ဦးကုမာရတစ်ဖြစ်လဲ ရဟန်းလူထွက် ကိုချမ်းငြိမ်းကို ဘာစီလိုနာမြို့ လမ်းမပေါ်တွင် တွေ့မြင်ရစဉ်။  အောင်ရှင်/ မြန်မာတိုင်း(မ်)ဦးကုမာရတစ်ဖြစ်လဲ ရဟန်းလူထွက် ကိုချမ်းငြိမ်းကို ဘာစီလိုနာမြို့ လမ်းမပေါ်တွင် တွေ့မြင်ရစဉ်။  အောင်ရှင်/ မြန်မာတိုင်း(မ်)
ဦးကုမာရတစ်ဖြစ်လဲ ရဟန်းလူထွက် ကိုချမ်းငြိမ်းကို ဘာစီလိုနာမြို့ လမ်းမပေါ်တွင် တွေ့မြင်ရစဉ်။  အောင်ရှင်/ မြန်မာတိုင်း(မ်)ဦးကုမာရတစ်ဖြစ်လဲ ရဟန်းလူထွက် ကိုချမ်းငြိမ်းကို ဘာစီလိုနာမြို့ လမ်းမပေါ်တွင် တွေ့မြင်ရစဉ်။  အောင်ရှင်/ မြန်မာတိုင်း(မ်)

”ဘာစီလိုနာရောက်တာ ခုနစ်နှစ်အတွင်း ပထမဆုံး မြန်မာတစ်ယောက်ကို တွေ့ဖူးတာပဲဗျ”
လို့ဆိုလာသူက လူပျံတော်(ရဟန်းလူထွက်) တစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းကို။

ဘာစီလိုနာမြို့ ပက်ဆေ့ဒီဂါရီးယား ရပ်ကွက်က ဟိုတယ်ရှေ့မှာ မပြန်ခင်ညပိုင်းက
မြန်မာတစ်ယောက်နဲ့ တွေ့ဆုံဖို့ချိန်းလိုက်သည်။ အမေရိကားရောက် အသိတစ်ယောက်ဆီက
တစ်ဆင့် ဘာစီလိုနာမှာ မြန်မာ တစ်ယောက်ရှိနေတယ်ဆိုတာ သိလိုက်ရတော့
တွေ့ချင်စိတ်ဖြစ်မိသည်။ မြန်မာတွေရှိတယ်လို့ မကြားဖူးသည့် ဥရောပတောင်ပိုင်းက
မြို့တစ်မြို့မှာ မြန်မာတစ်ယောက် ရှိနေတယ်ဆိုတော့ နည်းနည်းအံ့သြမိသည်။ဘာစီလိုနာက ဘားတွင် ကိုချမ်းငြိမ်းကိုနှင့် စကားပြောဖြစ်ခဲ့သည်။  အောင်ရှင်/ မြန်မာတိုင်း(မ်)

ကိုယ့်အကြာင်းနဲ့ကိုယ် မအားကြသည်မို့ မပြန်ခင်တစ်ရက်တွင်မှ တွေ့ဖြစ်ကြခြင်းဖြစ်သည်။
ဟိုတယ်ရှေ့လမ်းမပေါ် အသားခပ်လတ်လတ်၊ အရပ်မနိမ့်မမြင့် အာရှသား ရုပ်နဲ့လူတစ်ဦးကို
လှမ်းမြင်လိုက်ရကတည်းကကိုယ်နှင့် တွေ့ဖို့ချိန်းဆိုထားသည့် မြန်မာဖြစ်သည်ကို သေချာ
သိနေခဲ့သည်။ ညစာစားပြီးချိန်ဖြစ်သည့်အတွက် တစ်ခုခု သောက်ရင်းစကားပြောရန်
နှစ်ယောက်သား လမ်းလျှောက်ထွက်ခဲ့သည်။

”ပြောပါဦး ဘယ်လိုဖြစ်ပြီး ဘာစီလိုနာရောက်နေတာလဲ။ စပိန်မနဲ့ ရနေတာလား”ဟု
စကားစလိုက်သည်။

ကိုချမ်းငြိမ်းကိုသည် မူလက သာသနာ့အနွယ်ဝင် ရဟန်းတစ်ပါးဖြစ်သည်။ အကြောင်းစုံစွာဖြင့်
ဘာစီလိုနာမြို့ရောက်ပြီး ခုနစ်နှစ်တာ သောင်တင်နေခြင်းဖြစ်သည်။ မကွေးတိုင်းဒေသကြီး
အတွင်း မင်းဘူးမြို့နယ်ထဲကကျေးရွာသားတစ်ဦးဖြစ်သည်။ ပထမကြီးအောင်ပြီး ဓမ္မာစရိယ
စာချတမ်းတက်ရောက်ရန် မန္တလေးမြို့ရှိ ပဋိယတ္တိစာသင်တိုက်ကြီးတစ်ကျောင်းသို့
ရောက်ရှိခဲ့သည်။

မန္တလေးမြို့မှာ ရဟန်းစာဝါလိုက်ရင်းအားလပ်ချိန်များတွင် အင်္ဂလိပ်စာလေ့လာသည်။
အင်္ဂလိပ်စကားပြော တတ်မြောက်ကျွမ်းကျင်လိုသောကြောင့် မန္တလေးတောင်ပေါ်သို့
သွားရောက်ကာ နိုင်ငံခြားသား ခရီးသည်များနှင့် အင်္ဂလိပ် စကားပြောလေ့ကျင်လေ့ရှိသည်။
မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းတွင်လည်းကွန်ပျူတာနှင့်
ပညာရေးဆိုင်ရာ သင်တန်းများ တက်ရောက်ဖူးသည်။ မန္တလေးတောင်ပေါ်တွင်
အင်္ဂလိပ်စကားပြော လေ့ကျင့်ရင်း စပိန်နိုင်ငံက ခရီးသည်အချို့နှင့် ကိုချမ်းငြိမ်းကို
ရင်းနှီးကျွမ်းဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပညာဒါနကျောင်းအလှူလုပ်ရန် စပိန်ဧည့်သည်များလည်း မကြာခဏ
မြန်မာနိုင်ငံပြန်လာလေ့ရှိသည်။ သုံးခေါက်မြောက်တွင် စပိန်မိတ်ဆွေများက ဦးကုမာရ
(ကိုချမ်းငြိမ်းကို)ကို စပိန်နိုင်ငံအလည်လိုက်ရန် ဖိတ်ခေါ်လေသည်။ ဦးကုမာရလည်း
ရန်ကုန်ဆင်းပြီး ပတ်စပို့ (နိုင်ငံကူးလက်မှတ်) လျှောက်ခြင်း၊ စပိန်ပြည်ဝင်ခွင့်ဗီဇာ
လျှောက်ထားခြင်းတို့ကို ဆောင်ရွက်လေသည်။ တစ်နှစ်ကျော် နှစ်နစ်နီးပါးအချိန်မှသာ
စပိန်ဗီဇာရရှိခဲ့သည်။

ဓမ္မစရိယ စာမေးပွဲမအောင်သဖြင့် စာချဆရာတော်မဖြစ်သော်လည်း မန္တလေးမြို့နေ
ရဟန်းဦးကုမာရ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကိုရောက်ရှိခဲ့လေသည်။ ”စပိန်စကားမတတ်ဘူး။
အင်္ဂလိပ်လိုပဲပြောတတ်တာ။ စပိန်စကားက ဒီရောက်မှ တတ်တာ”ဟု ဦးကုမာရ တဖြစ်လဲ
ကိုချမ်းငြိမ်းကိုက ဆိုသည်။

ဘာစီလိုနာမြို့ရောက်ပြီး တစ်လအကြာတွင် ဦးကုမာရ လူဝတ်လဲခဲ့သည်။ ”ရဟန်းဝတ်ကြီးနဲ့က
နေရာတစ်ကာ အဆင်မပြေဘူးလေ။ ကိုယ့်ခေါ်လာတဲ့ ဒါယိကာမနဲ့ကလည်း ရင်းနှီးနေပြီ”ဟု
ကိုချမ်းငြိမ်းကိုက ဖွင့်ဟသည်။

ငယ်နာမည်က ချမ်းငြိမ်း။ မိသားစုဝင်နာမည် ယူလေ့ရှိသည့် ဥရောပရောက်တော့ကို
တစ်လုံးထပ်ထည့်ရင်း ချမ်းငြိမ်းကိုဖြစ်ခဲ့သည်။ သို့သော်လည်း ဘာစီလိုနာက အပေါင်း
အသင်းတွေကတော့ ကုမာရဟုသာ အလွယ်ခေါ်ကြသည်။ ကိုချမ်းငြိမ်းကိုသည် ဘာစီလိုနာ
ရောက်ပြီး၊ ရင်းနှီးကျွမ်းဝင်သူ စပိန်နိုင်ငံသူနှင့် သမီးရည်းစားအဖြစ် တွဲခဲ့သည်။
ကိုချမ်းငြိမ်းကို၏ ရည်းစားစပိန်သူသည် ဘာစီလိုနာမြို့မှ ကီလိုမီတာ ၅ဝ ခန့်ဝေးသော
ကျေးရွာဒေသသူ ဖြစ်သည်။

”ရွာသူပေါ့။ အလုပ်ကတော့ ရပ်ကွက်ရုံးက အစိုးရဝန်ထမ်း။ စာရေးမပေါ့ဗျာ”ဟု
ကိုချမ်းငြိမ်းကိုက ဆိုသည်။ ”အေးပေါ့ဗျာ။ ရွာသူမို့ ဘုန်းကြီးကြိုက်တာပေါ့”ဟု
စကားထောက်တော့ ကိုချမ်းငြိမ်းကို တဟဲဟဲ ရယ်လေသည်။

ဘာစီလိုနာက ဘားတွင် ကိုချမ်းငြိမ်းကိုနှင့် စကားပြောဖြစ်ခဲ့သည်။  အောင်ရှင်/ မြန်မာတိုင်း(မ်)ဘာစီလိုနာက ဘားတွင် ကိုချမ်းငြိမ်းကိုနှင့် စကားပြောဖြစ်ခဲ့သည်။  အောင်ရှင်/ မြန်မာတိုင်း(မ်)

ကိုချမ်းငြိမ်းကိုက တစ်ချိန်က သူနေထိုင်ခဲ့ရာ ဘာစီလိုနာမြို့ပေါ် ရပ်ကွက်တစ်ခုကို
လမ်းလျှောက်ရင်း လိုက်ပြလေသည်။ ရပ်ကွက်ထဲက လမ်းကြိုလမ်းကြားများနှင့်
တိုက်တာအဆောက်အအုံများက ကိုချမ်းငြိမ်းကိုနှင့်အတော်ရင်းနှီးခဲ့ဟန်ရှိသည်။
ရပ်ကွက်ထဲက ဘားတစ်ခုတွင် နှစ်ယောက်သား ဝင်ထိုင်ဖြစ်သည်။ ဘာသောက်မလဲဟု
ကိုချမ်းငြိမ်းကို မေးတော့ ကော့တေးပဲ သောက်တာပေါ့ဟု စကားပြန်မိသည်။
ကိုချမ်းငြိမ်းကိုကတော့ ဘီယာပုလင်းသေးတစ်လုံး မှာသောက်သည်။

ကိုချမ်းငြိမ်းကိုက ဘားကောင်တာကလူနှင့် ရင်းနှီးဟန်ရှိသည်။ သူနေထိုင်ခဲ့ရာ
ရပ်ကွက်မို့ထင်သည်။ ကိုချမ်းငြိမ်းကိုဟန်က ပေါ့ပေါ့ပါးပါး သွားနေကျ၊ လာနေကျ
ပုံစံမျိုးဖြစ်သည်။ လူအနည်းငယ်သာရှိသော ဘားထဲတွင် ကိုချမ်းငြိမ်းကိုက
မြန်မာစကားတွေ တဝကြီးပြောတော့သည်။

ဘာစီလိုနာရောက်ရောက်ချင်း ခြောက်လလောက် သင်တန်းတွေ တက်ဖြစ်သည်ဟု
ဆိုသည်။ တရားဝင်မဟုတ်သော်လည်း အပေါင်းအသင်းများနှင့် ဘာစီလိုနာက
တက္ကသိုလ်တွေထဲအထိ အတန်းလိုက်တက်ဖြစ်သည်ဟု ဆိုသည်။ စပိန်စကားလည်း
စသင်ဖြစ်သည်ဟု ဆိုသည်။

”အစပိုင်းက စပိန်စကားသင်ရတာ အတော်ခက်တယ်။ သူပြောတာ ကိုယ်နားမလည်၊
ကိုယ်ပြောတာ သူနားမလည်နဲ့၊ ဒီမှာက ကတ်လလန်စကားလည်း ညှပ်ပြောကြတယ်”ဟု
ကိုချမ်းငြိမ်းကိုက ဆိုသည်။ (ဘာစီလိုနာမြို့သည် ကတ်တလန်စကားပြော လူမျိုး
အများဆုံးနေထိုင်ရာဒေသဖြစ်သည်)

ဘာစီလိုနာရောက်ပြီး ရည်းစားသက်တမ်းတစ်နှစ်ကျော်ကျော်အချိန်တွင် ကိုချမ်းငြိမ်းကိုနှင့်
စပိန်သူ သူ့ရည်းစားတို့ လမ်းခွဲဖို့ဖြစ်လာသည်။ ယဉ်ကျေးမှုမတူညီသည့်
ကမ္ဘာ့တစ်ဖက်ခြမ်းဆီကဖြစ်တာကြောင့် ရေရှည်နားလည်မှု မရရှိနိုင်ဘဲ လမ်းခွဲဖြစ်ခဲ့ကြသည်။
အလုပ်အကိုင်မရှိ၊ ဒေသဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု မရှိသည့် ကိုချမ်းငြိမ်းကို
တစ်ယောက် ဘာစီလီုနာမြို့မှာ တစ်ယောက်တည်းရုန်းကန်ဖို့ ဖြစ်လာသည်။

”စပိန်မနဲ့ ခွဲလိုက်တယ်ဆိုတာကလည်း ကိုယ့်ဆီမှာလို ချစ်ခြင်းမေတ္တာတွေ ဘာတွေအခြေခံတာ
မဟုတ်ဘူးလေ။ ဒီလိုပဲ အဆင်မပြေတဲ့အခါ လမ်းခွဲလိုက်ကြတာပဲ”ဟု ကိုချမ်းငြိမ်းကိုက
အေးဆေးစွာ ဆိုလေသည်။

ဘဝရပ်တည်ရေးအတွက် ကိုချမ်းငြိမ်းကိုကြိုးစားရုန်းကန်ခဲ့ရသည်။ အလုပ်ရဖို့ သင်တန်းတွေ
တက်ရသည်။ ”အလွယ်တကူ အလုပ်ရနိုင်တာက အချက်အပြုတ် သင်တန်းပဲရှိတာလေ။
ကောင်းကောင်းမွန်မွန် မတတ်ကျွမ်းပေမဲ့ သင်တန်းဆင်း လက်မှတ်လေးနဲ့ စားသောက်ဆိုင်
တစ်ဆိုင်မှာ အလုပ်စရတယ်။ လစာမကောင်းဘူး။ အလုပ်ကအရမ်းပင်ပန်းတော့
နောက်ပိုင်းထွက်လိုက်တယ်။ ဒီကြားထဲ ဟိုလိုလို ဒီလိုလို အချိန်ပိုင်း လုပ်ပေါ့”ဟု
ကိုချမ်းငြိမ်းကိုက ဆိုသည်။

လုပ်ငန်းခွင်ထဲတွင် ရင်းနှီးခဲ့သော ဖိလစ်ပိုင်လူမျိုးတစ်ယောက်ထံမှ ကိုချမ်းငြိမ်းကို
ဆူရှီထမင်းလိပ်နည်း တတ်မြောက်ခဲ့သည်။

”အဲဒီအလုပ်က လစာကောင်းတယ်။ နောက်ပိုင်းမှာ ဘာစီလိုနာမှ မလုပ်တော့ဘူး။
ကျွန်းပေါ်သွားလုပ်တယ်”ဟု ကိုချမ်းငြိမ်းကိုက ပြောသည်။ မြေထဲပင်လယ်ထဲမှ စပိန်အစိုးရပိုင်
မာရော့ကာကျွန်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ကိုချမ်းငြိမ်းကို ဆူရှီထမင်းလိပ်အလုပ်
သွားလုပ်ခြင်းဖြစ်သည်။

”အဲဒီမှာ ခြောက်လလောက်လုပ်ပြီး ဘာစီလိုနာမှာ ပြန်နားတယ်။ အခုလေးလလောက်
အလုပ်နားထားတယ်။ ဧပြီလောက်မှပြန်လုပ်မယ်”ဟု ကိုချမ်းငြိမ်းကိုက ပြောသည်။

”ဒီမှာက ကျန်းမာရေးကိစ္စ ပူစရာမလိုဘူးလေ။ အခမဲ့ပဲ။ နောက်ပြီး အလုပ်မလုပ်တဲ့အချိန်
ဒါမှမဟုတ် အလုပ်မလုပ်နိုင်တဲ့အချိန်မှာ ထောက်ပံ့ကြေးပေးတယ်။ အလုပ်တုန်းက
အခွန်ဆောင်ရတယ်။ အဲဒါကို အလုပ်သမားရုံးမှာ သွားလျှောက်ပြီး ပြန်ထုတ်လို့ရတယ်။
အခု ကျွန်တော်မလုပ်မရှိဘူး။ ဒါပေမဲ့ ဝင်ငွေတော့ရှိတယ် ဆိုတဲ့သဘောပေါ့”ဟု ကိုချမ်းငြိမ်းကိုက
ရှင်းပြသည်။

ဘာစီလိုနာမြို့၌ ကိုချမ်းငြိမ်းကို၏ ပထမဆုံးအလုပ်တွင် လစာယူရိုငွေ ၇ဝဝ သာရခဲ့သော်လည်း
လက်ရှိတွင် လစာယူရိုငွေ ၁,၆ဝဝ ရသောအလုပ်ကို ကိုချမ်းငြိမ်းကိုလုပ်ကိုင်နေခြင်းဖြစ်သည်။
ဘာစီလိုနာတွင်တခြားနိုင်ငံများမှ ပညာလာရောက်သင်ကြားနေသည့် ကျောင်းသားများ၊
လာရောက်အခြေချသူ အလုပ်သမားများနှင့်အတူကိုချမ်းငြိမ်းကိုက တိုက်ခန်းငှားရမ်း
နေထိုင်ခြင်းဖြစ်သည်။

”အများဆုံး အတူနေဖြစ်တာကတော့ ဂျာမနီတွေပဲ။ သူတို့နဲ့က အဆင်ပြေတယ်။ ဒီမှာ အာရှကဆို
ဖိလစ်ပင်း (ဖိလစ်ပိုင်)တွေအများဆုံးပဲ။ သူတို့နဲ့ ရောကြည့်တယ်။ ကြာလာတော့ အဆင်မပြေတာနဲ့
တစ်ယောက်တည်းပဲ နေဖြစ်တယ်”ဟု ကိုချမ်းငြိမ်းကို က ဆိုသည်။

စကားပြောရင်း သောက်လက်စကုန်တော့ နောက်တစ်နေရာသွားရအောင်ဟုဆိုကာ နောက်ထပ်
ဘားတစ်ခုကို ပြောင်းထိုင်းဖြစ်သည်။ လူနည်းနည်းပိုစည်သည့် ဘားဖြစ်သည်။ ဂျာမနီက
ဒီဂျေသမားတစ်ယောက် ခေါ်ထားသည့်အတွက် လူတစ်ယောက်က ဝင်ကြေးနှစ်ယူရို
တောင်းခံလေသည်။ ကိုချမ်းငြိမ်းကိုက ဒီမှာ ခဏလာသောက်တာ၊ ပြီးရင်ပြန်မှာဟု
ပြောရင်း ဝင်ကြေးပေးဖို့ အတော်အတန် ငြင်းဆိုသော်ငြားလည်း နောက်ဆုံးတွင် နှစ်ယောက်စာ
လေးယူရိုပေးရင်း ဘားမှာထိုင်ဖြစ်သည်။ ဘားကောင်တာက မိန်းကလေးက ကိုချမ်းငြိမ်းကို၏
အသိမိတ်ဆွေဖြစ်သည်။

”သူက ဘရာဇီးလ်က။ အရင်က စားသောက်ဆိုင်မှာ အတူတူလုပ်ဖူးတယ်”ဟု ကိုချမ်းငြိမ်းကိုက
ပြောသည်။

အလုပ်လုပ်လိုက်၊ အနားယူလိုက်ဖြင့် ဘာစီလိုနာမြို့တွင် တစ်ယောက်တည်းသော မြန်မာအဖြစ်
ကိုချမ်းငြိမ်းကို နေထိုင်လာခဲ့သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သည်။ ”၂ဝ၁ဝ မှာစရောက်တယ်။
ရောက်ကတည်းက မြန်မာဆိုလို့ စပိန်တိုးရစ်ဂိုက် (စပိန် ဘာသာစကား ဧည့်လမ်းညွန်)
လုပ်ရင်း စပိန်နဲ့ရပြီး ဒီရောက်နေတဲ့ မြန်မာမလေး နှစ်ယောက်ပဲ တွေ့ဖူးတယ်။ နောက်ပိုင်းလည်း
သူတို့လည်း မတွေ့ဖြစ်ဘူး”ဟု ကိုချမ်းငြိမ်းကိုက ဆိုသည်။

”ရေခြားမြေခြားမှာ တစ်ယောက်တည်း အမြဲတမ်းနေနေရတော့ မပျင်းဘူးလား။ အဖော်လေး
ဘာလေးမရှာဘူးလား။ အိမ်ထောင်ပြုဖို့ရော”လို မေးလိုက်တော့ ”ဒီလိုပဲ တစ်ယောက်မဟုတ်
တစ်ယောက်နဲ့ တွဲဖြစ်ပါတယ်။ ဒါပေမဲ့ ခဏပဲ၊ နောက်ပြီးရင် ကျွန်တော့်ကို နားလည်မှု
လွဲသွားတာမျိုးပဲ ကြုံရတယ်” ဟုကိုချမ်းငြိမ်းကိုက ဆိုသည်။

”ခု ကျွန်တော်မြန်မာရည်းစားထားချင်နေတယ်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါလောက်ဖြစ်ဖြစ်
အားရပါးရ ချစ်ကြည့်ချင်တယ်”ဟု ကိုချမ်းငြိမ်းက ညည်းတွားလေသည်။

အလုပ်အားလပ်ချိန်များတွင် ကိုချမ်းငြိမ်းကို ခရီးသွားလေ့ရှိသည်။ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန်
မလိုအပ်သောကြောင့် ဥရောပဒေသတွင်း နိုင်ငံအတော်များများကို ကိုချမ်းငြိမ်းကို ရောက်ဖူးပြီး
ဖြစ်သည်။

”အများဆုံးသွားဖြစ်တာကတော့ ဂျာမနီပဲ။သွားရတာလည်း လွယ်တယ်။ ဟိုမှာ အပေါင်းအသင်း
တွေလည်းရှိလို့”ဟု ဆိုသည်။

ကိုချမ်းငြိမ်းကို ၏ ဇာတိရပ်ရွာတွင် မိဘနှစ်ပါးနှင့် မွေးချင်းမောင်နှမများ ရှိသည်။ ဘာစီလိုနာကို
ရောက်စဉ်အချိန်ကတည်းက အဆက်အသွယ်ရှိသည်ဟုဆိုသည်။ တစ်ခါတစ်ရံ မိဘများထံ
လူကြုံဖြင့် ငွေကြေး ထောက်ပံ့လေ့ရှိသည်။

”အရင်တုန်းကတော့ ဆက်သွယ်ရခက်တယ်လေ။ ဖုန်းနဲ့ပဲပေါ့။ ခုတော့ ဖေ့စ်ဘွတ်ခ်တို့၊
ဗိုက်ဘာတို့ကနေ ပြောတယ်။ လူကြုံကတော့ အရမ်းရှားတယ်”ဟု ဆိုသည်။

ဘာစီလိုနာရောက်ပြီး ခုနစ်နှစ်ကြာသည်အထိ မြန်မာနိုင်ငံကို ကိုချမ်းငြိမ်းကို
ပြန်နိုင်ခြင်း မရှိသေးပေ။ ”ပြီးခဲ့တဲ့နှစ် ထိုင်းကိုရောက်တယ်။ မိဘတွေလည်း အဲဒီမှာပဲ
ခေါ်တွေ့ရတာပေါ့။ ပြန်ချင်တယ်။ ဒါပေမဲ့ ပြန်ထွက်ရင် ခက်မှာစိုးလို့ မပြန်ဖြစ်တာ”ဟု
ကိုချမ်းငြိမ်းကိုက လေးပင်စွာဆိုလေသည်။

လက်ရှိတွင် ကိုချမ်းငြိမ်းကိုက စပိန်နိုင်ငံသားအဖြစ် လျှောက်ထားပြီးဖြစ်သည်။
”နိုင်ငံသား လျှောက်ထားတာ တစ်နှစ်လောက်ရှိပြီ။ဘယ်လောက်ကြာမယ်တော့ မသိဘူး။
အနည်းဆုံး နှစ်နှစ်လောက်ကြာမယ် ထင်တာပဲ။ ဒီမှာ တောင်အမေရိ (လက်တင်
အမေရိက)နိုင်ငံသားတွေနဲ့ ဖိလစ်ပိုင်ဆိုရင် မြန်တယ်။ ဘာလို့ဆို သူတို့က စပိန်စကားပြော
စပိန်ကိုလိုနီနိုင်ငံတွေမို့လေ”ဟု ကိုချမ်းငြိမ်းက ပြောသည်။

ဘာစီလိုနာမှာ သောင်တင်ရင်း ကိုချမ်းငြိမ်းကိုရဲ့ ဘဝရှေ့ရေးက မသေချာမှုတွေ
ရှိနေသော်လည်း မြန်မာနိုင်ငံမှာထက် အခြေအနေကောင်းသည်ဟု ခံယူထားသည်။

”ဒီမှာက အဆင်ပြေတယ်လေ။ နိုင်ငံသားဖြစ်မှပဲ မြန်မာပြည်ပြန်ဖို့ စိတ်ကူးထားတယ်။ ဟိုမှာ
ပြန်လာနေချင်တယ်။ ဒါပေမဲ့ ဘာလုပ်ကိုင်ရမယ်ဆိုတာ မသေချာဘူးလို့ထင်တယ်” ဟု
ဆိုသည်။

ဘာစီလိုနာမြို့ပေါ်က ဘားတစ်ခုမှာ ဒီဂျေသံနားထောင်းရင်း ကိုချမ်းငြိမ်းကိုနှင့်စကားတွေတဝကြီး
ပြောလိုသော်လည်း နံနက်စောစော လေယာဉ်ဖြင့် ပြန်ရမည်မို့ စကားစဖြတ်ရင်း
နှုတ်ဆက်ရသည်။ ကိုချမ်းငြိမ်းကိုက ဟိုတယ်ရှေ့အထိ လိုက်ပို့သည်။ သူ့ကို အမှတ်တရ
ဓာတ်ပုံရိုက်ရင်း ”ဘာပဲဖြစ်ဖြစ် ကျန်းမာရေးတော့ အထူးဂရုစိုက်ဗျာ” ဟု နှုတ်ဆက်
စကားဆိုဖြစ်သည်။

ထိုနေ့ညက ကိုချမ်းငြိမ်းကိုတစ်ယောက် အဆိုပါဘားကိုပြန်သွားပြီး တစ်ယောက်တည်း
မိုးလင်သည်အထိ ထိုင်သောက်နေဖြစ်ခဲ့သည်ဟု ဆိုသည်။

Credit: The Myanmar Times