အင်ဒိုနီးရှားမှာ ကလေးလိင်ပညာပေးစာအုပ်ကြောင့် ဒေါသူပုန်ထအင်ဒိုနီးရှားကကလေး စာအုပ် တစ်အုပ်ဟာ မိမိဘာသာ လိင်အာသာ ဖြေဖျောက် ခြင်းအကြောင်း ကလေးတွေကိုသင်ကြားပေးတဲ့အတွက် အငြင်းပွားမှုဖြစ်နေပါတယ်။ ဖီတာချက်ကရာရေးသားတဲ့ ကိုယ့်ကို ကိုယ်ထိန်းချုပ်တတ်အောင် သင်ယူခြင်းစာအုပ်ထဲက ဓာတ်ပုံ တစ်ပုံဟာ တနင်္လာနေ့ကတည်းက လူမှုကွန်ရက်ပေါ်စတင်ပျံ့နှံ့နေပြီး လိင်ပိုင်းဆိုင်ရာပညာပေးမှုနဲ့ ပတ်သက်လို့ ဆွေးနွေးနေကြသလို မိဘတွေကလည်း ဒေါသထွက်နေကြပါတယ်။

‘မိခင်များခင်ဗျား၊ ကလေးတွေအတွက် စာအုပ်ဝယ်ပေးရင်သတိထားပါ၊ စာအုပ်ပါအကြောင်း အရာတွေကိုသေချာစစ်ဆေးပါလို့ ဖေ့စ် ဘုတ်ခ်သုံးသူ တစ်ယောက်ကရေးပါတယ်။ နောက်တစ်ယောက်ကလည်း တကယ်လို့ ဒီစာအုပ်က လိင်ပညာပေးဆိုရင် ဒီအကြောင်းကို ဘာကြောင့် ဒီလောက်တောင်အသေးစိတ်ရေးထားတာလဲလို့ဆိုတယ်။
အင်ဒိုနီးရှားလို မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံတစ်ခုမှာ မိဘနဲ့ကလေးကြားပြောဆိုဖို့အသာထားလို့ လူကြီးတွေကြား လိင်အကြောင်းပေါ့ပေါ့ပါးပါးဆွေးနွေးတာကိုတောင် ရှောင်ကြဉ်ကြပါတယ်။
ဒါပေမဲ့ ကလေးတွေလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာကိုတားဆီးဖို့အတွက်ကလေးတွေကို လိင်မှုပညာပေးဖို့ ပိုမိုအာရုံစိုက်လာကြပါတယ်။
သည်လိုသိလာကြပေမဲ့ အင်ဒိုနီးရှားကလေးကာကွယ်ရေးကော်မရှင် (KPAI) က ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင်သင်ယူခြင်း စာအုပ်ဟာကလေးတွေအတွက် အန္တရာယ်ဖြစ်စေပြီး လိင်ပိုင်းဆိုင်ရာနှိုးဆွမှုဖြစ်စေတယ်လို့ ဆိုပါတယ်။
ထုတ်ဝေသူ တီဂါဆီရန်ကိုင်က စာအုပ်ဟာ ကလေးတွေ သူတို့လုပ်တဲ့အရာကိုသူတို့ခံစားရပုံ အကြောင်း၊ သည်အပြုအမူဟာ မသင့်တော်တဲ့ ကျန်းမာရေးအန္တရာယ်တွေရှိနိုင်ကြောင်း ပညာပေးဖို့အတွက် ရည်ရွယ်ကြောင်းပြော ပါတယ်။
စာရေးသူဖီတာချက်ကရာဟာ ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ ခန္ဓာကိုယ်ကြီးထွားပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ပညာပေးစာအုပ်များစွာရေးသားခဲ့ပါတယ်။ သူက လူတွေဟာ စာအုပ်ရဲ့တစ်မျက်နှာ၊ နှစ်မျက်နှာလောက် ကိုသာဖြတ်ပြီး ဝေဖန်နေကြတဲ့အတွက် သူစိတ်မကောင်းဖြစ်ရ ကြောင်း အင်စတာဂရမ်မှာရေးခဲ့ပါတယ်။
‘ကျွန်မတို့ရဲ့ ရည်ရွယ်ချက်မှန်က ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုကို သူတို့ကိုယ်တိုင် ဘယ်လိုကာကွယ်မယ်လို့ ပညာပေးဖို့ဖြစ်ပါတယ်၊ စာအုပ်ကိုသေချာဖတ်ရင် မိဘတွေကိုအကြံဉာဏ် ပေးထားတဲ့ စာမျက်နှာလဲ ပါဝင်ပါတယ်၊ ဒီစာအုပ်က မိဘရဲ့လမ်းညွှန်မှုအောက်မှာဖတ်ရမယ့် စာအုပ်ဖြစ်လို့ပါလို့ဆိုပါတယ်။ ကလေးနဲ့မိသားစုစိတ်ပညာရှင် ဗီရာအတာဘီလီယန်နာက က လေးတွေကို အသက်ငယ်ငယ်မှာလိင်ပိုင်းဆိုင်ရာအကြောင်း သင်ကြားဖို့အရေးကြီးပေမဲ့ စာအုပ်မှာ ပစ်မှတ်ထားတဲ့ ပရိသတ်လွဲနေတယ်လို့ ဘီဘီစီကိုပြောပါတယ်။
အဲသည်အကြောင်းရင်းကြောင့် စာအုပ်ကို မိဘတွေသာဖတ်ရင်အကောင်းဆုံးဖြစ်ပြီး ဒါမှသူတို့သား သမီးတွေကို ပညာပေးလို့ရမယ်လို့ သူကပြောခဲ့ပါတယ်။

Author – စုပြည့်စုံ
[ref: BBC, Feb 22, 2017.]
Credit: Kumudra