လိပ်ကျွန်းအယူခံတင်သွင်းမည့်အဖွဲ့ထိုင်းနိုင်ငံသို့ရောက်ရှိလာစဉ်(ဓာတ်ပုံ−မင်းဦး)
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦးအမှုအတွက် ထိုင်း နိုင်ငံ ဗဟိုတရားရုံးချုပ်သို့ အယူ ခံတင်ပြရန် မြန်မာနိုင်ငံမှ ဥပဒေ အကြံပေးအဖွဲ့သည် ထိုင်းနိုင်ငံ တွင် မတ်လ ၂၇ ရက်က ထိုင်းနိုင် ငံရှေ့နေများ ကောင်စီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဥပဒေအကြံပေးအဖွဲ့ဖြစ် သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချို အုန်းနှင့် မှုခင်းရဲတပ်ဖွဲ့ (CID)မှ ရဲမှူးကြီးစိုးနိုင်ဦးတို့သည် သေ ဒဏ်ကျခံနေရသော မြန်မာလုပ် သားနှစ်ဦးအမှုကို ထိုင်းနိုင်ငံဗဟို တရားရုံးချုပ်ထံ အယူခံဝင်တင်ပြ အကြံပေးရန် မတ်လ ၂၆ ရက်က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
မတ်လ ၂၇ ရက်နံနက်တွင် ဘန်ခွမ်အကျဉ်းထောင်ရှိ မြန်မာလုပ်သားနှစ်ဦးထံ ထောင်ဝင်စာသွားတွေ့ခဲ့ပြီး ယင်းနေ့ နေ့လယ်၌ မြန်မာလုပ်သားနှစ်ဦး၏အမှုကို အကျိုးဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

‘‘အယူခံပယ်ချလိုက်တဲ့အ ချက်တွေကို ကြည့်ပြီး အခု ဗဟို တရားရုံးမှာ ဘာတွေ တင်ပြမယ် ဆိုတာ ဆွေးနွေးတိုင်ပင်ကြတာ ပါ။ မြန်မာပြည်က လာတဲ့ ကိုယ် စားလှယ်အဖွဲ့ကလည်း ဘာတွေ တင်ပြကြမယ်ဆိုတာကို အကြံ ပေးတာပေါ့။ အခုလာမယ့် အယူ ခံတရားရုံးက ပွင့်လင်းမြင်သာမှု ရှိတော့ အန်ကယ်တို့ တင်ပြတဲ့ အချက်တွေနဲ့ဆို အဆင်ပြေမှာပါ’’ဟု ဦးအောင်မျိုးသန့်ကပြောသည်။

သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးအမှု ထိုင်း နိုင်ငံ ဗဟိုတရားရုံးချုပ်ထံ အယူခံ ဝင်ရန် ပြင်ဆင်ချိန် ရက်ပေါင်း ၃၀ အတွင်း မလုံလောက်သဖြင့် ရက်တိုးပေးရန် တောင်းဆိုမှုကို ထိုင်းအစိုးရက လက်ခံခဲ့သည်။

မြန်မာလုပ်သားနှစ်ဦးအမှု အကျိုးဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့သည် ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်သို့ အယူခံဝင်ရန် သတ်မှတ်ထားသည့် တစ်လအတွင်း အယူခံတင်သွင်းရန် ပြင်ဆင်ချိန်မလုံလောက်၍ အချိန်တစ်လ ထပ်မံတိုးပေးရန် တောင်းဆိုခဲ့သဖြင့် အစိုးရက ဧပြီ ၂၃ ရက်အထိ တစ်လ တိုးပေးထားသည်။

မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက မတ်လ ၇ ရက်တွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန၊ အရှေ့အာရှရေး ရာဌာန ညွှန်ကြားရေးမှူး Mr. Chatchai Viriyavejakul နှင့်ဆွေး နွေးခဲ့သည်။

သေဒဏ်ချမှတ်ခံထားရ သော မြန်မာလုပ်သားနှစ်ဦးအ တွက် အဆင့်မြင့်တရားရုံး (High Court)အယူခံကို သုံးလအတွင်း တင်သွင်းမည်ဖြစ်ပြီး လာမည့်အ ယူခံရုံးသည် ကောင်းမွန်သည့် ရလဒ်များထွက်ပေါ်လေ့ရှိသဖြင့် မြန်မာပြည်သူများ စိတ်မပူရန် မြန်မာလုပ်သားနှစ်ဦးအရေး အ ကျိုးဆောင်ပေးနေသော ထိုင်းနိုင် ငံရှေ့နေများကောင်စီဒုဥက္ကဋ္ဌ Mr.Damrongsak Kruakeaw က မတ်လ ၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားသည်။

မြန်မာလုပ်သားနှစ်ဦး၏ အယူခံကို ထိုင်းနိုင်ငံ၏ အယူခံ အောက်တရားရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချပြီး သေဒဏ် ကို ထပ်မံအတည်ပြုခဲ့သည်။
Credit: 7Day