north korea

အမေရိကန် စစ်တပ်ကလည်း မြောက်ကိုရီးယား ရဲ့ ဒုံးကျည်စမ်းသပ်မှုကို ထောက်လှမ်းနိုင်ခဲ့တယ် ဆိုပါတယ်။ ဒါပေမယ့် ဒုံးကျည်ဟာ ပစ်လွှတ် ပြီး ပြီးချင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ပေါက်ကွဲ သွားတယ်လို့ ပြောပါတယ်။
ဒုံးကျည် အမျိုးအစားနဲ့ ပစ်လွှတ်တဲ့ အရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စမ်းသပ်မှုကို မြောက်ကိုရီးယား အရှေ့ပိုင်းကမ်းခြေမြို့ ဝန်ဆင် မှာ ပြုလုပ်ခဲ့တာပါ။ ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ သဘောလို့ ယူဆရပါတယ်။ မြောက်ကိုရီးယားက ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ သူတို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်တာလို့ အမြဲတစေ ရှုမြင်လေ့ရှိပါတယ်။
မြောက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုတွေကို အကြိမ်ရေ တိုးမြှင့် လုပ်ဆောင် နေပြီး ဒါဟာ သူတို့ရဲ့ ဒုံးကျည် နည်းပညာ အဆင့်မြင့်တက်လာနိုင်ဖို့ကို ရှေးရှုတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဒီလဆန်းပိုင်းတုန်းကလည်း မြောက်ကိုရီးယားဟာ ပဲ့ထိန်း ဒုံးကျည် လေးစင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ၁,၀၀၀ ကီလိုမီတာ (၆၂၀ မိုင်) ရှိ ဂျပန်ပင်လယ်ထဲကို ကျရောက်စေခဲ့ပါတယ်။
ကုလသမဂ္ဂကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှု အားလုံးကို တားမြစ်ထားပါတယ်။
ဆိုးလ်နဲ့ ဝါရှင်တန် အစိုးရတွေကို ခြိမ်းခြောက်နိုင်စွမ်းတဲ့ ဒုံးကျည် စွမ်းရည် အဆင့် တခုရဖို့ မြောက်ကိုရီးယား ဟာ အတိုင်းအတာ တခုအထိ လိုသေးဆဲ ဖြစ်ကြောင်းကို ဒီနေ့ မအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုက ပြသနေတယ်လို့ ဆိုးလ်မြို့တော်က ဘီဘီစီ သတင်းထောက် စတီဗင်အီဗန်က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အကြာတုန်းက ဂျပန်ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် အရေအတွက်က အမှန်တကယ်မှာ ၅ စင်း ဖြစ်ပြီး ၁ စင်းက ပျက်ကျခဲ့ဟန်ရှိတယ်လို့ ပညာရှင်တချို့ကလည်း သုံးသပ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် တာဝေးဒုံးကျည်တွေ ပစ်လွှတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အပူချိန်မြင့်မားမှု ဒဏ်ခံနိုင်စွမ်းရှိ ပစ္စည်းကိရိယာကိုလည်း တီထွင်နိုင်စွမ်း မရှိသေးဘူးလို့ လေ့လာသူတွေက ယူဆကြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ နည်းပညာအရ တိုးတက်မှုတွေ ရှိလာပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အားကြီးတဲ့ ဒုံးကျည် အင်ဂျင်စမ်းသပ်မှု တခု သမိုင်းဝင် အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာနက တဆင့် ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုကို ဘက်မလိုက်တဲ့ အခြား ကျွမ်းကျင်သူပညာရှင် ဘယ်သူကမှတော့ အတည်မပြုသေးပါဘူး။
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုတွေ အားလုံးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်ရဲ့ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် နိုင်ငံတွေ ပါဝင်တဲ့ အရှေ့ အာရှ ခရီးစဉ်နဲ့လည်း အချိန်ကိုက်ဖြစ်နေပါတယ်။
မစ္စတာတေလာဆင်ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားကို ခြိမ်းခြောက် လာရင် မြောက်ကိုရီးယား အပေါ် စစ်ရေးအရ အရေးယူဖို့ နည်းလမ်းကို ရွေးချယ်ကောင်း ရွေးချယ်နိုင်တယ်လို့ ထုတ်ဖော် သတိပေးထားပါတယ်။
Credit: ဘီဘီစီမြန်မာပိုင်း