ပြည်လမ်းတွင်သာ ရေကစားမဏ္ဍပ်များဆောက်လုပ်ခွင့်ရမည်

၂၀၁၇ ရန်ကုန်မဟာ သင်္ကြန်ပွဲတော်တွင် အများပြည် သူနှင့်မသက်ဆိုင်သည့် ကိုယ်ပိုင် ခြံဝင်းများ၌ စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုမည် ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော် ပန်းသဉ္ဇာမျိုးက ပြောသည်။

မတ်လ ၂၃ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အ စည်းအဝေးသို့ တက်ရောက်စဉ် 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အများပြည်သူနှ င့် သက်ဆိုင်သော နေရာများ တွင် စီးပွားဖြစ် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုမည်မဟုတ် ကြောင်း ဝန်ကြီးက ပြောသည်။

‘‘ပြည်လမ်းမှာရှိတဲ့ ခါတိုင်း ကျင်းပနေကြတဲ့ မဏ္ဍပ်တွေအား လုံးက ပုံမှန်အတိုင်းပဲ ခွင့်ပြုတယ်။ အဲဒီမဏ္ဍပ်တွေက စီးပွားဖြစ်လုပ် ကိုင်လို့မရဘူး။ အများပြည်သူ ပျော်ရွှင်ဖို့အတွက် ဖြစ်ပါတယ်။ သို့သော်ငြားလည်း ကိုယ့်အိမ်ရာ ဝင်းထဲမှာ ခြံကြီးအကျယ်ကြီးထဲ မှာ သီးသန့်ကျင်းပမယ့်သူတွေ အဲဒါမျိုးက စီးပွားဖြစ်အနေနဲ့ နိုင် ငံတကာ ဒီအနုပညာရှင်တွေဖိတ် ခေါ်ပြီးတော့ ရေကစားတာတော့ မဟုတ်ဘူးပေါ့နော်။ ခြံကြီးဝင်းကြီးထဲမှာ ပြုလုပ်ချင်တဲ့ သူတွေက ပွဲတော်ကျင်းပတာမျိုး ကျင်းပခွင့် ပြုပြီးတော့ စတိတ်ရှိုးတို့ ဘာတို့ ကျင်းပသလိုမျိုးပဲ’’ဟု ဝန်ကြီးနော် ပန်းသဉ္ဇာမျိုးက ပြောသည်။

ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်ခြင်းမရှိသည့် မြေနေရာများ တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုခြင်းမှာ တိုင်း ဒေသကြီးအနေဖြင့်လည်း ဘဏ္ဍာ ငွေ ပိုမိုရရှိနိုင်ရေးဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ရေ ကစားမဏ္ဍပ်များ ကို ပြည်လမ်း တွင်သာ ဆောက်လုပ် ခွင့်ပြုမည် ဖြစ်ပြီး ကမ္ဘာအေးဘုရား လမ်းနှင့် ကန်တော်ကြီး ပတ်လမ်း တို့တွင် ရေကစား မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပြုမည်မဟုတ်ကြောင်း၊ စီးပွား ဖြစ်မဏ္ဍပ်များဆောက်လုပ်မည့် သူများသည် တိုင်းအစိုးရအဖွဲ့ထံ ပွဲ   မိန့်တင်ရမည်ဟု   နော်ပန်း သဉ္ဇာမျိုးကပြောသည်။

‘‘သီးသန့်နေရာမှာ စီးပွားဖြစ် လုပ်တဲ့သူတွေ အကုန်အခွန် ကောက်မယ်။ မြေနဲ့ပတ်သက်တဲ့ လူရှိရင် မြေခွန်၊ လက်မှတ်မှာ တစ်ခါတည်း အခွန်ကောက်မယ်။ ခရိုင်လေးခုမှာ မနှစ်ကလိုပဲ ခွင့်ပြုတဲ့ ဟာတွေ အကုန်ခွင့်ပြုတယ်။ အဲဒါ တွေ အကုန်လုံးက စီးပွားဖြစ်တွေ မဟုတ်ဘူး။ သီးသန့် မဏ္ဍပ် ဆောက်ချင်သူတွေ က နှစ်ခု လောက်ပဲ ရှိသေးတယ်’’ဟု ဝန် ကြီးက ပြောသည်။

သင်္ကြန် မဏ္ဍပ် စည်းကမ်း ချက်အနေဖြင့် ယခင်နှစ်က ၄၄ ချက်သာ ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်တွင် စည်းကမ်းချက် ၄၅ ချက်အထိ ထုတ်ပြန်မည်ဟု ၎င်း က ပြောသည်။

‘‘စီးပွားဖြစ် မဏ္ဍပ်တွေ ပြန် ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုလုပ်လိုက်တော့ ပိုက်ဆံရှိတဲ့သူ တွေ၊ ပိုက်ဆံတတ်နိုင်သူတွေ ပို ပျော်ရတာပေါ့။ ပိုက်ဆံမရှိတဲ့ သူ တွေကတော့ ပြည်လမ်းက မဏ္ဍပ် တွေမှာပဲ ပျော်ကြပေါ့။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက စီးပွားဖြစ် မဏ္ဍပ်တွေမှာ သီးသန့််သွားပျော် ကြပေါ့။ အဲဒီပုံစံမျိုးဖြစ်နေတယ်’’ ဟု လမ်းမတော်မြို့နယ်နေ ကိုရဲ လင်းထွန်းက ပြောသည်။

‘‘မနှစ်ကလည်း ကျွန်တော် တို့က ပြည်လမ်း မှာပဲ ဆောက် တာ။ ဒီနှစ်လည်း ပြည်လမ်းမှာပဲ ဆောက်မှာ။ ကျွန်တော်တို့ကကျ တော့ စီးပွားဖြစ်မဏ္ဍပ်ဆိုတာ ထက် သူတို့ရဲ့ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လုပ်တယ်။ စပွန်ဆာရှာတယ်။ သင့်တင့်မျှတတဲ့ ဈေးပေါ့။ စီးပွားဖြစ်ဆိုတာထက် မဏ္ဍပ်ဆောက်တဲ့အခါမှာ ကျွန် တော်တို့က မြေငှားခတွေရှိတယ်။  အခြားငှားခတွေရှိတယ်ပေါ့။ သူ တို့တွေအတွက် ပြန်ကာဖို့အတွက် ပဲလုပ်တာပါ။ ဖြစ်နိုင်ရင်တော့ တစ်နှစ်မှ တစ်ခါကျတဲ့ သင်္ကြန်ဆို တော့ အရင်နှစ်တွေလို စည်စည် ကားကားလေးဖြစ်ချင်တာပေါ့’’ ဟု ပြည်လမ်းတွင် Exodus ရေ ကစားမဏ္ဍပ်ဆောက်လုပ်မည့် ကိုမင်းခန့်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ရန်ကုန် သင်္ကြန်ပွဲတော်တွင် စီးပွားဖြစ် ရေကစားမဏ္ဍပ်များကို ဆောက် လုပ်ခွင့်မပြုခဲ့ပေ။ ရန်ကုန်သင်္ကြန် တွင် မဏ္ဍပ်ကြီး ၁၉ ခုရှိသည့်အ နက် ပြည်လမ်းတွင်  မဏ္ဍပ်ကြီး ၁၂ ခုရှိသည်။ ရေပက်ခံသူများအ နေဖြင့်လည်း အခြားလည်ပတ်စ ရာ နေရာနည်းပါးခဲ့၍ ပြည်လမ်း ကန်ပေါင်ရှေ့သို့သာ လာရောက်  ရေပက်ခံကြပြီး ရန်ကုန်တစ်မြို့ လုံးအနေဖြင့် ယာဉ်ကြောပိတ်ဆို့ မှု ယခင်နှစ်ကထက် လျော့နည်း ခဲ့သည်။

Credit:7dayDaily