လက်ပံ
ဖေဖော်ဝါရီလဆန်းသည်နှင့် ဆောင်းသည် ခပ်ယို့ယို့လေးခွဲခွာကာ နှုတ်ဆက်စပြုလာသည်။ ညဥ့်နက်ပိုင်းနှင့် နံနက်ခင်းအစောပိုင်းကလွဲ၍ အအေးဓာတ်သည် ခပ်ဝေးဝေးသို့ ပြေးထွက်စပြုသည်။ နေ့လယ်နေ့ခင်းဘက်မှာတော့ နွေဦးအကြို အပူဓာတ်တွေက လှိုက်ခနဲ၊ လှိုက်ခနဲ။ မကြာခင်တော့ ပူအိုက်စပ်စပ်နွေရက်များကို ချွေးတလုံးလုံးဖြင့် ဖြတ် သန်းရဦးမည်။
နွေသည် အပူကြောင့် ကြောက်စရာကောင်းသည်မှန်သော်လည်း နွေဦးအကြိုရက်များကတော့ ကြောက်စရာထက် ချစ်စရာကောင်းနေ သေးသည်ဟု ထင်လေသည်။ ရာသီဥတုက လည်း ပြောပလောက်အောင် မပူသေး။ အအေးဓာတ်ကလည်း ၀ုန်းခနဲထွက်မပြေးသေးသည့်အချိန် သမမျှတသည့် ရာသီဥတုလေးကြောင့် နေရထိုင်ရသည်မှာ သက်သောင့် သက်သာရှိလှသလို ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေလောင်းဖို့ အားယူနေ သည်မှာလည်း တစ်မျိုးလေး လွမ်းစရာကောင်းလှသည်။
အကြိုနွေဦးကာလရောက်လာပြီဆိုလျှင် နွေကြိုအလှကို အထောက် အပံ့ပေးနေသည့် အရာတွေထဲမှာ လက်ပံတွေရဲ့ ကဏ္ဍကိုလည်း မေ့ထား ၍ ရမည်မဟုတ်ပေ။ ကျွန်တော်တို့ အညာမှာတော့ ယခုလိုကာလမျိုးမှာ ရဲရဲတောက် လက်ပံပွင့်တွေ အုံခဲနေသည့် လက်ပံပင်အိုကြီးတွေကို တွေ့ မြင်ရမှာဖြစ်သည်။ နွေအပူကို အန်တုကာ ရဲရဲတောက်ပွင့်လာ ကြသည့် လက်ပံပွင့်တွေက နေမင်းနှင့်အပြိုင် စူးရဲတောက်ပနေသည် မှာ အမှန်။ မိမိနေထိုင်ရာ တောင်သမန်အင်းဝန်းကျင်မှာလည်း ယခု အချိန်ဆို လက်ပံတွေရဲရဲတောက်ကာ ပွင့်နေကြပါပြီ။ အထူးသဖြင့် အင်းမြောက်ဘက် အင်းပတ်လမ်းတစ်လျှောက်မှာ လက်ပံပင်တွေ တန်းစီကာ ပွင့်နေလိုက်သည်များ အနီရောင်အမိုးကြီး မိုးပေးထား သည့်အလား။
ငယ်စဉ်ကတော့ လက်ပံပွင့်ချိန်ဆို ကလေးဘာသာဘာဝ အင်မတန်ပျော်ရပါသည်။ ညနေ နေရောင်အေးပြီဆိုလျှင် ကစားဖော်သူငယ်ချင်း တွေနဲ့ ကြွပ်ကြွပ်အိတ်တွေ၊ ခြင်းတောင်းတွေ ကိုယ်စီယူကာ အင်းမြောက်ဘက် တစ်ကြောက လက်ပံပင်တန်းကြီးဆီ အရောက်ပြေးကြ ပါသည်။ လက်ပံပင်နားမရောက်သေးခင် ခပ်ဝေးဝေးကပင် ရဲရဲနီလက်ပံ ပွင့်တွေအုံခဲနေသည့် လက်ပံပင်တန်းကြီးတွေကို လှမ်းမြင်နေရသည်။ အပင်နားရောက်လေ သူ့ထက်ငါအရင်ရောက်အောင်ပြေးကာ လက်ပံပင်ခြေရင်းဆီ အပြေးအလွှားသွားကြသည်။
မြေပေါ်ကျနေသည့် လက်ပံပွင့်တွေက ကောက်၍ပင်မနိုင်သော် လည်း အပင်ပေါ်ကနေ စကြာလေးတစ်ခုလို ၀ဲကာဝေ့ကာ ကျလာသည့် လက်ပံပွင့်တွေနောက် တကောက်ကောက်ပြေး၍ လုကောက်ရသည်ကလည်း ပျော်စရာကောင်းလှသည်။ လက်ပံပင်အောက် ကြွေကျနေသည့် ရွက်ခြောက်တွေအောက် တကျွတ်ကျွတ်မြည်အောင် ပြေး လွှားရင်း ကောက်လိုက် ပြေးလိုက်၊ ပြေးလိုက်၊ ကောက်လိုက်ဖြင့် ကိုယ့်အိတ်တွေ၊ ခြင်းတောင်းတွေထဲ လက်ပံပွင့်တွေက အပြည့်အသိပ်ဖြစ် လာသည်။ တချို့ကတော့ အမောပြေနားရင်း လက်ပံပင်အမြစ်တွေနား ခေတ္တထိုင်ကာ လက်ပံပွင့်ဖတ်တွေ၊ ၀တ်ဆံတွေကို ဖယ်ကြသည်။ အလယ်က အူတိုင်ကိုထုတ်ကြသည်။ တချို့ကလေးတွေကတော့ အိမ်ကျမှ ပွင့်ဖတ်တွေကို ဖယ်လေ့ရှိသည်။ အိမ်ရောက်လျှင် ထို ပွင့်ဖတ်တွေကို ငရုတ်ဆုံသေးသေးလေးတွေဖြင့် ထုထောင်းလိုက်ပါက ခပ်ပျစ်ပျစ်အရည် လေးတွေ ရလာလေ့ရှိသည်။ ထိုအရည်လေးတွေကိုဆီဟု သဘောထား ကာ ဈေးရောင်းတမ်း ကစားကြလေသည်။
ပွင့်ဖတ်တွေ၊ ၀တ်ဆံတွေ ဖယ်ပြီးလျှင်တော့ လက်ပံတွေကို ဆန်ကောလေး၊ လင်ပန်းလေးဖြင့် နေပြကြရသည်။ သုံးလေးရက်လောက် နေလှန်းပြီးလျှင်တော့ လက်ပံတွေ မည်းမည်းခြောက်ခြောက်ဖြစ်သွား သည်။ ထိုလက်ပံခြောက်တွေကို အိတ်သန့်သန့် ထဲတွင်ဖြစ်ဖြစ်၊ မြေအိုးထဲတွင်ဖြစ်ဖြစ် မိခင်ဖြစ်သူ အိမ်ရှင်မတွေက ထုပ်ကာသိမ်းတတ်ကြ သည်။ လက်ပံပွင့်ခြောက်တွေက အိမ်ရဲ့မီးဖိုခန်းထဲမှာ တိတ်တဆိတ် နေရာယူလျက်။
လက်ပံပွင့်ချိန်ကျော်၍ အပူဒဏ်ကို အလူးအလဲခံရသည့် နွေလယ်ကာလ ရောက်လာပြီလျှင်တော့ ၀မ်းကလေးအေးအောင် သီးစုံချဉ်ရည်ဟင်းလေး ချက်စားတတ်ကြသည်။ ထိုအခါဆိုလျှင်တော့ နွေဦးက ကောက်ထားခဲ့သည့် လက်ပံခြောက်တွေက အသုံးဝင်ပါလေပြီ။ ဘူး၊ ခရမ်း၊ ပဲသီးစုံချဉ်ရည်ဟင်းထဲ လက်ပံခေါင်းခြောက်လေးတွေ ရေစင် အောင်ဆေးပြီး ထည့်လိုက်လျှင် ပြည့်စုံသည့် သီးစုံချဉ်ရည်ဟင်း တစ်ခွက်ဖြစ်လာလေပြီ။ ခပ်ထုပ်ထုပ်ကလေး စားရသည့် လက်ပံခေါင်းအရသာက အသားဟင်းနှင့်ပင်မလဲနိုင်။ စား၍ မြိန်လွန်းလှသည်။
ငယ်စဉ်မူလတန်းဘ၀ကတော့ ကျောင်းဈေးသည်အဒေါ်ကြီး ရောင်းသည့် လက်ပံခေါင်းသုပ်စားဖူးသည်။ လက်ပံခေါင်း တွေကိုပြုတ်၊ ကတ်ကြေးဖြင့် ညှပ်၊ ဆီချက်၊ ပဲမှုန့်တို့ဖြင့် သုပ်ပေးခြင်းဖြစ်သည်။ ကလေးဆိုတော့ ကောင်းတာ၊ မကောင်းတာအပထား။ မြိန်ရေရှက်ရေ စားသည်ချည်း။ အသက်နည်းနည်းကြီးလာတော့ ကိုယ်တိုင် လက်ပံသွားမကောက်ဖြစ်တော့။
မိခင်ဖြစ်သူကတော့ သူနိုင်သလောက်လေး ကောက်ထားသည့် လက်ပံပွင့်တွေနှင့် နီးစပ်ရာ အိမ် နီးချင်းကလေးတွေ ကောက်ပေး သည့် လက်ပံပွင့်တွေကိုသာ အ ခြောက်လှန်းကာ နွေစာ၊ မိုးစာအ ဖြစ် သိမ်းကာ ထုပ်ဖြစ်သည်။ လက်ပံခေါင်းချဉ်ရည်ကတော့ စား၍ ကောင်းနေတုန်းပင်။
လက်ပံတွေကိုယ်တိုင် လိုက်ကောက်ခဲ့ဖူးသည့် ကလေး ဘ၀ဆိုသည်မှာ မနေ့တစ်နေ့က လို စိတ်ထဲမှာ ထင်မြင်နေသည်။ တကယ်တော့ မဟုတ်။ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ ကိုယ်တိုင် သွားကောက်ခဲ့စဉ်က ရောက်ခဲ့ရ သည့် လက်ပံပင်ကြီးတွေဆို အရိုးပြိုင်းပြိုင်း ခါးကိုင်းကိုင်းဖြစ်စပြု ပြီ။ တချို့အပင်တွေဆို အကိုင်း တွေ၊ အခက်တွေ ကျိုးကုန်လေ ပြီ။ အိမ်နီးချင်းအမျိုးသမီးတစ်ဦး ကတော့ သူငယ်စဉ်က တောင်သ မန်အင်းအနောက်ဘက်တွင် လက်ပံပင်တွေ တန်းစီစိုက်တော့ ဒီလက်ပံတွေပွင့်တာ သူမီနိုင်ပါ့ မလားဟု တွေးဖူးခဲ့သည်ဟုဆို သည်။ အခုတော့ သူမသေးခင် လက်ပံပင်တန်းဆီက လက်ပံတွေ ရဲရဲတောက်အောင် စပွင့်လာ တော့ သူ့ကုသိုလ်ကံ ကောင်းလှ လေခြင်းဟု ကြည်နူးမိသည်ဟု ဆိုသည်။
လူ့ဘ၀တစ်ခုကို နှစ်သက် တမ်းအလိုက် တွက်ကြသည့်အ ခါ နှစ်ပေါင်း (၆၀) (၇၀)ဆိုသည် မှာ အလွန်တရာကြာရှည်လှ သည်ဟု ထင်မြင်စရာရှိသည်။ သို့သော် တစ်နှစ်စာ၊ တစ်နှစ်တာ လှမ်းကြည့်မည်ဆိုပါက ခဏလေးဆိုမှ တကယ့်ခဏလေး။ လေးလ စီပိုင်းခြားထားသည့် ဥတုသုံးလီ ရာသီစက်ဝန်းလည်ပတ်ပုံက တကယ့်ကို မြန်ဆန်လွန်းလှ သည်။ အေးလို့၊ ချမ်းလို့ ကောင်း တုန်း နွေက၀ုန်းဆိုရောက်သည်။ ပူတုန်းလောင်တုန်း မိုးက ဗြုန်း ဆိုကျသည်။ မိုးစက်မိုးပေါက်တွေ ခုန်ပေါက်နေတုန်း ဆောင်းက ဝေါဆို ရောက်လာပြန်သည်။ ဥတု သုံးလီပေါင်းတော့ တစ်နှစ်တဲ့။ မြန်လိုက်တာ။ ထိုတစ်နှစ်တစ်နှစ် တွေပေါင်းစုလိုက်တော့ တစ်ဘ၀ ဆိုတာ ဖြစ်လာသည်။ မြန်ဆန် လွန်းတဲ့ လူ့ဘ၀။ တိုတောင်းလွန်း တဲ့ လူ့ဘ၀။
လက်ပံတွေ တစ်ခါပွင့်တိုင်း အသက်တွေ တစ်ခါကြီးလာခဲ့ပြီ ဆိုတာကို မေ့လို့ကောင်းနေခဲ့ သည်။ လက်ပံတွေ ဝေပြီးရင် ကြွေရမည်ကို သိသော်လည်း လူ့ ဘ၀ဆိုတာလည်း လက်ပံတွေလို ဝေချိန်ပြီးလျှင် ကြွေချိန်ရောက် လာမည်ဆိုတာကို သိလျက်နှင့် မသိချင်ယောင်ဆောင်ခဲ့သည့် ရက်တွေက ခပ်များများ။ လူ့ဘ၀ သက်တမ်းကို ပျမ်းမျှ (၆၀) ဖြင့် တွက်မည်ဆိုလျှင် မိမိရောက်နေ သည့် အရွယ်က ဘ၀သက်တမ်း တစ်ဝက်ကို ရောက်နေလေပြီ။ လက်ပံပွင့်ချိန်နှင့် တွက်မည်ဆို လျှင် လက်ပံပွင့်ချိန်ပေါင်းအခါ ၃၀ ကြုံခဲ့ရပြီ။ နောက်ထပ်လက်ပံ ပွင့်ချိန် မည်မျှ ကြုံခွင့်ရဦးမည် မသိ။ ကုသိုလ်ကံနှင့်လည်း အများကြီးဆိုင်သေးသည်။
လူက အဆိုးလောကဓံနှင့် ကြုံရသည့်အခါ လူ့လောကကြီး ကို သံဝေဂရတာလိုလို စိတ်ကုန် တာလိုလိုဖြစ်တတ်သည်။ အ ကောင်းလောကဓံနှင့် ကြုံလာ လျှင်တော့ လောကကြီးက ထင် သလောက်လည်း မဆိုးလှပါဘူး ဟု ဖြစ်သွားတတ်ကြပြန်သည်။ ထိုသို့ဖြင့် ကောင်းလိုက်ဆိုးလိုက် လောကဓံတွေကြား သက်ပြင်း တွေ အခါခါချခဲ့သည်။ စိတ်ဆိုး လိုက်၊ ဒေါသထွက်လိုက်၊ ရယ် လိုက်၊ မောလိုက်ဖြင့် ရက်တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်း ကုန်သွားပြန်သည်။ ထိုသို့ ထိုသို့ ဖြင့် လက်ပံပွင့်ချိန်လည်း တစ်ဖန် ရောက်၍ လာခဲ့ပြန်လေသည်။
7Days
Photo credit