နဂါးလေး

မူးယစ်ဆေးဝါးမှု ၊ လုယက်မှု နဲ့ တရားခံပြေး အဖြစ် ကြေညာခံထားတဲ့ နဂါးလေး ခေါ် အောင်နိုင်မြင့် ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက ရှာဖွေဖမ်းဆီး ခဲ့ပေမယ့် သူကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

“သူ ကျွန်တော်ဆိုင်ကို ရောက်တော့ ညနေ ၆နာရီ ပေါ့။အော်ဒီယို လာပြင်တာ သူနဲ့ ယောကျာင်္းလေးတစ်ယောက်ပါပါတယ် ။၂ယောက်လုံး ကားပေါ်က မဆင်းဘူး ။မိနစ် ၂၀လောက်ကြာတော့ ရဲကား နှစ်စီးရောက်လာပြီး ပိတ်ရပ်လိုက်တယ် ။သူက သူ့ကား နောက်ပိုင်းနဲ့ ရဲကားတွေကိုတိုက်ပြီး စက်မှုဇုံဘက်ကို ထွက်ပြေးသွားပါတယ်။ ရဲတွေကလည်း သေနတ်နဲ့ ၄ ။၅ ချက် ပစ်တယ်။ ကားကိုတော့ ထိသွားပါတယ် ” လို့ အခင်းဖြစ်ရာက မျက်မြင်သက်သေ ဇော်လင်းထိုက် ကားအလှဆင်ရေး ဆိုင်က ပိုင်ရှင်က ပြောပါတယ်။

နဂါးလေး ခေါ် အောင်နိုင်မြင့် ဟာ ၁၆ရက်နေ့ မတိုင်ခင် တစ်ပတ် လောက်ကလည်း အဆိုပါ ဆိုင်မှာ ကားအော်ဒီယို လာပြင်ခဲ့ကာ ကားအပြင်ကို လည်း ထွက်ခဲ့သေးတယ် လို့ သိရပါတယ်။

“သူက ကျွန်မ တို့ရပ်ကွက်ထဲကို နေ့တိုင်းလာတယ်။ ဒီလ ၆ ရက်နေ့နဲ့ ၇ရက်နေ့ ကတောင် ညဘက်တွေ လာပြီး သူနဲ့ ပြဿ နာ ဖြစ်တဲ့ အိမ်ကို ပြဿနာတွေရှာ အိမ်ရှေ့က မှန်တွေရိုက်ခွဲ ဓားတစ်ချောင်းနဲ့ ညဘက်တွေ လာခဲ့သေးတယ်။ ပြီးတော့ ဓားတွေ သေနတ်တွေပါတယ် ကြိုက်တာရွေးဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်။ ရပ်ကွက်ထဲမှာက ဂိမ်းဆိုင်ရှိတယ် ။သူက အဲ့ဂိမ်းဆိုင်ကို နေ့တိုင်း လာတယ်။ လာလို့ရှိရင် ကားအဖြူရောင်တစ်စီး နဲ့ လို့ တောင်ဒဂုံ ၁၉ရပ်ကွက်နေ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။

နဂါးလေး ခေါ် အောင်နိုင်မြင့်ဟာ ၂၀၀၀ခုနှစ်မှာ လူသတ်မှုနဲ့ ထောင် ၁၀နှစ်ကျခဲ့သလို ပြန်လွတ်လာပြီးနောက် မူးယစ်ရမ်းကားမှု အပါအဝင် အခြား ပြစ်မှုများနဲ့လည်း ထောင်ဒဏ် အသေးစားတွေ ကျခဲ့သေးတယ် လို့ သိရပါတယ်။ ေ

ရှ့ နေတစ်ဦးရဲ့အဆိုအရသူဟာ ၂၀၁၆ခုနှစ်တည်းက၀ရမ်းပြေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သတ်ပြီးသုံးစွဲမှု၊ လက်ဝယ်တွေ့ ရှိမှု၊အားပေးအားမြှောက်ပြုမှုတွေနဲ့ တောင်ဒဂုံရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။ လုယက်မှုနဲ့ ပတ်သတ်လို့ တော့လမ်းမတော်မြို့ မရဲစခန်းကနေ အမှုဖွင့်ထားခံရတာဖြစ်ပါတယ်။

” သူက ရပ်ကွက်ထဲမှာတော့ အေးဆေးပဲ ဖော်ဖော်ရွေရွေလည်း ရှိတယ်။ ၂၀၀၀ခုနှစ်လောက်ကတော့ သူ ပထမဆုံး ထောင်ကျတယ် အချိန်တော့ သေချာ မမှတ်မိတော့ဘူး ဘာပြစ်မှုလည်းဆိုတော့ လူသတ်မှုနဲ့ ဖြစ်တာက သေသွားတဲ့သူနဲ့ ကျွဲကြီး နဲ့ ပြဿ နာ ဖြစ်ကြတာ ဒါပေမယ့် ကျွဲကြီးအပါအဝင် သူကော စိုးကြီး ဆိုတဲ့ ကောင်လေးကော သူ့တို့ဘော်ဒါ ၃ယောက်လုံး ထောင် ၁၀နှစ် စီ ကျသွားပါတယ်။

ဒါပေမယ့် ထောင်ကလွတ်လာတော့ သူက ၁၇၆ ကားမှာ စပယ်ယာ လိုက်တယ်။ နောက်ပိုင်း တက္ကစီမောင်းတယ်။ ရိုးရိုးသားသားပါပဲ။ လမ်းထဲမှာ ပြဿနာဖြစ်တာဆိုလို့ သူနဲ့ သူ့မိန်းမ နဲ့ အချင်းချင်း ရန်ဖြစ်တာပဲ ရှိတယ်။ ဒါပေမယ့် ဒုတိယအကြိမ် ထောင်ထပ်ကျသွားပြီးကတည်းက ဒီက အိမ်မှာ မနေတော့ဘူး။ အခုက အဲ့ အိမ်မှာ သူ့မိန်းမရဲ့ ညီမနဲ့ မောင်တွေ ပဲ နေကြတယ်။ ၁၁ရက်နေ့ ကတောင် လမ်းထဲက မင်္ဂလာဆောင် တစ်ခုကို ညဘက်ကြီး လာသွားသေးတယ် ” လို့ အိမ်နီးနားချင်း တစ်ယောက်က ပြောပါတယ်။

သူဟာ တောင်ဒဂုံ ၂၀ရပ်ကွက် အောင်သိဒ္ဓိ ၁လမ်းမှာ နေထိုင်ခဲ့ပေမယ့် အဲ့ဒီအိမ်မှာ မနေတာ ၁နှစ်ခွဲ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ သူ့ အမျိုးသမီးနဲ့ ခြောက်နှစ်အရွယ်ဝန်းကျင်ရှိသားကိုလည်းအဲဒီအိမ်မှာမတွေ့ ရတော့ဘူးလို့ ဆိုပါတယ်။

အောင်နိုင်မြင့်ကို တောင်ဒဂုံ ရဲစခန်းကနေ မယ(ပ) ၁၃/ ၂၀၁၆ ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ -၁၅/ ၁၉(က)/၂၁/ ကျင့် ၅၁၂ ၊ လမ်းမတော်မြို့မ ရဲစခန်းမှ (ပ)၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၆/၃၂၃/၁၁၄/ ကျင့် ၅၁၂ အမှုများနဲ့ တရားခံပြေး အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အောင်လေး
Credit: Kumudra