ဖုန်းမှတ်ပုံတင်ရတယ်ဆိုတာဟာလဲ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ ဇန်နဝါရီ ၈ – မိုဘိုင်းလ်ဖုန်းအသုံးပြုသူတွေဟာမိမိကိုင်ဆောင်တဲ့ဆင်းမ်ကတ်ကိုလုံခြုံမှုအပြည့်နဲ့ အသုံးပြုချင်ရင်မဖြစ်မနေမှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ကျပ် ၁၅၀ဝတန်ဆင်းမ်ကတ်တွေပေါ်လာပြီး နောက်ပိုင်းမှာ ဖုန်းအသုံးပြုသူ အများစုဟာ  အဲသည်ဆင်းမ်ကတ်နံပါတ် နဲ့ ဖေ့စ်ဘုတ်ခ်အကောင့်တွေဖွင့်ပြီး အင်တာနက်ကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။ တစ်ဖက်အပေါ် ကောက်ကျစ်ချင် တဲ့သူတွေဟာ အဲသည် အကောင့်ကနေ ရက်စက်ကြမ်းကြုတ်တဲ့ စကားမျိုးတွေ၊ ညစ်ညမ်းဗီဒီယိုဖိုင်တွေနဲ့ ခြိမ်းခြောက် တဲ့စကားလုံးတွေအသုံးပြုပြီး ပုံစံမျိုးစုံနဲ့ ချဉ်းကပ်ကြတာကိုလည်း တွေ့ရပါတယ်။

အဲသည်ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ထားခြင်းအားဖြင့် သည်အကောင့်ဟာဘယ်ဖုန်းနံပါတ်နဲ့ဖွင့်ထားလဲ၊ဘယ်သူသုံးနေတာလဲဆိုတာကိုအလွယ်တကူ သိရှိနိုင်မှာ ဖြစ်တာကြောင့် ကိုယ်အသုံးပြုတဲ့ ဖုန်းနံပါတ်တိုင်းကို မဖြစ်မနေ Register လုပ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တွင်းက ကျပ် ၁၅၀ဝ တန် ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့စဉ်က ဆင်းမ် ကတ်ကိုင်ဆောင်သူအများစုဟာ ဘာလို့ တင်ရမှာလဲ၊ တစ်ကတ်ပြီးတစ်ကတ်ဝယ်သုံးလို့လည်း ရနေတာပဲဆိုတဲ့ အသံတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်မယ်ဆိုရင် သက်ဆိုင်ရာ အော်ပရေတာတွေက သတ်မှတ်ပေးထားတဲ့ ဆိုင်တွေမှာ သွားရောက်ပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ရာမှာ မှတ်ပုံတင်မယ့်ဆင်းမ်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ယာဉ်မောင်း (သို့မဟုတ်) ကျောင်းသားကတ် တစ်ခုခု ပါရှိရမှာဖြစ်ပြီး  အခမဲ့ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတချို့မှာ ဆင်းမ်ကတ် အသုံးပြုသူတွေဟာဖုန်းနံပါတ်တစ်ခုတည်းကိုပဲ ကိုင်ဆောင်တာ ဖြစ်တာကြောင့် ကိုင်ဆောင်သူတွေဟာ  မဖြစ်မနေမှတ်ပုံတင်ထားပြီးသူတို့ရဲ့ဖုန်းကိုလုံခြုံ စိတ်ချစွာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

စိတ်ချနိုင်

အခုနောက်ပိုင်းမှာ Mobile money တွေ  ခေတ်စားလာပြီး လုပ်ငန်းရှင်အများစု ဟာ သူတို့ရဲ့ဖုန်းနဲ့ Mobile money နဲ့ ငွေပေးချေတဲ့လုပ်ငန်းတွေ လုပ်ဆောင် လာတာကြောင့် ကိုယ့်ဖုန်းထဲက အချက် အလက်တွေကို ဆင်းမ်ကတ်မှတ်ပုံတင် ထားခြင်းဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

READ  လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးတော့မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြော ရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း’ကိုယ်သုံး တဲ့ ဖုန်းမှတ်ပုံတင်ရတယ်ဆိုတာဟာလဲ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေရဲ့ လုံခြုံရေးကို ပိုစိတ်ချရတာပေါ့၊ ဆင်းမ်ကတ်ကိုင် ဆောင်တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို မဖြစ်မနေ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်တာကို ပြုလုပ်နိုင်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမဲ့ လည်း အင်တာ နက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသူတွေ အွန်လိုင်းကနေပြီးတော့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပေမဲ့လည်း အဆင်မပြေမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

‘နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေရှိနေတာကြောင့် နောက်ပိုင်းမှာတော့ system တွေကို update လုပ်ပြီးတဲ့ နောက်ပိုင်းမှာ အွန်လိုင်းကနေ register လုပ်လာတဲ့ သူတွေလဲရှိပါတယ်”လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ပေးနေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းတစ် ဦးကလည်း“ကတ်တွေကို မှတ်ပုံတင်တဲ့ သူတွေလာတာများပါတယ်၊ အင်တာနက်သုံးတဲ့သူတွေ မဟုတ်လဲ ဖိုးဂျီစနစ်ပြောင်း ပေးလိုက်တယ်၊ ဘာလို့လဲဆိုတော့ အမ်ပီတီဆင်းမ်ကတ်တွေက ၁၅ သိန်းတန်ကတည်းက ကိုင်လာကြတာဆိုတော့ ကြေးပြားတွေက ပျက်နေတာများတယ်၊  အဲဒီအတွက် မဖြစ်မနေ ကြေးပြားကို လဲပေးပြီး ဖိုးဂျီစနစ်ပြောင်းပေးလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီကနေ မတ်လအထိ နယ်ဘက်တွေအထိပါ လိုက်လံပြီးအိမ်တိုင်ရာရောက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို လိုက်လံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသိရပါတယ်။

မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်အရေ အတွက်ဟာ ၁၃ သန်းကျော်ရှိပြီး အမ်ပီတီကို သုံးစွဲနေသူဦးရေအရေအတွက်မှာ ၂၂ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။

Author မိုးမိုး
Credit: Kumudra
Link: http://www.kumudranews.com/news/%E1%80%99%E1%80%AD%E1%80%AF%E1%80%98%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B9%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%B9/

LEAVE A REPLY