ယူဂန္ဒာမှာ ဗုဒ္ဓဘာသာကို ပထမဆုံး စထောင်တဲ့ ယူဂန်ဒါဘုန်းဘုန်းကို မှတ်မိမှာပေါ့။ ရဟန်းဘွဲ့နာမည်က ဘန္တေဗုဒ္ဓရက္ခိတ လို့ ခေါ်တွင်ပါတယ်။ သူဟာ အာဖရိကတိုက် တတိုက်လုံးမှာ ဘယ်သူမှ မစဉ်းစားမိတဲ့ အလုပ်ကို စွန့်ဦးတည်ထွင် စလုပ်လိုက်တာဆိုတော့ လူတွေက သူ့ကို တကယ့်…ဟီးရိုး အဖြစ်ကို မြင်ကြပြီး.. ပံ့ပိုးချင်သူတွေလဲ တပုံကြီး..ပေါ်ပေါက်လာခဲ့တယ်။ . သာသနာ့ အာဇာနည်

ဒါပေမဲ့ ၂၂၇သွယ်သော ဝိနည်းတွေနဲ့ အညီ နေပြီး ဘုန်းကြီးကျောင်းကို ကြီးကြပ်ရတာ. သာသနာ ပြုရတာ အလွန်ခက်တယ်ဆိုတာ သိလာပုံပေါ်တယ်။
ဒီလိုနဲ့ ၂နှစ်ခန့်အကြာ နောက်ဆုံး မြန်မာပြည်မှာ ရောက်လာပြီး အကူအညီတောင်းရတယ်။ လိုက်ပြီး ကူကြပါ.. ကျောင်းဆောက်ထားတယ်.. လေယဉ်စားရိတ်နဲ့ ကျန်တာကတော့.. ကိုယ့်ဘာသာကိုယ် ကြိုးစားရမယ်.လို့ ပြောပါတယ်။.ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စွန့်စားပြီး လိုက်မည့်သူ မရှိပါဘူး။
အဲဒီအချိန်မှာ မုံရွာအနီး အလောင်းတော် ကသပ သွားတဲ့ လမ်းနဲ့ မနီးမဝေး ရွာတရွာကနေ ဗုဒ္ဓတက္ကသိုလ် လာတက်နေတဲ့ ဘုန်းဘုန်း TheReverend Adicca က ဗုဒ္ဓဘာသာတရားတော်များအား ကျင့်သုံးခွင့် မရကြရှာတဲ့ အာဖရိကန်တွေကို ကျင့်သုံးခွင့်ရအောင် တတ်နိုင်သမျှ မျှဝေပေးရန်နဲ့ ယူဂန်ဒါ ဆရာတော် ဆောင်ရွက်နေတဲ့ သာသနာပြုလုပ်ငန်းတွင် တတ်နိုင်သမျှ ပံပိုးပေးရန်၊ နောက်လူတွေလည်း လမ်းကြောင်းပွင့်လာစေရန် ဖေါက်ထွက်ကြည့်မယ် ဆိုပြီး လိုက်သွားဘို့ …လက်ခံလိုက်ပါတယ်။
ယူဂန္ဒာရောက်တော့ ယူဂန်ဒါဘုန်ုးဘုန်းဆောက်ထားတဲ့ ကျောင်းမှာ ၂ပါး သီတင်းသုံးပြီး သာသနာပြုအလုပ်တွေ အတူလုပ်ကြရမယ် ထင်မှတ်ထားပေမဲ့..တကယ်တမ်းမှာ အာဖရိကန်ဘုန်းဘုန်းဟာ..ကျောင်းကို လုံးဝ မကပ်နိုင်သလောက် ခရီးထွက်ပြီး နိုင်ငံပေါင်းစုံမှာ လှည့်သီတင်းသုံးပါသတဲ့။ သာသနာ့ အာဇာနည်
မြန်မာဘုန်းကြီးတပါးအနေနဲ့ ရောက်ခါစမှာ ဖြစ်မှ ဖြစ်ပ့ါမလားလို့ အတော် စိုးရိမ်ခဲ့ပေမဲ့ ထင်ထားတာထက် များစွာ အခြေအနေကောင်းတာကို တွေ့ရပါတယ်။ နံနက်စာကို အာဖရိကန်တွေစားတဲ့ အာတာလွတ်ဥ၊ ပေါရှိုး၊ ပီလောပီနံဥ၊ ငှက်ပျောသီးချက် စတာတွေနဲ့ ဘုန်းပေးရပြီး နေ့လည်စာကိုတော့ ရောက်ကတည်းက ထိုင်းစားသောက်ဆိုင် ပိုင်ရှင်က နေ့စဉ် ကပ်ပါတယ်။ ထူးခြားတာ တခုကတော့ အာဖရိကန်တွေထဲက ဆန်နဲ့ ပဲကို မကြာခဏထောက်ပံ့သူ တဦးတည်းသော ဒကာမဟာ မူစလင်ကျောင်းဆရာမ ဖြစ်တယ်။ ဒီအမျိုးသမီးဟာ ဗုဒ္ဓဘာသာအကြောင်းကို ကျောင်းတည်ထောင်သူ အာဖရိကန်ဘုန်းဘုန်းထံက သင်ယူခဲ့ပြီး မြန်မာဘုန်းဘုန်းရောက်လာတဲ့အခါ စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး ကလေးတွေကို ခေါ်လာပေးတဲ့အထိ ပုံမှန် ကူညီနေသူလည်း ဖြစ်ပါတယ်။ နောက်တယောက်ကတော့ ကားပစ္စည်း အရောင်းအဝယ်လုပ်နေတဲ့ မြန်မာအမျိုးသမီးပါ။ သူတော့ တရားပွဲမှန်သမျှအတွက် တာဝန်ယူပေးထားသူ ဖြစ်တယ်။
ယူဂန္ဒာမှာ ဘာသာတရားပေါင်းစုံ ရှိပြီး စုစည်းတဲ့ လူနေမှုစံနစ် ရှိပေမဲ့ လူတွေဟာ စိတ်ရဲ့ ငြိမ်းချမ်းရာကို အတော် တောင့်တနေတာ တွေ့ရပါတယ်။ ကလေးတွေဟာ မြန်မာဘုန်းဘုန်းသင်ပေးထားတဲ့ သီလ၅ပါးနဲ့ ဂုဏ်တော်တွေကို အလွတ်ရတဲ့အထိ ဖြစ်နေပါပြီ။ ခုဆို ကျောင်းသားအယောက် ၂၀ ကျော်လောက် ပုံမှန် အတန်းတက်နေကြပါပြီ။ ဘုန်းဘုန်းဟာ အင်္ဂလိပ်ဘာသာစကားကို စဉ်းစားပြီး အတော်အသင့် ရေးနိုင်၊ ဖတ်နိုင်ပေမဲ့ ပြောတဲ့အခါမှာတော့ အခက်အခဲ ရှိတဲ့အတွက် တခါတလေလည်း သူ့ကိုယ်သူ အားမလို အားမရ ရှိပါတယ်။ ယူဂန္ဒာဟာ ပထမဦးဆုံး ခြေလှမ်းအစ ဖြစ်နေပေမဲ့ ကွန်ဂို၊ ရဝန်ဒါ၊ ကင်ညာ စတဲ့ နိုင်ငံတွေကလဲ ဗုဒ္ဓဘာသာကို အလွန်ကို စိတ်ပါဝင်စားကြပါတယ်။
အရင်က ကပ္ပိယမရှိတဲ့အတွက် ဝိနည်းစည်းကမ်းတွေအရ ထေရဝါဒ ရဟန်းတစ်ပါးအနေနဲ့ အာဖရိကတိုက်မှာ ရပ်တည်ဖို့ မလွယ်သော်လည်း ယခု အနေအထားတွင် အချို့အာဖရိကနိုင်ငံများမှ ဗုဒ္ဓဘာသာအကြောင်းကို နားလည်လာတဲ့သူတွေ ရှိနေတဲ့အတွက် ကျောင်းချဲ့မယ်ဆိုရင် ချဲ့လို ရတဲ့အနေအထားကို ရောက်နေပါပြီ။
ပတ်ဝန်းကျင်က ဆင်းရဲ့တဲ့ အတွက် ကလေးတွေပညာရေး ထောက်ပံ့ပေးနိုင်ရန် ဘကကျောင်းပညာရေးပုံစံမျိုး တည်ထောင်ပေးချင်နေတာပါ။ ခုအချိန်မှာ ယူဂန်ဒါဆရာတော်အနေနဲ့ ဗုဒ္ဓတက္ကသိုလ်တစ်ခု ဖြစ်ပေါ်လာဖို့ထိ ကြိုးစာနေပါတယ်။ ဒီလိုလုပ်နိုင်ဘို့က သူတို့လူမျိုးထဲက အလားအလာ ရှိသူတွေကို ပျိုးထောင်ပေးပြီး မြန်မာပြည်ကို ပညာသင် လွှတ်ဘို့ စဉ်းစားထားပါတယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်မှာ အခမဲ့ သင်နိုင်ပေမဲ့ လေယဉ်စားရိတ်နဲ့ ဝတ္ထုငွေ၊ အခြားသော အသုံးစားရိတ်များကို ပေးနိုင်ဘို့ ကျွန်တော်လည်း ကမ်းလှမ်းထားပါတယ်။
အထက်အညာဒေသကနေ စွန့်စွန့်စားစား သာသနာအတွက် လုံးပမ်းနေရချိန် ဘုန်းဘုန်းဟာ မြန်မာပြည်က ရွာလေးတရွာမှာ ကျန်ခဲ့တဲ့ တောင်သူ မိဘတွေအတွက်လည်း စိုးရိမ်နေပါတယ်။ အနားမှာ အတူမနေနိုင်လို့ မကျန်းမမာဖြစ်လာမယ်ဆိုရင် မစောင့်ရှောက်နိုင်မှာမို့ စိတ်မကောင်း ဖြစ်ရပါတယ်။ အာဖရိကကို ရောက်နေစဉ်ကာလတစ်လျှောက် တခါပဲ မိဘတွေနဲ့ စကားပြောရပါသေးတယ်လို့ ပြောပါတယ်။
ဒါပေမဲ့လည်း သာသနာပြုရေးက ပိုအရေးကြီးနေတာမို့ တော်တော်နဲ့တော့ ပြည်တော်ပြန်နိုင်ဘို့ မလွယ်သေးပါဘူး။ ပထမဦးဆုံး ခြေတလှမ်းနဲ့ စခဲ့တဲ့ ခရီးဟာ အတော်ကလေးပေါက်နေပြီး ရှေ့ဆက်ခရီးရောက်ဘို့ ကြိုးစားရပါအုံးမယ်။

Credit :မသက်​သက်​ထွန်း