ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပိုဒ် ၄၄ အရ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ ဓမ္မကာယ ကျောင်းတော်ဧရိယာကို ထိန်းချုပ်ထားရမယ့် နေရာအဖြစ်ကြေညာတဲ့ အမိန့်ကိုဖမ်းဆီးဖို့အလိုရှိနေတဲ့ ကျောင်းထိုင်ဆရာတော်ဟောင်းလာရောက်အဖမ်းမခံ မချင်းရုပ်သိမ်းပေးမှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အင်္ဂါနေ့က ပြောပါတယ်။

‘ဒီအမှုက မပြီးပြတ်သေးသလို အမှားကျူးလွန်ထားသူကိုလဲ တရားစွဲဆိုမှုရင်ဆိုင်ဖို့ မဖမ်းဆီးနိုင်သေးတာကြောင့် ဒီအမိန့်ကို ပယ်ဖျက်မှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားလိုပါတယ်၊ ဆရာတော် ဓမ္မချာယို ထွက်ပေါ်မလာမချင်း ဒီနေရာဟာ ထိန်းချုပ်ခံ ဧရိယာတစ်ခု ဖြစ်နေဦးမှာပါ၊ ရွှေဆင်းတုတွေကို ကျွန်တော်ကသိမ်းယူချင်လို့ဆိုပြီး လျှောက်မပြောကြနဲ့၊ ဘာလို့ဆို အဲဒီရွှေ ဆင်းတုတွေဆိုတာ ဘယ်မှာရှိမှန်း၊ တကယ်ရှိလားမရှိလားဆိုတာတောင် ကျွန်တော်တို့သိမထားလို့ဘဲ၊ ကလောင်ချန်ခရက် ဒစ်ယူနီယံသမဝါယမ (KCUC) မွဲသွားချိန်မှာ ရွှေဆင်းတုအစစ်တွေလုပ်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ တွေးကြည့်လေ၊ အဖြေထွက်လာလိမ့်မယ်လို့ ပရာယွတ်ကဆိုပါတယ်။
ဆရာတော် ဓမ္မချာယိုဟာKCUC ငွေအလွဲသုံးစားမှုအပြင် သစ်တောဧရိယာကျူးကျော်မှု သုံးခုတို့နဲ့ပတ်သက်တဲ့ တရားမဝင် ရရှိငွေတွေကို လက်ခံယူထားမှု၊ ငွေကြေးခဝါချမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ အမိန့်ဟာရက်အတိအကျသတ်မှတ်မထားတာကြောင့် သက်ဆိုင်ရာ အရာရှိတွေအနေနဲ့ ပထမအမိန့်တစ်ခု ရက်ကုန်ဆုံးရင် နောက်ထပ်ဝရမ်းလျှောက်ထားဖို့မလိုတော့ဘူးလို့ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်က ပြောပါတယ်။
‘ကျောင်းတော်ကို ကိုယ့်သဘောနဲ့ကိုယ်ဘာမှလှုပ်ရှားခွင့်မပေးနိုင်ဘူး၊ သက်ဆိုင်ရာအရာရှိတွေက အချိန်ဘယ်လောက်ကြာကြာ ကျောင်းတွင်းဝင်ရောက်နိုင်ရမယ်၊ ပဋိပက္ခတွေရှောင်ရှားနိုင်ဖို့အတွက် အရာရှိတွေကိုလက်နက်မယူလာစေဘူးလို့ ကတိပေးတယ်˘ လို့ သူကဆိုပါတယ်။
စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးချာလမ်ချိုင်းဆစ်တီဆတ်ကလည်း ကျောင်းထဲဝင်ရောက်တဲ့အခါ ရုန်းရင်းဆန်ခတ်အခြေအနေတွေ မဖြစ်လာစေဖို့ အရာရှိတွေအနေနဲ့ စိတ်ခံစားချက်ကိုထိန်းသိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
‘ဒါ ရန်သူ့စခန်းမဟုတ်ဘူး၊ ကျုပ်တို့အားလုံးက ထိုင်းလူမျိုးတွေချည်းပဲ၊ အဲဒါကြောင့်အရာရှိတွေအနေနဲ့ ဥပဒေကြပ်မတ်လှုပ် ရှားတဲ့နေရာမှာပဲ အဓိကထားသင့်တယ်၊ အချိန်ယူပြီးလုပ်ဆောင်ဖို့ကို ပိုအလေးထားသင့်တယ်လို့ သူကပြောကြားခဲ့ပါတယ်။
ကျောင်းတော်ဝင်ပေါက်တွေမှာ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်အခြေအနေတွေမှာ လူငါးဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်ကို ရည်ရွယ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ တာဝန်အရလှုပ်ရှားရာမှာ ကျောင်းတော်က အရမ်းကျယ်လွန်းတာကြောင့်တစ်ကြောင်း၊ အတွင်းမှာ ဒကာ ဒကာမတွေအများကြီးရှိနေတာကြောင့်တစ်ကြောင်း အခက်အခဲတွေရှိနေရတယ်လို့ ချာလမ်ချိုင်းက ပြောပါတယ်။
ဒါ့အပြင် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဆိုင်သူတွေကျောင်းထဲမဝင်ရောက်နိုင်ဖို့ ကျောင်းတော်ကိုဝင်ရောက်မယ့်လူတွေကို စစ်ဆေးတာတွေ၊ နယ်ခံမဟုတ်သူတွေကို စစ်ဆေးတာတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ ချာလမ်ချိုင်းကထပ်ပြောပါတယ်။
DSI ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးဝိုရာနန်ဆရီလမ်ကတော့ ကျောင်းဝင်းအတွင်း နောက်ထပ်ရှာဖွေမှုတွေလုပ်ဆောင်နိုင်ဖို့ ညှိနှိုင်းနေ ဆဲပဲလို့ဆိုပါတယ်။ ကျောင်းဝင်းအတွင်းကို ခွင့်ပြုချက်မရှိဘဲဝင်ရောက်ဖို့ကြိုးစားသူ ဘယ်သူမဆိုတရားစွဲဆိုခံရမယ်လို့ ဝိုရာနန်က ပြောပါတယ်။

YSD

[ref: Nation, Feb 22, 2017.]
Credit: Kumudra