တောင်းပန်ခြင်းလူတွေဟာ အမှားကို မှားမှန်းသိပေမယ့် ဝန်ခံဖို့ တစ်ခါတစ်ရံ ခက်ခဲနေတတ်ပါတယ်။ ကိုယ်မှားတာ သူများသိသွားရင် ကိုယ့်ကိုအထင်သေးသွားမှာ စိုးရိမ်တဲ့စိတ်ကြောင့် အမှားကို ဝန်မခံရဲကြပါဘူး။

အမှားတွေကို ဝန်ခံတဲ့ ကိစ္စကလည်း လွယ်ကူတဲ့ကိစ္စရယ်လို့တော့ ကျွန်တော်မဆိုလိုပါဘူး။ ဒါပေမယ့် လေ့ကျင့်ယူရင်တော့ ရနိုင်တဲ့အရာတစ်ခုပါ။ ကိုယ်မှားတာကို သူများက ထောက်ပြတဲ့အခါ တစ်ခါတစ်လေ စိတ်ထဲမှာ မခံချိန်မခံသာဖြစ်တတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ လူတော်တော်များများဟာ Defensive ဖြစ်သွားတတ်ကြပါတယ်။

Defensive ဆိုတာ ပြာပြာသလဲ ဘယ်လိုကာကွယ်ရမလဲ စပြီးစဉ်းစားတာကို ဆိုလိုတာပါ။ (ကျွန်တော်လည်း တစ်ခါတစ်လေ ဖြစ်နေပါသေးတယ်။ ကောင်းတဲ့ အကျင့်လုံးဝမဟုတ်ပါ)။

အမှားကို လက်ခံတတ်တဲ့အကျင့်ဟာ ရင်ကျက်မှုမြင့်မားလာမှသာ ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒီလို အမှားကို လက်ခံခြင်းဟာ သင့်ဘဝကိုလည်း တိုးတက်စေပါတယ်။ မသိတဲ့သူတစ်ယောက်ကို ပြင်ပေးရတာလွယ်တယ်။

မှားနေမှန်းသိတဲ့သူရက်နဲ့ ဆက်မှားနေတဲ့သူကိုတော့ ပြင်ပေးရတာခက်ခဲလေ့ရှိပါတယ်။ ကိုယ့်အမှား ကိုယ်ပြင်တတ်ခြင်းဟာဘဝကို ရှေ့တွန်းပို့ရာမှာ အရမ်းအသုံးဝင်ပါတယ်။

တစ်ခါက ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နိုင်ငံခြားCompany တစ်ခုမှာ ဒီလိုအတွေ့အကြုံရှိခဲ့ဖူးပါတယ်။ အဲ့ဒီ Company မှာက ကိုယ့်ဘော့စ်နဲ့ကိုယ် ၃လတစ်ခါ မကျေနပ်တာတွေ ပွင့်လင်းစွာဆွေးနွေးခွင့်ရတဲ့ Meeting ရှိပါတယ်။

ကျွန်တော်ကလည်း ဘော့စ်ကို မကျေနပ်တဲ့ ကိစ္စတွေရှိရင်ပြောပါတယ်။ သူကလည်း သူမှားသွားတဲ့ကိစ္စဆိုကျွန်တော့်ကိုတောင်းပန်တယ်။ နောက်မဖြစ်အောင် သူထိန်းတယ်။ ကျွန်တော့်ကိုလည်း ကျွန်တော်မှားနေတဲ့ကိစ္စတွေ သူက ထောက်ပြပါတယ်။

တစ်ခါဆို သူကပြောဖူးတယ်။ “Jay..မင်း အလုပ်လုပ်တဲ့အခါ အလုပ်ကြိုးစားရုံနဲ့မပြီးဘူး။ အထက်က လူကို Respect တစ်ခုရှိရမယ်တဲ့။ ငါဘယ်လောက်ရောရော ငါ့ကိRespect တစ်ခုတော့ မင်းရှိရမယ်တဲ့”။ တကယ်တော့ ကျွန်တော်သူ့ကို ဝန်ထမ်းအချို့ရှေ့မှာ ပြန်ပြီး ပြောခဲ့ဖူးလို့ပါ။ ကျွန်တော်လည်း မှားသွားခဲ့တာပါ။

ဘယ်လောက်ပဲကိုယ်မှန်နေသည်ဖြစ်ပါစေ ဝန်ထမ်းတွေရှေ့မှာ Leader တစ်ယောက်ကိုအဲ့ဒီလို ကျွန်တော်မပြောခဲ့သင့်ပါဘူး။ ၂ယောက်သား မကျေနပ်ရင် Meeting ထိုင်ပြီး ပြောလို့ရတဲ့ဘော့စ်မျိုးကို ကျွန်တော် အဲ့ဒီလိုမှားပြောမိခဲ့တယ်။

အဲ့ဒီနေ့ Meeting မှာ သူက အဲ့ဒီအကြောင်းပြောတော့ ကျွန်တော်မှားသွားကြောင်း သူ့ကိုပြန်တောင်းပန်ခဲ့ပါတယ်။ သူကလည်း လက်ခံပါတယ်။ နိုင်ငံခြားသား (အဆင့်အတန်းရှိသော နိုင်ငံခြားသား) တွေနဲ့ အလုပ်လုပ်ရတာ အဲ့ဒီတစ်ခုအရမ်းကောင်းပါတယ်။ မကျေနပ်တဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရတယ်။

သူကလည်း ကျွန်တော့်ကို လူရှေ့သူရှေ့မှ ဘယ်တော့မှ မဆူဖူးခဲ့ပါဘူး။ပြောချင်ရင် Meeting ခေါ်တယ်။ အထဲမှာပြောတယ်။ ပြောတယ်ဆိုတာလည်း ဆူတာမျိုးမဟုတ်ပါဘူး။ ကိုယ့်ဘက်ကမှန်နေရင် အဲ့ဒီ Meetingထဲမှာ ပြန်ပြောလို့ရပါတယ်။ မှားနေရင်တော့ Proပီပီသသ တောင်းပန်ရမှာပေါ့။ အဲ့ဒီအကျင့်လေးကျွန်တော် ရလာတယ်။ တကယ်လည်း ကောင်းမွန်တဲ့အကျင့်။

လူတိုင်းက မှားတတ်တယ်။ မှားတာကို အရင်ဆုံးသိရမယ်။ ပြန်တောင်းပန်ရဲရမယ်။ ပြုပြင်ပြီး နောက်ထပ်မဖြစ်အောင် လုပ်ရမယ်။ အဲ့ဒါမှာ တာဝန်ကျေတဲ့ လူတစ်ယောက်လို့မြင်မိပါတယ်။ ကိုယ်ကိုယ်တိုင်Management Level ကိုရောက်လာတော့ သူပြောခဲ့တာတွေ မှန်ကြောင်း ကိုယ်လည်း သိလာတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဝန်ထမ်းတွေကို တစ်ခါမှ အများရှေ့မှာ မဆူဘူး။ အခုလည်း မဆူဘူး။ နောက်လည်း မဆူဘူး။ ပြောစရာရှိရင် Meeting ခေါ်ပြီး၂ယောက်သား ပြောမယ်။ Respect ဆိုတဲ့အရာကိုကျွန်တော့်ရဲ့ ဘော့စ်က ကျွန်တော့်ကိုသင်ပေးခဲ့တယ်။

Respect ဆိုတာ ငယ်တဲ့သူက ရာထူးကြီးသူကိုကုန်းကုန်းရုန်းရုန်းနဲ့ ဖားတာကို ဆိုလိုတာမဟုတ်ပါဘူး။ လူ၂ယောက် ကြားထဲမှာ အပြန်အလှန်ရှိသင့်တဲ့ လေးစားမှုတစ်မျိုးပါ။ လွန်ခဲ့တဲ့ ၈လလောက်ကကျွန်တော့်ဆီမှာ ကျွန်တော်အားကိုးရတဲ့၊လေးလည်းလေးစားရတဲ့ ဝန်ထမ်းအစ်ကိုတစ်ယောက်က စကားမာမာထန်ထန် (မရည်ရွယ်ပဲ) Skype ကနေပြောခဲ့ဖူးပါတယ်။

ကျွန်တော်ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူစိတ်ရှုပ်နေလို့ ဖြစ်တာလို့ပဲ စိတ်ထဲတွေးပြီး မေ့မေ့ပျောက်ပျောက်နေလိုက်ပါတယ်။ သူပြောပြီးလို့သိပ်မကြာဘူး ကျွန်တော့်ဆီကို လာပြီး “ညီလေး…အစ်ကို အိမ်က ကိစ္စတွေနဲ့စိတ်ညစ်နေပြီး ခုနက စကားမာသွားတာ..ဆောရီးပါကွာ..”ဆို ပြောလာပါတယ်။ ကျွန်တော်သူ့ကို ပိုလေးစားသွားပါတယ်။

ဖြစ်တတ်ပါတယ်…အစ်ကို…လို့ ပြန်ပြောတော့ ကျေးဇူးပါကွာ..လို့ဆိုလာပါတယ်။ သူ့မျက်နှာမှာသူတကယ်မှားသွားကြောင်း အထင်းသားမြင်နေရပါတယ်။ သူရည်ရွယ်ခဲ့တာလည်း မဟုတ်ပါဘူး။ဒါပေမယ့် သူ့စကားအတွက် တာဝန်ယူရဲတဲ့စိတ်အပြည့်ရှိပါတယ်။ နောက်ထပ်လည်း အလားတူကိစ္စ ဘယ်တော့မှ မဖြစ်တော့ပါဘူး။ ကျွန်တော်နဲ့သူ့ကြားမှာ လေးစားမှု ၂ဖက်လုံးရှိပါတယ်။

အမှားဆိုတာ သိရုံနဲ့မပြီးဘူး။ တာဝန်ယူရဲရပါမယ်။ပြုပြင်ရပါမယ်။ မပြုပြင်နိုင်ပဲနဲ့ ဆောရီးလို့ပြောတာတာဝန်မဲ့ပါတယ်။ လွယ်တဲ့ကိစ္စလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် လူပီသတဲ့ လူတစ်ယောက်ဖြစ်အောင်တော့ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားကြရမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း အလုံးစုံ ပြည့်စုံနေသူမဟုတ်ပါ။ မှားတိုင်း တောင်းပန်ဖြစ်အောင် မိမိကိုယ်ကို
တော့ အမြဲ တိုက်တွန်းလေ့ရှိပါတယ်။

မိုးရှင်း (I.M.T)