် AMD ချစ်ပ်များကို ကျော်လွန်ပြီး ရွေးချယ်ခြင်း ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

သို့သော်လည်း Qualcomm ၏ မျိုးဆက်သစ်ချစ်ပ်များ အသုံးပြုထားသည့် Windows 10 ကွန်ပျူတာများကို ၂၀၁၇ ဒုတိယနှစ်ဝက်မှစတင်ကာ တွေ့မြင်ရဖွယ်ရှိကြောင်း ကုမ္ပဏီများက ပြောကြားခဲ့သည်။

Ref: CNET
Credit:Internet journal