‘Queen of Sextortion’ လို့ လူသိများတဲ့ ဖိလစ်ပိုင်အမျိုးသမီး Maria Cecilia Caparas-Regalachuelo ကို ရဲတပ်ဖွဲ့က လူငယ်တစ်ယောက် သေကြောင်းကြံစည်မှုနဲ့အတူ၊ အင်တာနက်ဥပဒေချိုးဖောက်မှု၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ၎င်းရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်နေကြသူတွေကိုပါ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Maria ဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ဆင်းရဲတဲ့ကျေးရွာလေးတစ်ရွာဖြစ်တဲ့ North Hills မှာ နေထိုင်သူဖြစ်ပြီး ကလေး မိခင်ဖြစ်ပါတယ်၊ Maria တို့ ဂိုဏ်းဟာ ဥရောပတိုက်သားများကို အဓိကပစ်မှတ်ထားကာ Sex Chat မှတစ်ဆင့် ဗွီဒီယိုမှတ်တမ်းယူပြီး ခြိမ်းခြောက်ငွေညှစ်မှု၊ အကြပ်ကိုင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၎င်းဆိုက်ဘာဂိုဏ်းဟာ ကြိုတင်စုဆောင်းထားတဲ့ အာရှဖွားအမျိုးသမီးများရဲ့ Sex Web Cam ဗွီဒီယိုများနဲ့၊ ၎င်းတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ Sex Web Cam ဗွီဒီယိုဖိုင်များကို အသုံးချပြီး၊ သားကောင်တွေ အ၀တ်အစားချွတ်ပြီး၊ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေပြုလုပ်အောင် ထောင်ချောင်ဆင်ခဲ့ကြပါတယ်။ ၎င်းနောက် မှတ်တမ်းယူထားတဲ့ ဗွီဒီယိုနဲ့ပင် သားကောင်ဖြစ်သူကို ငွေပေးဖို့ အကြပ်ကိုင်ခြိမ်းခြောက်တဲ့ နည်းကို သုံးခဲ့ပါတယ်။

Maria တို့ ဆိုက်ဘာဂိုဏ်းရဲ့ ဖိအားကြောင့် ဗြိတိတ်ဆယ်ကျော်သက် တစ်ယောက်ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပြီး အသက် 13 နှစ်အရွယ်မှစပြီး အရွယ်ရောက်ပြီး အမျိုးသမီးအချို့လည်း ၎င်းဂိုဏ်းရဲ့ သားကောင်ဖြစ်ခဲ့ကြဖူးတယ်လို့ ဖိလစ်ပိုင်ရဲက ဆိုပါတယ်။ Maria ဟာ ဒီမသမာတဲ့နည်းနဲ့ ငွေအမြောက်အများ ရရှိခဲ့ပြီး လူချမ်းသာစာရင်း ၀င်လာခဲ့ပါတယ်။

Maria တို့ အလုပ်ခွင်ကို ၀င်ရောက်စစ်ဆေးတဲ့အခါမှာ လုပ်ငန်းသုံး နည်းပညာပစ္စည်း 106 မျိုးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ၎င်းပစ္စည်းတွေထဲမှာ ကွန်ပျူတာ၊ လက်ပ်တော့နဲ့၊ သိုလှောင်ကိရိယာတွေ ပါဝင်ပါတယ်။ ဗြိတိန်ဆယ်ကျော်သက် Daniel Parry ဟာ သူတို့ ဆိုက်ဘာရာဇ၀တ်ဂိုဏ်းရဲ့ သားကောင်ဖြစ်ခဲ့ပြီး၊ ငွေတောင်းခံခြင်းကို မပေးနိုင်လို့ “သေတာပဲ ကောင်းတယ်”လို့ သေကြောင်းကြံစည်ဖို့ ဖိအားပေးခဲ့ပါတယ်။

Maria နဲ့အတူ အမျိုးသမီးငယ် ခြောက်ယောက်ထက် မနည်း၊ အဖမ်းခံခဲ့ရပြီး၊ အားလုံး 12 ယောက်ထက် မနည်း အဖမ်းခံခဲ့ရပါတယ်။ 2015 ခုနှစ်တစ်ခုတည်းမှာပင် ငွေညှစ်ခံရသူ 365 ယောက်ရှိခဲ့ပြီး 2016 ခုနှစ် ၎င်းတို့ အဖမ်းဆီးမခံရသေးတဲ့ စက်တင်ဘာလ မတိုင်ခင်အထိ 864 ယောက်ရှိခဲ့ပါတယ်။ ယခုအကြိမ်နဲ့ဆိုရင် Maria ဟာ ဒုတိယအကြိမ်မြောက် အဖမ်းခံရတာ ဖြစ်ပြီး၊ ပထမအကြိမ်တုန်းက (လာဘ်ထိုးခဲ့သည်ဟု ယူဆရ) အပြစ်မရှိဘူးဆိုပြီး လွှတ်ပေးခြင်းခံခဲ့ရပါတယ်။ ယခုအခါမှာတော့ Maria ဟာ ထောင်ဒဏ် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

Credit: ညီလင်းထက် (Shwemom) 

source : dailymail.co.uk