လေယာဉ်ပျံကျနော် တစ်နေ့ အလုပ်ကိစ္စတစ်ခုရှိတာနဲ့ ဆီးတဲလ်ကနေ ဒဲလက်စ် ကို လေယာဉ်နဲ့ ခရီးထွက်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးမစတင်ခင်မှာပဲ laptop ကိုထုတ်ပြီး အလုပ်လုပ်ဖို့ ပြင်နေတုန်း ကလေး ၃ ယောက်နဲ့ အမေတစ်ယောက်တက်လာပါတယ်။ ငါ့ဘေးနား မကျပါစေနဲ့လို့ ကျနော်ရုတ်တရက် ဆုတောင်းမိလိုက်ပါ တယ်။ လေယာဉ်စထွက်တဲ့ အချိန်မှာတော့ နောက်ကနေ ကျနော့်ထိုင်ခုံကို ခြေထောက်နဲ့ခဏခဏ ကန်နေသလို ခံစားမိလို့ နောက်လှည့်ကြည့်တဲ့အခါ အိုး ခုနက သားအမိတွေက ကျနော့်နောက်တည့်တည့် မှာပါလား။ ကလေးတွေက ဆူညံနေတဲ့အပြင် ကျနော့် ထိုင်ခုံကိုပါ ခဏခဏတိုက်မိနေတော့ အာရုံစုစည်းလို့ မရတာနဲ့ အလုပ်က ဘာမှမပြီးပဲဖြစ်နေပါတယ်။
“ကလေးတွေဟာ တကယ်ပါပဲ၊ အရေးကြီးတဲ့အလုပ်ရှိတာ ကို ပြောလည်း သိတတ်မှာမဟုတ်ဘူး”လို့ စိတ် ညစ်ညူးစွာတွေးမိရင်းကနေ သူတို့ပြော စကားတွေကို နားထောင်နေမိပါတယ်။ ၉ နှစ်အရွယ် အလတ် ကောင်လေးက ပြတင်းပေါက်ကကြည့်ရင်း ၁၁ နှစ်အရွယ် သူ့အစ်မကို “ဒါ ဘယ်ရောက်ပြီလဲ၊ ဒါဘယ်နေ ရာလဲ”လို့ တတွတ်တွတ်မေး နေပါတယ်။ သူ့အမေက ၄ နှစ်ကလေးနဲ့ အလုပ်များနေပုံရကာ ဘာမှဝင် မပြောပဲ တိတ်ဆိတ်နေပါတယ်။ အစ်မလုပ်သူကလည်း မဖြေတတ်တော့ “နင်တိတ်တိတ်နေ၊ ဘေးလူတွေ အားနာစရာ” လို့ပြောနေပါတယ်။ ကျနော်လည်း စိတ်ညစ်သလိုဖြစ်နေရာက မသိစိတ်ကနေ ကလေးတွေကို ချစ်ခင်စိတ် နဲ့စကားပြောချင် စိတ်ဖြစ် လာပါတယ်။
ဒါနဲ့ ကျနော်လည်း အလုပ်ပျက်တဲ့အတူတူ စကားပြောမယ်ဆိုပြီး ၉ နှစ်ကောင်လေးကို အသင့်ရှိနေတဲ့ လေယာဉ်ခရီးစဉ်စာအုပ်ကို ယူပြပြီး ရှင်းပြပါတယ်။ မကြာခင်မှာ ဒဲလက်စ်ရောက်တော့မှာဖြစ်ကြောင်း ပြောပြပြီးနောက် ဆီးတဲလ်ကို လာရတဲ့အကြောင်းရင်းကို မေးကြည့်တဲ့အခါ ဆီးတဲလ်မှာ အလုပ်လုပ်နေ တဲ့သူတို့အဖေ နေမကောင်းလို့ ဆေးရုံကို သွားကြည့်တာဖြစ်ကြောင်း ပြောပြကြပါတယ်။ ၉ နှစ်ကောင် လေးက တခြားကိစ္စတွေမေးနေတာမို့ ကျနော်လည်း လေယာဉ်မောင်း အတွေ့အကြုံတွေ၊ တခြားခရီးသွား အတွေ့အကြုံတွေကို ပြောပြနေမိပါတယ်။
ခဏအကြာ ကျနော်က သူတို့အဖေ သက်သာပြီလား မေးမိတဲ့အခါ နှစ်ယောက်လုံးတိတ်ဆိတ်သွားပြီး “ဆုံးသွားပြီ” လို့ ကောင်မလေးက ပြန်ဖြေပါတယ်။ “အိုး..၀မ်းနည်းမိပါတယ်ကွယ်” လို့ ကျနော် ပြောတော့ ကောင်မလေးက “သမီးလည်း ၀မ်းနည်းပါတယ်၊ ဒါပေမဲ့ မောင်လေးတွေကို ပိုသနားတယ်၊ သူတို့က အရမ်းငယ်သေးတယ်လေ” လို့ပြောပါတယ်။ ကျနော်တို့ ဒဲလက်စ်ကို ရောက်လို့ ဆင်းကြတဲ့အခါ ကောင်လေးက လက်ဆွဲနှုတ်ဆက်ရင်း “ဆရာ့ကို ကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။
တကယ်တော့ အရေးကြီးတဲ့အလုပ်ဆိုတာ “ အချင်းချင်းဖေးမဖို့၊ နာကျင်စရာကြုံရတာတောင် ဆက်လက်သင်ယူ အသက်ရှင်သွားဖို့” ပဲ ဆိုတာ သင်ပြပေးသွားတဲ့ သူတို့လေးတွေကသာ ကျနော့်ရဲ့ “ဆရာ” တွေပါပဲ။

Credit to: Yangon Life