good husband
“ညည်း အဖေမေးတာကို မဖြေဘူးလား ၊ ဘာကြောင့် တကောက်ကောက် လိုက်နေရတာလဲ ”
အထက်ပါ စကားသံသည် လမ်းမတန်းဘေးတွင်ရှိသော တိုက်ခန်း၏ဧည့်ခန်းထဲမှ ခပ်အုပ်အုပ်လေး ထွက်ပေါ်လာသည်။ အသံရှင်ကား ဦးမြသော် ။ ကျောင်းဆရာ ပင်စင်စား ။ ရွာမှာ အခြေချပေမယ့် ခုတော့ အကြောင်းကိစ္စတစ်ခုကြောင့် မြို့ပေါ်မှ သမီးလုပ်သူ၏အိမ်တွင် ရောက်နေသည်။ အတန်ကြာ ငြိမ်သက်သွားပြန်သည်။ ကားတွေက ဖြတ်ဖြတ်မောင်းသွားကြသဖြင့် အသံတွေက တစ်ချက်တစ်ချက် ဆူညံလိုက် ငြိမ်သက်သွားလိုက်နှင့် ။ သမီးဖြစ်သူက မီးပူထိုးနေသည်။ မျက်နှာကတော့ မှုန်ကုပ်ကုပ် ။ လုပ်ချင်ရာကိုသာ လုပ်မည့်အသွင် ။ ခလေးသုံးယောက်ပင် ရှိနေပြီး ။ အကြီးဆုံးက ခုနှစ်တန်း ။ အလတ်မက ငါးတန်း ။ အငယ်ဆုံးကောင်လေးက တစ်တန်း ။ ကျောင်းဖွင့်ချိန်ဆိုတော့ အိမ်မှာ မရှိကြ။

“ဟဲ့ ခင်စန်း ငါမေးတာကို ဖြေဦး ၊ အဖေ ဘာကြောင့် ဒီကိုလာတယ်ဆိုတာ နင်သိတယ်နော်”
သမီးဖြစ်သူ ခင်စန်းလည်း မီးပူတိုက်တာကို လက်စသတ်လိုက်သည်။ ပြီးနောက် ဖခင်ဘက်သို့ လှည့်ကာ

“သမီးက ကိုယ့်ယောက်ျားနောက်ကို မလိုက်ရတော့ဘူးလား ၊ သမီးလည်း ကိုယ့်အခက်ခဲနဲ့ကိုယ်ဘဲ ၊ နေရာတကာ အဖေတို့ကို လိုက်မရှင်းပြနိုင်ဘူး ”

ပြောရင်းနှင့်ပင် မီးပူတိုက်ပြီးသား အ၀တ်တွေကို စုပြီးထပ်ကာ ခြင်းထဲသို့ ထည့်နေသည်။

“အေ ညည်း မရှင်းပြပေမယ့် ညည်းအိမ်မှာနေတဲ့ နှစ်ရက်အတွင်းမှာ ငါ သိတန်သလောက် သိနေပြီး”
“သိနေရင် အဖေက ဘာလို့ မေးနေသေးလဲ”
ခင်စန်းကလည်း တစ်ခွန်းမကျန် ပြန်ပြောသည်။ ခလေးသုံးယောက် ရနေတာတောင် ငယ်စဉ်ကလို ကတ်ကတ်လန် ပြန်ပြောတတ်တဲ့ အကျင့်ကို မဖျောက် ။ သားသမီးသုံးယောက်ထဲမှာ ခင်စန်းက အငယ်ဆုံး။ သူ့အမေရဲ့ အလိုလိုက်ခြင်းကို အခံရဆုံး။ ဖအေ ဆုံးမတိုင်း အမေလုပ်သူကြောင့် စကားတွေ အရာမရောက်ခဲ့။ ဒီလိုနှင့် ဆယ်တန်းနှစ်မှာပင် ကျောင်းကို ဆုံးအောင် မတတ်ဘဲ မြို့ပေါ်က အရပ်သားတစ်ဦးနှင့် လိုက်ပြေးသည်။ မိဘတွေက မြို့ပေါ်က ဆွေမျိုးတွေမှာထားပြီး စရိတ်စကတွေ အများကြီး အကုန်ခံထားတာကိုလည်း ဂရုမစိုက်တော့။ ဘယ်လိုဘဲနားချချ မရတော့သဖြင့် မိဘတွေကပင် မင်္ဂလာပွဲလေးကို အထိုက်အလျောက်နှင့် ပြုလုပ်ပေးလိုက်ရတော့သည်။ ကောင်းလေးက ပညာတတ်လည်း မဟုတ် ။ တောင်ပေါ်ကားတွေ မောင်းသည်။ လည်လည်ဝယ်ဝယ်တော့ ရှိသည်။ ငွေရှာလည်းကောင်းသဖြင့် သုံးလေးနှစ်အတွင်းမှာပင် ဆွေမျိုးတွေနားမှာ ကိုယ်ပိုင်အိမ်နှင့် နေနိုင်လာသည်။ ငွေကြေးလည်း အထိုက်အလျောက် အဆင်ပြေလာသည်။ မိဘတွေလည်း မဆိုးဘူးဟုဆိုကာ ဖြေသိမ့်လိုက်ရသည်။
ခုတော့ သားသမီးတွေပင် အထိုက်အလျောက် အရွယ်ရောက်နေကြပြီး။ ခင်စန်းအမေကတော့ မနှစ်ကပင် ဆုံးသွားသည်။ သားအချစ် မြေးအနှစ်ဆိုသလို ခုက မြေးတွေရဲ့ အနာဂတ်နှင့်ဆိုင်သဖြင့် ဦးမြသော် ရောက်လာခြင်း ဖြစ်သည်။ ရွာဆိုပေမယ့် မြို့နှင့်က အဆက်အသွယ်မပြတ် ။မြို့ပေါ်တွင်လည်း ဦးမြသော်ဆွေမျိုးတွေ ရှိသည်။ ဘာဖြစ်ဖြစ် သတင်းကတော့ ရောက်သည်။
“သိတာကတခြား မေးတာကတခြားဘဲ သမီး ။ခုလို သမီးယောက်ျား ကားမောင်းတဲ့နောက်ကို အမြဲလိုက်နေရင် ခလေးတွေကို ဘယ်သူထိန်းမလဲ ”

“အနားမှာ ဆွေမျိုးတွေ ရှိတာဘဲ ၊ ဈေးဖိုးနဲ့ မုန့်ဖိုးလည်း ပေးပြီးသား ။ဂရုစိုက်ပေးဖို့လည်း ပြောထားတာဘဲ။သမီးလည်း ကိုယ့်ခလေးတွေကို ပစ်စလတ်ခတ် မထားပါဘူး။နောက်ပြီး အ၀တ်အစားတွေဆိုလည်း မီးပူတိုက်ထားပြီးသား ၊ဖိုးသားလည်း ရှိနေတာဘဲ”

ဖိုးသားဆိုသည်မှာ ခင်စန်းယောက်ျား၏ ဆွေမျိုးနီးစပ် ။အရင်းကြီးတော့မဟုတ် ၊နယ်မှ အလုပ်လာလုပ်နေသူ။

“သမီးက အဲလိုစီမံပေးတာနဲ့ဘဲ အဆင်ပြေမယ်လို့ ထင်နေလား”
ခင်စန်းလည်း အ၀တ်ခြင်းကိုမကာ ဗီရိုထဲသို့ထည့်ပြီး ဦးမြသော်နားတွင် ပြန်လာထိုင်သည်။
“အတတ်နိုင်ဆုံးတော့ ပြေလည်အောင် လုပ်နေတာဘဲအဖေ ။ တစ်ဖက်ကလည်း သမီးမလိုက်လို့ မဖြစ်ဘူး ၊အဖေ့သမက်က မယားငယ်တွေဘာတွေ ထားနေတာ ။ပိုက်ဆံတွေလည်း သူသုံးချင်သလို သုံးနေတာ ။သမီးလည်း ကိုယ့်အခက်ခဲနဲ့ကိုယ်ဘဲ။ခလေးတွေကို ဒီလိုဘယ်ထားချင်ပါ့မလဲ ။အဲလိုမှ မလိုက်ရင်”

ပြောရင်း အသံတွေ တိုးသွားသည်။ နောက် ရှိုက်သံတစ်ချို့ပေါ်လာသည်။ ခင်စန်းကာ ပါးစပ်ကို လက်ဝါးနှင့်အုပ်ကာ ငိုလေပြီး ။ဦးမြသော်လည်း သက်ပြင်းကို အထပ်ထပ်ချသည်။
“အဲလို လိုက်နေလို့ကော သမီးယောက်ျားက ပြင်သလား။ နောက်ပြိး ကိစ္စတစ်ခုခုကို အကြောင်းပြပြီး ထွက်ရင်ကော”

ခင်စန်းယောက်က်ျားက တောင်ပေါ်ကား မောင်းသည်။ သွားရတဲ့ခရီးက နယ်မြို့။ ဟိုမှာ ညအိပ်ပြီးမှ မနက်ပိုင်း ခရီးသည်တင်ကာ ပြန်ဆင်းလာရသည်။ ညအိပ်ချိန်ကတော့ မယားငယ်အိမ် ။ ဒါကို ခင်စန်းသိနေတာ လအတော်ကြာပြီး။ သတင်းပေးသူတွေကလည်း လိပ်စာအတိအကျ ပေးထားသည်။ အရင်တုန်းကတော့ ကားသမားတွေစုကာ ကားဝင်းထဲ အိပ်ကြသည်။ ခင်စန်းလည်း မိန်းမသားဆိုတော့ ကိုယ့်ယောက်ျား သူများနောက်ပါသွားမှာ ကြောက်သည်။ ခလေးသုံးယောက်ရဲ့ အနာဂတ်ကလည်း ရှိသေးသည်။ ခုလို အတူတူ လိုက်သွားလျှင် သူ့ယောက်ျား သွားတော့မည်မဟုတ် ။ ကြာလျှင် အဆက်ပြတ်သွားမည်ဟု ယူဆသဖြင့် လိုက်နေခြင်းဖြစ်သည်။
“အလုပ်ကိစ္စ အကြောင်းပြပြီး ခဏတဖြုတ် သွားတွေ့ရင်လည်း ဘယ်တတ်နိုင်မလဲအဖေ ၊ သမီးပါတော့ အရင်လို ဘယ်လွယ်တော့မလဲ”
“အခုခေတ်က တစ်ကယ်ဖောက်ပြန်ရင် ထိန်းရခက်တယ် သမီး ။ဖုန်းတွေဘာတွေနဲ့ ဆက်လို့ပြောလို့ရတယ်။အလုပ်ကိစ္စ အကြောင်းပြပြီး ထွက်လို့ရတယ်။ အဖေကတော့ သမီးခုလို လိုက်နေတာကို ပြင်စေချင်တယ်”
ခင်စန်းကာ ဘာမှမပြော။
“နောက်ပြီး သမီးကလေးတွေကို ဆွေမျိုးတွေနဲ့ ပစ်ထားတာ နှစ်လကျော်နေပြီးသမီး”

“ခလေးတွေက အေးအေးဆေးဆေးပါဘဲ ၊ လပတ်လည်း ပုံမှန်အောင်တယ် ၊ ဆွေမျိုးတွေလည်း တိုင်တာတန်းတာ ဘာမှ မရှိတာဘဲ”

“ဆွေမျိုးဆိုပေမယ့် ကိုယ့်သားသမီးအရင်းတွေလောက် ဘယ်သူဂရုစိုက်နိုင်မလဲ ။ ဈေးဖိုး ပေးထားတော့ ရောပြီး ချက်ထားပေးမယ်၊ အချိန်တန်ရင် လားစား။အချိန်တန်ရင် မုန့်ဖိုးပေးလိုက်မယ် ၊ စားချင်တာစား ကျန်းမာရေးနဲ့ သင့်မသင့် မိဘတစ်ယောက်လို ဘယ်သူ သတိထားပေးနိုင်မလဲ ။အဖေက ဆွေမျိုးတွေကို အပြစ်ပြောတာ မဟုတ်ဘူး ၊ သူတို့ ဒါလောက် လုပ်ပေးတာကိုဘဲ ကျေးဇူးတင်သင့်နေပြီး။ ဒါပေမယ့် မိဘတစ်ယောက်နဲ့တော့ ဘယ်တူမလဲသမီး”

ဦးမြသော်လည်း စကားကို ခဏရပ်ကာ သမီးကို ကြည့်သည်။ ပြီးတော့မှ ဆက်ပြောလေသည်။

“တစ်ချို့ကိစ္စတွေက ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး ။နောက်ပြီး ခေတ်ကိုလည်း မျက်ခြေပြတ်လို့ မရဘူး။ခုအကြီးကောင်ကိုဘဲကြည့် အပြင်မှာ ဂိမ်းတွေလိုက်ဆော့မှာစိုးပြီး သမီးက တက်ပလက် ၀ယ်ထားပေးတယ်။ အခု ညဘက်ဆို စာမကျက်ဘူး။ မေးရင် ကျူရှင်မှာ ကျက်ခဲ့ပြီးပြီး ။မနေ့ညက ခြင်ထောင်ထဲထိ ယူဆော့နေတယ် ။ စောစောအိပ်ဖို့ မနည်းကြီး ပြောယူရတယ်။ကျောင်းက ပြန်လာရင်လည်း ဂိမ်းဆိုင်ကို အရင်ဝင်တယ်။သမီးအမျိုးတွေ အဲလောက်ထိ သတိမထားနိုင်ပေမယ့် အဖေကတော့ ကြည့်နေ သတိထားနေလို့သိတယ်။မနေ့က ဖိုးသားကို တက်ပလက်မှာ ဘာတွေပါလဲ ကြည့်ခိုင်းတယ်။အဖေလည်း ကျောင်းသားတွေကို ထိန်းခဲ့ရတော့ သိတယ်။အခု အဲဒီတက်ပလက်ထဲမှာ မဟုတ်တဲ့ ဇတ်လမ်းခွေတွေ ရှိနေတယ် ၊ အဲဒါ သမီးသိလား”

ခင်စန်းလည်း မျက်လုံးပြူးရင်း ခေါင်းခါပြလိုက်သည်။

“အေး နောက်ပြီး ပြောဦးမယ်။ အလတ်မလေးလည်း ငယ်သွားမှာ မဟုတ်ဘူး။ သမီးမိန်းကလေး ။ အနားမှာ ရှိတဲ့သူက ဆွေမျိုးနီးတယ် ဆိုပေမယ့် အရင်းအခြာတွေ မဟုတ်ဘူး ။ ခုတောင် အလှအပတွေ ကြိုက်နေပြီး ။ အဲဒီအတွက်လည်း သမီး ကြိုစဉ်းစားထားဦး ”
ခင်စန်းကာ ခေါင်းကို ငုံ့ထားသည်။ ဘာမှတော့ မပြော။

“အငယ်ကောင်လေးဆိုလည်း ကျန်းမာရေး သိပ်ကောင်းပုံ မရဘူး ။ အားနည်းနေသလိုဘဲ။ ဒီအရွယ်မျိုးဟာ မိဘတွေနားမှာ ယုယုယယ နေချင်ကြတဲ့ အရွယ်တွေ ။ အခုက တစ်ပတ်ကို လေးရက်လောက် ခွဲနေရတာ။ သမီးမရှိတဲ့ အချိန်မှာ သူ့တို့ဘာသူတို့ ဖြစ်သလို နေကြရတာ ။ သူ့အပေါ်က အစ်ကိုနဲ့အစ်မကလည်း သူ့ကို သိပ်ပြီး ဂရုစိုက်ကြတာ မဟုတ်ဘူး ။ သနားဖို့ သိပ်ကောင်းတယ် သမီး ”

မျက်ရည်တွေ ကော်ဇော်ပေါ် တစ်ပေါက်ပေါက်ကျလျှက် ခင်စန်းသည် ဖခင်၏စကားကို နားထောင်နေသည်။ ငိုနေသည် ။ သို့သော် အသံမထွက် ။ ရှိုက်လည်း မရှိုက် ။ ကျောက်ရုပ်လို ငြိမ်သက်နေသည်။ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားသလိုတော့ ရှိလာနေပြီး ။

“အဖေကတော့ ခလေးတွေကို ပိုဂရုစိုက်စေချင်တယ်။ ဒီလိုအရွယ်ကောင်းတွေမှာမှ သမီး မကြီးကြပ်နိုင်ရင် နောက်ဆို ထိန်းဖို့ မလွယ်တော့ဘူး ။ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်လိမ့်မယ်။ ငွေကို အတတ်နိုင်ဆုံးစု ။ သားသမီးတွေကို ဂရုစိုက်ပြီး ကိုယ့်ရဲ့ မယားတာဝန်ကိုသာ ကျေအောင်ကြိုးစားစေချင်တယ် သမီး။ ကိုယ့်စေတနာ ကိုယ့်ကို အကျိုးပေးပါလိမ့်မယ် သမီးရယ် ”

“အဲဒီ စေတနာတွေက အကျိုးမပေးလာရင် သမီး ဘာဆက်လုပ်ရမလဲ အဖေ”

“တစ်ခါတစ်ခါ လောကကြီးဟာ ကိုယ်ထင်သလို ၊ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူး သမီး ။သမီးယောက်ျားဟာ ဘယ်လိုခြေလှမ်းတွေ ဆက်လှမ်းမလဲ ၊ကောင်းဘဲ ကောင်းလာမလား ၊ ပိုပြီးတော့ဘဲ ဆိုးသွားလေမလားဆိုတာ အဖေလည်း မခန့်မှန်းနိုင်ဘူး။ ဒါပေမယ့် ခလေးတွေကတော့ သမီးရဲ့လက်ထဲမှာ ။သမီးပျိုးထောင်ချင်သလို ပျိုးထောင်လို့ရတယ်။ ခလေးတွေရဲ့ အနာဂတ်ကို ကောင်းအောင် လုပ်ပေးလိုက်တာဟာ သမီးအတွက် မိဘတစ်ယောက်ရဲ့ မေတ္တာကို ပိုပြီး ထုတ်ပြရာ ရောက်ပါတယ်။ တစ်ခုခုကို အကျိုးရှိအောင် လုပ်မယ်ဆို ခလေးတွေရဲ့ အနာဂတ်ကို ပိုပြီး ဦးစားပေးစေချင်တယ် သမီး”

ခင်စန်းကတော့ ဘာမှ ဆက်မပြော ။သို့သော် တစ်ခုခုတော့ စဉ်းစားနေလိမ့်မည်။ ဆုံးဖြတ်မှုတွေ လုပ်နေလိမ့်မည်။ သက်ပြင်းတွေ အကြိမ်ကြိမ်ချနေလိမ့်မည်။ သို့သော် ဘာတွေဆိုတာကတော့ သူမသာလျှင် သိပေလိမ့်မည်။
ငြိမ်းသွင်စိုး
From Inspire Myanmar

www.myanmarlatestnews.com