family
Affectionate family reading book together lying on the floor

အမေ လုပ်တဲ့သူက စကားတစ်ခုခုပြောလိုက်ရင် ကလေးက အမေပြောတာကို သေသေချာချာနားထောင်တယ်။ ကလေးက ဘာဖြစ်လို့ အမေပြောတာကို သေသေချာချာနားထောင်တာလဲ?
ဘာဖြစ်လို့လဲဆိုတော့ အမေ က ကလေး ပြောတာကို သေသေချာချာ နားထောင် ပေးတတ်လို့ပါ။
အဲဒါကို မစဉ်းစားမိကြဘူးနော်။ အဲဒါ အရေးအကြီးဆုံးအချက်ပါ။ ကလေးတွေက ငါပြောရင် နားမထောင်ဘူးဆိုပြီး ငြီးတဲ့ဒကာမကြီးတွေဆိုရင် ဘုန်းကြီးက သိပြီ။ ဒီဒကာမကြီးက ကလေးတွေပြောတာကို ဘယ်တော့မှ သေသေချာချာ နားမထောင်ဘူး။ ကလေးက ပြောလို့ စကားမဆုံးသေးဘူး။ အမေကပြောပြီ။
ကိုယ့်စကားကို သူများ နားထောင် စေချင်တယ်ဆိုရင် ကိုယ်ကလည်း သူများပြောတာကို နားထောင် ပါ။ ကိုယ်ကအရင် အဲဒါကို အလေ့အကျင့် လုပ်ပေးပါ။
ကလေး တွေဟာ တဖြေးဖြေး ပိုသိလာတယ်။ ပိုတတ်လာတယ်။ စဉ်းစားတတ်လာတယ်။ အကောင်းအဆိုးကို ဝေဖန်တတ်လာတယ်။ အဲဒါ ဘယ်လိုလုပ်ဖြစ်လာသလဲ။ ကလေး တစ်ယောက် mature ဖြစ်လာဖို့၊ တကယ်သိလာတဲ့ ကလေး တစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံးအချက်က ဘယ်အချက်ဖြစ်မယ်ထင်သလဲ။
အရေးအကြီးဆုံးအချက်က စဉ်းစဉ်းစားစားပြောပြီး စဉ်းစဉ်းစားစား နားထောင်တတ်တဲ့ လူကြီးနှင့် စကားပြောဖို့။ အဓိကကတော့ အမေ ပေါ့။ ကလေး ငယ်ငယ်လေး စကားပြောတတ်ခါစမှာ အနားမှာ အမေပဲရှိမှာပေါ့နော်။ ဒါပေမယ့် အခုခေတ်က အမေလည်း အနားမှာမရှိဘူး။ အဖေ လည်း အနားမှာ မရှိပဲနှင့် ဉာဏ်သိပ်မရှိတဲ့ ကလေးထိန်းနှင့် အနားမှာ နေရတယ်။ အဲလိုပြောလိုက်တော့ ကလေးထိန်းကို ဘုန်းကြီးက အပြစ်တင်သလို ဖြစ်သွားပြီ။
ဒါကြောင့် ကလေးထိန်း ခေါ်မယ်ဆိုရင် တကယ်ပညာတတ်တဲ့သူကို ခေါ်ပါ။ ပိုက်ဆံ ပေးရတာ သက်သာတဲ့ ကလေးထိန်း သွားမခေါ်ပါနဲ့။ ကိုယ့်ကလေးကို ဖျက်ဆီးတာပဲ။ ကိုယ့်ကလေးရဲ့  အင်မတန်နုနယ်တဲ့၊ ဖွံ့ဖြိုးနေတဲ့ brain ကို ရပ်တန့်သွားအောင် လုပ်လိုက်တာပဲ။
ကလေးတင်မက လူကြီးတစ်ယောက်ကို ပိုပြီးတော့ ဉာဏ်ရှိတဲ့ လူကြီးဖြစ်ချင်ရင် ဘယ်လိုလုပ်မလဲ။ လူကြီးဆန်တဲ့၊ ဉာဏ်ပညာရှိတဲ့၊ စိတ်ထားရင့်ကျက်တဲ့၊ စိတ်ထားမြင့်မြတ်တဲ့သူနှင့် စကားပြောပါ။
ဉာဏ်ကောင်းတဲ့ ကလေး ဖြစ်စေချင်ရင် ဘယ်လိုလုပ်ရမလဲ။ ကျောင်းအကောင်းဆုံးမှာ ထားလိုက်။ ထိပ်တန်းကျူရှင်ဆရာတွေနှင့် ထားလိုက်။ အဲလိုဆိုရင် အဲဒီကလေးက လောကအကြောင်း နားလည်မှာလား။ လူတွေအကြောင်းကို နားလည်မှာလား။ အကောင်းအဆိုး၊ အမှားအမှန်ကို သူခွဲခြားနိုင်မှာလား။ စာအုပ် ထဲမှာ ဘာတွေရှိတယ်ဆိုတာလောက်ပဲသိမယ်။ အသုံးတော့ဝင်ပါတယ်။ ဘာသာရပ်အမျိုးမျိုးတွေကိုတော့ တတ်လာမယ်။
ဒါပေမယ့် လူတစ်ယောက်ဟာ သူ့ဘ၀မှာ အရေးအကြီးဆုံးဟာ သူ့ကိုယ်သူနားလည်ဖို့နှင့် တခြားသူတွေအပေါ် သူနားလည်ဖို့ပါ။ အဲဒီလို သူ့ကိုယ်သူနားလည်ဖို့နှင့် တခြားသူကို နားလည်ဖို့ဟာ လူလူချင်း စကားပြောမှရတယ်။ ကိုယ့် emotion ကို သူ့ကိုသိအောင်ပြော။ သူ့ emotion ကို ကိုယ်က သိအောင် လုပ်မှရတယ်။
ကလေးတွေမှာ mirror neurons ဆိုတာဦးနှောက်ထဲမှာရှိတယ်။ အထူးသဖြင့် ကလေးတွေရဲ့  ဦးနှောက်မှာ အဲဒီ mirror neurons က အလွန်အားကောင်းတယ်။ mirror neurons ဆိုတာက ကလေးတစ်ယောက်ရှေ့ မှာ အခြားကလေးတစ်ယောက်ကငိုနေရင် အဲဒီကလေးက လိုက်ငိုတတ်တယ်။ (ကလေးတိုင်းတော့ ဟုတ်မယ်မထင်ပါဘူး။ တချို့ကလေးတွေတော့ ဖြစ်ချင်မှဖြစ်မယ်။) အဲလိုလိုက်ငိုတာ ဘာဖြစ်လို့လဲဆိုတော့ အဲဒီငိုနေတဲ့ကလေးရဲ့  ခံစားမှုကို သူက လိုက်ခံစားရတယ်။ သက်သာသွားအောင် လုပ်ပေးချင်တယ်။ ငိုရင်လည်း လိုက်ငိုမယ်။ မငိုရင်လည်း ကိုယ်ချင်းစာပေးတယ်။ အဲလိုကိုယ်ချင်းစာစိတ်၊ အတုယူတဲ့စိတ်ဟာ ကလေးတွေမှာ အားအကြီးဆုံးပဲ။
အိမ်မှာ မိဘနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် စကားသိပ်မပြောဘူး။ မတည့်ဘူး။ မျက်နှာ မှုန်မှုန်ကုပ်ကုပ်နှင့်နေတတ်တယ်။ ကလေးတွေ စကားလာပြောရင်လည်း စိတ်မရှည်ဘူး။ ကလေးနှင့် သေချာစကားမပြောဘူးဆိုပါတော့။ အဲဒီကလေး ကြီးလာရင် ဘာဖြစ်မလဲ။ မဖွံ့ ဖြိုးတော့ဘူး။ လူမှုရေးမှာ အင်မတန်ညံ့တဲ့ကလေး ဖြစ်သွားလိမ့်မယ်။ လူမှုရေးမှာ ကောင်းတဲ့ကလေးဟာ အပြင်လောကမှာ ပျော်တယ်။
ဘယ်လောက်ပညာတတ်တတ်။ လူမှုဆက်ဆံရေးမှာ ညံ့ရင် မရဘူး။ စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။ ဘယ်သူနှင့်တွေ့ရ၊ တွေ့ရ သူမပျော်တော့ဘူး။
ဘယ်သူနှင့်တွေ့တွေ့ လူကဲခပ်တတ်တယ်။ ပြောသင့်တာလေး ပြောတယ်။ အပေးအယူလေးကို ကောင်းကောင်းလုပ်တတ်တယ်။ ရိုးရိုးသားသား ဆက်ဆံတယ်ဆိုရင် သူ့မှာ ချစ်သူခင်သူပေါမယ်။ မိတ်ဆွေကောင်းတွေပေါမယ်။ ဆရာတွေနှင့်တွေ့ရင်လည်း ဆရာကောင်းတွေက သူ့ကိုချစ်မှာပဲ။ အလုပ်ထဲရောက်သွားရင်လည်း သူ့အထက်ကလူကြီးက စကားပြောလည်း မွန်မွန်ရည်ရည်နှင့် ယဉ်ယဉ်ကျေးကျေးပြောတတ်တယ်။ သူလုပ်သင့်တာ သူလုပ်သွားတယ်။ တာဝန်ကျေတယ် စသဖြင့်မြင်မယ်။
စိတ်ထားရင့်ကျက်တဲ့၊ mature ဖြစ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုတာ စာအုပ်ထဲက knowledge နှင့်မရဘူး။ ဘယ်လောက် technically ကျွမ်းကျင်တယ်ပြောပြော။ ဥပမာ ဆရာဝန် ဆိုပါတော့။ အဲဒီဆရာဝန်ဟာ လူနာနှင့် စကားမပြောတတ်ရင် ဆရာဝန် ကောင်း ဖြစ်မလာနိုင်ဘူး။ လူနာဟာ ဆရာဝန်ကို တွေ့တာနှင့် ရောဂါတစ်ဝက်သက်သာသွားမှ ဖြစ်မယ်။ လူနာ က ဆရာဝန် အပေါ်မှာ ယုံကြည်မှုရှိမယ်။လူလူချင်းဆက်ဆံရေးမှာ Trust မရှိရင် ဘာမှ မရှိတော့ဘူး။ သွားပြီ။
အဲလိုဖြစ်လာဖို့ဆိုတာ ငယ်ငယ်လေးတည်းက အမေ နှင့် သားသမီးနှင့်။ အဖေ လည်း အရေးကြီးပါတယ်။ တနေ့တနေ့ဖြစ်နိုင်ရင် အမြဲတမ်း အမေရော၊ အဖေရော၊ သားသမီးရော စုပြီးတော့ တစ်ခုခုလုပ်။ စား၊ စကားအပြန်အလှန်ပြော။ အဲလိုဆိုရင် ငါ့အမေက ငါဘယ်လိုခံစားရတယ်ဆိုတာကို သိတယ်။ တနေ့တနေ့ ငါဘာတွေတွေ့ခဲ့တယ်။ ဘာတွေကြုံခဲ့တယ်ဆိုတာကို အကုန်လုံးပြောပြလို့ရတယ်။ ငါ့အဖေကိုလည်း ပြောလို့ရတယ်။ ငါ့အဖေကလည်း ငါ့ကိုနားလည်တယ်။
တခါတလေ အဖေကတမျိုးနားလည်တယ်။ အမေက တမျိုးနားလည်တယ်။ မတူနိုင်ဘူး။ ဒါပေမယ့် ကလေးစိတ်ထဲမှာ မိဘက ကိုယ့်ကို နားလည်တယ်လို့ခံစားရတယ်။ ဘာဖြစ်လို့ ခံစားရလဲဆိုတော့ သူပြောတာကို အဖေနှင့် အမေက သေသေချာချာ နားထောင်တယ်။ ဒီလိုလား၊ ဟိုလိုလား။ ဘာဖြစ်ခဲ့လဲ။ မနေ့က ဟိုကိစ္စက ဘယ်လိုနေလဲ၊ အဆင်ပြေသွားသလား။ မပြေသေးဘူးဆိုလည်း ဘယ်လို မပြေဘူးလဲ။ ဘာလုပ်ရင် ကောင်းမလဲ ကလေး ကို ပြန်ဆွေးနွေးတယ်။ အဲဒီတော့ တစ်ယောက်ကို တစ်ယောက် နားလည်သွားတယ်။
တကယ်လို့ ကလေး က ပြောတဲ့စကား မဆုံးသေးဘူး။ အမေ က အရင် စိတ်ညစ်ပြလိုက်ပြီ။ စိတ်တိုပြလိုက်ပြီ။ ဒေါသဖြစ်ပြလိုက်ပြီ။ စကားကမဆုံးသေးဘူး။ အငေါက်ခံနေရပြီ။ အဲလိုဆိုရင် အဲဒီကလေးဟာ အမေကို ပြောလို့မဖြစ်ဘူး။ မပြောတော့ဘူး။ အဲလို မပြောတော့ရင် မရင့်ကျက်တော့ဘူး။ ကျောင်းမှာ စာဘယ်လောက်တော်တော်မရဘူး။
ဒါကြောင့် ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ဉာဏ်ရှိတဲ့သူ၊ အသိဉာဏ်ရင့်ကျက်တဲ့သူ၊ စဉ်းစားတတ်တဲ့သူ၊ အမှားအမှန်အကောင်းအဆိုးကို ခွဲခြားတတ်တဲ့သူ၊ လူမှုဆက်ဆံရေးမှာ အပေးအယူမှန်တဲ့သူ၊ သည်းခံနိုင်၊ ခွင့်လွှတ်နိုင်၊ နားလည်နိုင်၊ ရှေ့ ဆက် ကိုယ်လုပ်သင့်တာကို လုပ်သွားတတ်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဉာဏ်ရှိတဲ့သူ၊ စဉ်းစားတတ်တဲ့သူနှင့် စကားပြောမှရမယ်။ ငယ်တုန်းမှာတော့ အမေ၊ အဖေ။ ကြီးလာရင်တော့ အမေ၊ အဖေ လောက်နှင့် မရတော့ဘူး။ နောက်ထပ် ဉာဏ်ရှိတဲ့သူ၊ စဉ်းစားတတ်တဲ့သူကို ရှာရမယ်။ စကားပြောဖို့လိုပါတယ်။
Credit : ဆရာတော်ဦးဇောတိက