Hosen
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီအား စွပ်စွဲထားသော အသရေဖျက်မှုတွင် ၎င်းအနိုင်ရပါက ဆမ်ရိန်ဆီ၏ အိမ်ခြံမြေများကို သိမ်းယူပြီး အတိုက်အခံပါတီ ရုံးချုပ်ကိုလည်း ရောင်းပစ်မည်ဟု ဇန်န၀ါရီ ၃၁ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

ဟွန်ဆန်သည် သူ၏ ၃၂ နှစ်ကြာ အာဏာချုပ်ကိုင်ထားမှုကို တိုက်ဖျက်ရန် ကြိုးပမ်းနေသော အတိုက်အခံ ခေါင်းဆောင်
များကို တရားရေး စိန်ခေါ်မှုများ ဆက်တိုက် ဆောင်ရွက်ထားပြီး ဆမ်ရိန်ဆီကိုလည်း အသရေဖျက်မှုဖြင့် ဒေါ်လာတစ်သန်း ရလိုကြောင်း တရားစွဲထားသည်။

အကြွင်းမဲ့ အာဏာကို ရယူထားသူ ဟွန်ဆန်သည် ယခုနှစ်အတွင်း ဒေသန္တရ ရွေးကောက်ပွဲများနှင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံများကို ဖိအားပေးရန် ကြိုးပမ်းနေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားထားသည်။ ဆမ်ရိန်ဆီ၏ လွန်ခဲ့သော သီတင်းပတ်များစွာက ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် ဟွန်ဆန်သည် လာဘ်စားသူဖြစ်ကြောင်း စွပ်စွဲခဲ့မှုအတွက် ဟွန်ဆန်က အသရေဖျက်မှုဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

“စီရင်ချက်ကို ကျွန်တော်က စောင့်ဆိုင်းနေပါတယ်။ အဲဒီ အချိန်ကျရင် ကျွန်တော်က ငွေတွေယူမှာပါ။ ကျွန်တော် ဒေါ်လာတစ်သန်း တောင်းထားတယ်” ဟု ဟွန်ဆန်က ပါလီမန် အစည်းအဝေးတွင် ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

“အဲဒီ ပါတီဌာနချုပ်ကို ဆမ်ရိန်ဆီရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတယ်လို့ ကျွန်တော် ကြားပါတယ်။ အဲဒီတော့ ပါတီဌာနချုပ်ကို လေလံပစ်ပါမယ်” ဟု ဟွန်ဆန်က ပါလီမန်တွင် ပြောကြားခဲ့သည်။ ထို့ပြင် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီ၏ ကိုယ်ပိုင်အိမ်ကိုလည်း သိမ်းယူပြီး ရောင်းချသွားမည်ဖြစ်ကြောင်း ဟွန်ဆန်က ထပ်မံပြောကြားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင်၏ အိမ်ခြံမြေနှင့် ပါတီဌာနချုပ်တို့ကို ရောင်းချရငွေများအား ချို့တဲ့သူများအတွက် အိမ်များဆောက်ရန် အသုံးပြုသွားမည်ဟု ဟွန်ဆန်က ပြောကြားခဲ့သေးသည်။

ပြင်သစ်တွင် နေထိုင်နေသော ဆမ်ရိန်ဆီသည် တရားစွဲဆိုမှု အမြောက်အမြားနှင့် ရင်ဆိုင်နေရပြီး ပြည်ပမှ ပြန်လာနိုင်ဖွယ် မရှိသေးပေ။ ဆမ်ရိန်ဆီ၏ ကမ္ဘောဒီးယား အတိုက်အခံပါတီ Cambodia National Rescue Party (CNRP) မှ ပါတီခေါင်းဆောင်များအား နိုင်ငံရေးမှ ဖယ်ရှားရန်လည်း ဟွန်ဆန်က ကြိုးပမ်းနေပြီး နိုင်ငံရေးပါတီများ ဥပဒေကို ပြင်ဆင်ရန် အကြံပြုခဲ့ကြောင်း သိရသည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယား အစိုးရအဖွဲ့နှင့် စီးပွားရေးကို နက်နက်ရှိုင်းရှိုင်း ထိန်းချုပ်ထားပြီး ပြိုင်ဘက်များအား အညှာအတာ ကင်းမဲ့စွာ ပြုမူသည့် သမိုင်းရှိခဲ့သူ ဖြစ်သည်။ ပြည်တွင်းစစ်နှင့် ခမာနီအစိုးရ၏ လူမျိုးတုံး သတ်မှုကို ခံခဲ့ရသော ကမ္ဘောဒီးယားတွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့သည် ကြီးကြီးမားမား လိုအပ်နေပြီး သူ၏ ဖိနှိပ်မှုများက နိုင်ငံက လိုအပ်နေသော ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ဆောင်ကြဉ်းပေးကြောင်း ဟွန်ဆန်က ကာကွယ်ပြောကြားခဲ့သည်။

ဟွန်ဆန်နှင့် သူ၏ ဆွေမျိုးတို့သည် ၎င်းတို့၏ နိုင်ငံရေး အာဏာကို အထောက်အပံ့ ဖြစ်ရန်အတွက် ဆင်းရဲမွဲတေသော နိုင်ငံတွင် ဒေါ်လာ သန်း ၂၀၀ ရှိသော စီးပွားရေး အင်ပါယာကို တည်ဆောက်ထားကြောင်း ပြီးခဲ့သည့်နှစ်တွင် Global Witness က စွပ်စွဲထားသည်။ ကမ္ဘောဒီးယား အစိုးရက ယင်းစွပ်စွဲချက်ကို ပယ်ချခဲ့သော်လည်း အသေးစိတ် စွပ်စွဲချက်များကို တိုက်ရိုက် ရှင်းလင်းခဲ့ခြင်း မရှိပေ။

Ref: AFP
Credit;Eleven