picture

ကျွန်တော်တို့တစ်တွေဟာ လူလော့ကထဲကို ရပ်တည်ဖို့အတွက် ဘ၀ရဲ့ အသက်မွေးဝမ်းကြောင်းမှု ပညာ ရပ်တွေကို သင်ယူရပါတယ်။ အဆိုပါ ပညာ ရပ်တွေထဲမှာ သိပ္ပံ ပညာ ရပ်လည်း ပါဝင်သလို၊ ၀ိဇ္ဇာပညာရပ်လည်း ပါဝင်ပါတယ်။ ပညာ ဟာ လူတစ်ယောက်ရဲ့ အနာဂတ် အနိမ့်အမြင့်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

ကျွန်တော်တို့ သင်ခဲ့ရတဲ့ ပညာ တွေကို လှေကားထစ်အဖြစ် အသုံးပြုပြီး ဘ၀နေထိုင်မှုကို ထောက်ကန်ရပ်တည်ရတာပါ။ တစ်သောင်းတန် အတတ် ပညာ တတ်သူက အနည်းဆုံးတော့ တစ်သောင်းဝင်ဖို့ ကြိုးစားပါလိမ့်မယ်။ သိန်းတစ်ရာတန်တဲ့အတတ် ပညာ ကို တတ်မြောက်သူက သိန်းတစ်ရာ ရှာဖွေနိုင်ပါလိမ့်မယ်။ ဘာမှ မလုပ်သူကတော့ ဘာမှ ရမှာ မဟုတ်ပါ။

ဒီကနေမှတစ်ဆင့် ဥစ္စာစည်းစိမ်ဆိုတာ ဖြစ်လာတာပါ။ ဥစ္စာစည်းစိမ်ရဲ့ အဓိက သော့ချက်က ပညာပါဘဲ။ ပညာမရှိဘဲ၊ ပညာမတတ်ဘဲ ဥစ္စာစည်းစိမ်ကို ရှာလို့မရ၊ ထိမ်းသိမ်းဖို့ မဖြစ်နိုင်။ တစ်ချို့က မိမွေးတိုင်း ဖမွေးတိုင်း ချမ်းသာလာပြီး၊ ငါတို့တော့ ဘာ ပညာ မှ မတတ်ပေမယ့် အေးအေးဆေးဆေး ထိုင်စားနိုင်တယ်လို့ ဆိုချင်ကြပါတယ်။

တကယ်လည်း သူဟာ ရှေးကုသိုလ်အကျိုးပေးကြောင့် ဒီလိုအခြေအနေမှာ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် သူ ခံစားစံစားနေရတဲ့ ဥစ္စာစည်းစိမ်တွေဟာ သူ့မိဘ၊ ဘိုးဘွားတွေ ပညာကို အရင်းပြုပြီးမှ ရှာဖွေခဲ့ရတာဆိုတာ ထင်ရှားပါတယ်။ ပညာ မတတ်တဲ့ ကုဋေရှစ်ဆယ် သူဌေးသားဟာ ဥစ္စာစည်းစိမ်ကို စောင့်ရှောက်တဲ့ အတတ်ပညာမတတ်တဲ့အတွက် နောက်ဆုံး တောင်းစားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ လူတွေရဲ့ ၀ိုင်းရိုက်တာကို ခံရပြီး၊ တောထဲမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ ပညာ ရဲ့ အရေးပါမှုပါဘဲ။
ဒီတော့ ပညာ ရယ်၊ ဥစ္စာ ရယ်၊ အချစ် ရယ် သုံးမျိုးရွေးချယ်ဖို့ ကြုံကြိုက်လာတဲ့အခါ ဘာကို ရွေးရမလဲဆိုတာ ခေါင်းရှုပ်တတ်ပါတယ်။ ဒီပြဿနာဟာ ရှေးနှစ်ပေါင်းများစွာကတည်းက လူငယ်ထုကြားမှာ ရေပန်းစားလာတဲ့ ပြဿနာပါ။
ဒီပြဿနာကို ဖြေရှင်းတဲ့သူတိုင်းကလည်း ကိုယ့်အတွေးအခေါ် အဆင့်အတန်းမီသလောက် တွေးပြီး စဉ်းစားဆုံး
ဖြတ်ကြတာမို့တစ်ချို့ မှန်တဲ့သူတွေ ရှိသလို၊ တစ်ချို့ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဖြစ်နေတတ်ပါတယ်။

တကယ်တော့ ဒီသုံးချက်ထဲမှာ အဖြေက ပါပြီးသားပါ။ ပညာသင်ချိန်မှာ ပညာကိုသာ ကြိုးစားသင်ကြားသင့်ပါတယ်။တစ်ချို့က စီးပွားရေးတစ်ခုလုပ်ရင်း ကျောင်းတက်ကြတယ်၊ တစ်ချို့က ပညာရေးဆုံးခန်းမတိုင်ခင် အိမ်ထောင်ကျပြီး၊လျှောက်ရမယ့် လမ်းကနေ သွေချော်သွားတာတွေလည်း ရှိပါတယ်။ တကယ်တော့ ပညာ သင်ချိန်မှာ ပညာ သာရှာသင့်ပါတယ်။ သူ့ထက် ဦးစားပေးစရာ ကိစ္စ မရှိပါဘူး။

ဘ၀ပေးအခြေအနေအရ ကိုယ့်ကျောင်းစာရိတ် ကိုယ်ရှာရပါတယ်ဆိုတာကိုတော့ အပြစ်ပြောရန်မရှိပါ။ တစ်ချို့က
ငယ်ငယ်ကတည်းက ရုန်းကန်လှုပ်ရှားခဲ့ရသူများဖြစ်လို့ တစ်ခုလုပ်မှ တစ်ခုဆက်လုပ်နိုင်မယ့်သဘောပါ။ အချစ်ရေး
ကတော့ နောက်ဆုံး ဦးစားပေး ဖြစ်ပါတယ်။

ပညာ မတတ်ရင် ဥစ္စာ ရှာလို့ မရနိုင်ပါဘူး။ ဒီလိုပဲ ဥစ္စာမရှိသူကိုလည်း ဘယ်သူက လူရာဝင် အရေးတယူ လုပ်မလဲ။ အတူတူ ရုန်းကန်မယ်ဆိုရင်လည်း ပညာ မတတ်သူနှစ်ယောက်ပေါင်းရဲ့ ရုန်းကန်မှုဟာ ဘယ်လောက် ထိရောက်မလဲ။ထမင်းရေ အတူ လျက်ရလျက်ရ ဆိုတဲ့သူတွေ ဘယ်လောက်ကြာကြာ ထမင်းရေ အတူ လျက်နိုင်ကြမလဲ။

နောက် ဥစ္စာကသာ မရှိပေမယ့် သာသမီးတွေကတော့ နှစ်နှစ် တစ်ယောက်နှုန်းလောက် တိုးပွားလာမှာ အမှန် …
ဒီအချိန်မှာ ငါ ပညာကောင်းကောင်း ရှာခဲ့ရင် .. ငါ့သား ငါ့သမီးတွေ တင့်တောင်တင့်တယ်၊ ကျောင်းကောင်းကောင်းထားနိုင်လောက်ပေရဲ့လို့ နောင်တရသူတွေလည်း အများသားပင်။

ဒီတော့ အချုပ်အားဖြင့် ဆိုရသော် ပညာ ၊ ဥစ္စာ ၊ အချစ် ဒီသုံးခုမှာ အရင်ဆုံး ဦးစားပေးသင့်တာက ပညာပါ။ နောက်
ဥစ္စာ။ ပြီးလျှင် ကြင်ယာဆိုပါတော့။ တစ်ခါတလေ ပညာ ဥစ္စာ ပြည့်စုံတာနဲ့ ကြင်ယာဘက်က အလိုလို ရှိပြီးသားတောင်ဖြစ်တတ်ပါတယ်။ တကယ်တော့ ပညာက ပဒေသာပင်ပါဘဲ။ ပညာတတ်လေ ဘ၀လမ်းကြောင်း ကောင်းလေ ဖြစ်ပါတယ်။
Credit: နတ်စည်တော် (Shwemom)